ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများနှင့် လူအခွင့်အရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ သြဂုတ် ၃၀ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေး ရရှိစေရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကြိုးပမ်းကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ဘန်ကီမွန်းသည် သမ္မတဦးထင်ကျော်အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံရန် စီစဉ်ထားသည်။
တွေ့ဆုံမှုများတွင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဘန်ကီမွန်းက ဆွေးနွေးသွားမည် ဖြစ်သည်။
“အဲဒီကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကပြောသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မူဆလင်ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားပြီး ဖိနှိပ်မှုများ ရှိနေကာ ဒုက္ခသည်စခန်းများတွင်သာ ထားရှိသည်ဟုဆိုပြီး မြန်မာအစိုးရအား ကုလသမဂ္ဂက ပြစ်တင်ဝေဖန်လေ့ရှိသည်။