လူ ၁၂၂ ဦးနှင့်အတူ ပျောက်ဆုံးနေသည့် တပ်မတော်လေယာဉ်အား ဆက်လက်ရှာဖွေနေဆဲ

နေပြည်တော်၊ ဇွန် ၇

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပျောက်ဆုံးသွားသည့် လေယာဉ်အား ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ည ၁၀ နာရီခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော Y8 200 F အမျိုးအစား တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်၊ လေယာဉ်အမှတ်-၅၈၂၀ သည် စစ်သည်/မိသားစု ၁၀၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂ ဒသမ ၄ တန်ခန့် သယ်ဆောင်၍ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈,၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့အဆက်အသွယ်ပြတ်တောက်ပြီးနောက် မွန်းလွဲ ၂ နာရီမှစတင်၍ တပ်မတော်(လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ)မှ ရေယာဉ်များ၊ မြေပြင်တပ်များဖြင့် အဆိုပါလေယာဉ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သည့် မြောက်လတ္တီတွဒ် ၁၃ ဒသမ ၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၀၂ ဒီဂရီ နေရာတစ်ဝိုက်နှင့် လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်အချိန်တွင် ပင်လယ်ပြင်လှိုင်းလေ အတန်ငယ်ရှိသော်လည်း ညနေ ၆ နာရီခန့်တွင် ရာသီဥတု ကောင်းမွန်သွားသဖြင့် ဒေသခံရေယာဉ်များပါ ပူးပေါင်း၍ ရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ် ကိုးစီး၊ တပ်မတော်(လေ)မှ လေယာဉ် သုံးစီးနှင့် မြေပြင်တပ်များ နေရာဖြန့်ခွဲ၍ ဒေသခံရေယာဉ်များနှင့်ပါ ဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျောက်ဆုံးလေယာဉ်၏ အပိုင်းအစများနှင့် သေဆုံးသူ၊ အသက်ရှင်ကျန်ရစ်သူများအား တွေ့ရှိပြီဟူသည့် သတင်းများ ထွက်ပေါ်နေသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အတည်ပြုခြင်းမရှိပေ။

အဆိုပါ လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်း အသုံးပြုခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုခရီးစဉ်တွင် လေယာဉ်မောင်းနှင်ပျံသန်းချိန် ၃၁၆၂ နာရီ အတွေ့အကြုံရှိသည့် လေယာဉ်မှူးကြီး ယာယီ ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း၊ လေယာဉ်မောင်းနှင်ပျံသန်းချိန် ၃၁၆၁ နာရီရှိ တွဲဖက်လေယာဉ်မှူး ယာယီဒုတိယဗိုလ်မှူးကြီး စိုးသူဝင်းနှင့် လေယာဉ်မောင်းနှင်ပျံသန်းချိန် ၂၄၀၃ နာရီရှိ တွဲဖက်လေယာဉ်မှူး ဗိုလ်မှူး သန့်ဇင်ဌေး၊ ပျံသန်းရေး အင်ဂျင်နီယာ ဗိုလ်ကြီး ကျော်စိုးတို့က တာဝန်ယူ ပျံသန်းမောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၄ ဦးပါရှိပြီး လိုက်ပါလာသည့် ခရီးသည် ၁၀၈ ဦးမှာ အရာရှိ/စစ်သည် ၃၅ ဦးနှင့် မိသားစုဝင် ကလေး ၁၅ ဦး၊ လူကြီး ၅၈ ဦးတို့ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံထုတ် Y8 လေယာဉ်များသည့် စစ်ဘက်နှင့် အရပ်ဘက်သုံး ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ကာ တာဘိုအင်ဂျင်လေးလုံး တပ်ဆင်ထားပြီး မြန်မာ့လေတပ်က ခြောက်စင်းပိုင်ဆိုင်ထားသည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar