လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ အားကောင်းလာစေရန် ကုလအရာရှိ တိုက်တွန်း

ဆန်းဦး

မြန်မာနိုင်ငံရှိ ထိရှလွယ်သည့် အခြေအနေအရှိဆုံး ဖြစ်နေသူများအား လူသားချင်း စာနာမှုဆိုင်ရာ အခြေခံ ဥပဒေများနှင့်အညီ အကူအညီပေးရေးလုပ်ငန်းများကို လူမျိုး၊ ဘာသာနှင့် နိုင်ငံသားဖြစ်မှုအား မခွဲခြားဘဲ ပေးအပ်ကြရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အဆင့်မြင့်အရာရှိက တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော အခြေအနေအရှိဆုံးလူများအား ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတော် အစိုးရ၊ ပြည်တွင်းအကူအညီပေးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ ဆောင်ရွက်သော လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်း၏ အဓိကအရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ရမည်” ဟု လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်အခြေအနေ ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး အာရ်ဆူလာမြူလာက မြန်မာနိုင်ငံသို့၎င်း၏ ခြောက်ရက်ကြာခရီးစဉ်အပြီးတွင် ပြောကြားသည်။

“အဆိုပါလူများအနေဖြင့် နိုင်ငံ၏ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ၎င်းတို့၏ လူမျိုး၊ ဘာသာ၊ နိုင်ငံသားဖြစ်မှု စသည်တို့နှင့် မသက်ဆိုင်စေဘဲ၊ ပဋိပက္ခများကြောင့် ထိခိုက်ခံစားရပြီး၊ ထိခိုက်လွယ်သည့် အခြေအနေရှိသူ မည်သူတစ်ဦးတစ်ယောက်မျှ လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနှင့် အကူအညီများကို လုံခြုံဘေးကင်းစွာ၊ ရေရှည်တည်တံ့စွာ လက်လှမ်းမှီရရှိမှု မရှိခြင်းမျိုး မဖြစ်စေရန်အတွက် အတူတကွ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်သော လမ်းကြောင်းတွင် မြန်မာနိုင်ငံရှိ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရပါ” ဟု ဧပြီ ၈ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ၎င်းက ပြောကြားသည်။

“လွန်ခဲ့သည့် နှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုှဆိုင်ရာ အကူအညီပေးရေး သွားလာခွင့်မှာ ရခိုင်ပြည်နယ်တွင်သာမက၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် သိသာထင်ရှားစွာ ဆုတ်ယုတ်သွားခဲ့ပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အသက်ကယ်ဆယ်ရေးအကူအညီများကို ဖြတ်တောက်လိုက်မည်ဆိုပါက ထိခိုက်ခံစားရမည့်သူများမှာ အကူအညီလိုအပ်နေသည့် လူသားများသာ ဖြစ်ပါသည်” ဟု မစ္စမြူလာက ပြောကြားသည်။

မစ္စမြူလာသည် ၎င်း၏ ခြောက်ရက်ကြာ ခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။ ပြည်ထောင်စု အစိုးရအဖွဲ့များနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်သည့်အခြေအနေ၊ စိန်ခေါ်မှုများနှင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခွင့် ရရှိခဲ့ပါသည်ဟု ကုလမသဂ္ဂ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မစ္စမြူလာသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့များသို့လည်း သွားရောက်ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ၊ အကူအညီပေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စခန်းအချို့သို့ ကျွန်မအနေဖြင့် သွားခွင့်ရခဲ့သော်လည်း၊ အမှန်တကယ် အရေးအကြီးဆုံးအရာမှာ ထိုဒေသများရှိ အကြမ်းဖက်မှုနှင့် ကန့်သတ်မှုများကြောင့် ထိခိုက်ခံစားရသူများအနေဖြင့် ၎င်းတို့ အရေးတကြီးလိုအပ်လျက်ရှိသော အကူအညီများ၊ ဝန်ဆောင်မှုများကို ၎င်းတို့ ကိုယ်တိုင် လက်လှမ်းမှီ ရရှိခွင့်ရရေးပင်ဖြစ်ပါသည်” ဟု မစ္စမြူလာက ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်နိမိတ် နှစ်ဘက်လုံးတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး၊ ထိုအခြေအနေများကြောင့် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံမဲ့ လူဦးရေအုပ်စုကို ထိခိုက်လျက်ရှိပါသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခတစ်ခုဖြစ်သော်လည်း မေ့လျော့ထားခြင်းခံရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်သည့် ဘေးဒုက္ခအခြေအနေတစ်ရပ်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ပဋိပက္ခများသည် အရပ်သားများ နေထိုင်သည့်နေရာများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ စခန်းများ အနီးတွင် ဖြစ်ပွားလျက်ရှိပြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လမ်းများ၊ ကွင်းပြင်များတွင် မြေမြှုပ်မိုင်းများ ချထားခြင်းကို ဆက်လက ်ပြုလုပ်နေကြကာ၊ လူများမှာ ၎င်းတို့၏ အိမ်များမှ ဆက်လက်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ဖြစ်ပါသည်။ ပဋိပက္ခတွင် ပါဝင်နေသောအဖွဲ့အားလုံးအား အရပ်သားများအနေဖြင့် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ၎င်းတို့အား ကာကွယ် စောင့်ရှောက်မှုကို သေချာစွာ ဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားပါသည်” ဟု မစ္စမြူလာက ပြောကြားသည်။

၂ဝ၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံကိန်းတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ လူဦးရေ ၈၃၂,ဝဝဝ တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈၃ သန်းကို တောင်းခံထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar