လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် တောင်းခံ

နေပြည်တော်၊ ဇန်နဝါရီ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် မထားတော့ဘဲ ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ဌာနတစ်ခုအဖြစ် ထားရှိရန် သမ္မတက သက်တမ်းသုံးရက်သာ ကျန်တော့သည့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို တောင်းခံခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းစသည့် လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ပြည်ထောင်စုဝန်ကြီးဌာနများ ပိုမို ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ခြင်းဖြင့် နိုင်ငံံဘဏ္ဍာငွေ ကုန်ကျမှုကို လျှော့ချနိုင်ရန်၊ နိုင်ငံတော်လုံခြုံရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးကိစ္စများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် နယ်စပ်ဒေသများမှ တရားမဝင် ခိုးဝင် ခိုးထွက်မှုများ၊ နိုင်ငံခြားသားများ တရားမဝင် ခိုးဝင် စိမ့်ဝင်မှုများအား ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် ဟန်ချက်ညီ ပူးပေါင်းကာကွယ် တားဆီးဆောင်ရွက်နိုင်ရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်စသည့် လုပ်ငန်း လိုအပ်ချက်များအရ ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖြစ် ထည့်သွင်းဖွဲ့စည်းရခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူနိုင်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ဇန်နဝါရီ ၂၂ ရက်၊ နေ့စွဲဖြင့် စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဇန်နဝါရီ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် အဆိုပါကိစ္စကို အကြိုညှိနှိုင်းဆွေးနွေးကြရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီတို့က ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး တက်ရောက်သူ အများစုက သဘောတူခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါကိစ္စကို တင်သွင်း ဆွေးနွေးချိန်တွင် ကန့်ကွက်သူများ ရှိလာခဲ့၍ မဲခွဲ ဆုံးဖြတ်ရမည်ဆိုလျှင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား ပါဝင် မဲထည့်ခွင့် မပြုသင့်ဟုလည်း ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားကြသည်။

ထိုကဲသို့ ပြောင်းလဲခဲ့ပါက လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်အားလုံးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် တပ်မတော်အရာရှိ ပြည်ထောင်စု ဝန်ကြီးတစ်ဦး၏ စီမံခန့်ခွဲမှု လက်အောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်၊ အမှတ် ၁ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီဝင် ဒေါက်တာအေးမောင်က အဆိုပါအချက်မှာ စိုးရိမ်ဖွယ်ဖြစ်သော်လည်း အမျိုးသား လုံခြုံရေးအတွက် ပိုမိုကောင်းမွန်နိုင်သည်ဟု ပြောသည်။

“စိုးရိမ်စရာ တစ်ခုတော့ ရှိတယ်။ ဖွဲ့စည်းပုံအရ လဝကကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ခန့်ရမယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒီသုံးခုကို တပ်ချုပ်က ခန့်ရတယ်။ အဲဒါလေး တစ်ခုကြောင့်တော့ စိုးရိမ်စရာရှိတယ်။ အမျိုးသားရေးတာဝန်အရတော့ ပြည်ထဲရေးဟာ လုံခြုံမှုနဲ့ပတ်သက်တဲ့ ဌာနဖြစ်ပါတယ်၊ တစ်မျိုးသားလုံး လုံခြုံမှု၊ နိုင်ငံသားတိုင်းလုံခြုံမှု၊ နိုင်ငံရဲ့ အနာဂတ် ဌာနဖြစ်လို့ အမျိုးသားရေးတွေဖြစ်တဲ့ အင်စတီကျူးရှင်းတစ်ခုက လဝကကို ပြည်ထဲရေးက ကြီးကြပ်တာက ပိုပြီးတော့ အမျိုးသားရေး လုံခြုံမှုရှိတယ်။ ပါတီတွေက ကြီးကြပ်တဲ့အခါမှာ White Card ပေးလာရင် ပါတီအောင်နိုင်ရေးအတွက် ဦးနုခေတ်မှာ ၅၀၀၀၀ သွင်းခဲ့တယ်။ တက်လာတဲ့အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ သူ့ရဲ့ အောင်မြင်မှုအတွက် လုပ်တယ်။ အင်မတန်မှ နိုင်ငံအတွက် အရေးကြီးပါတယ်။ မြေမျိုလို့ လူမျိုးမပျောက်ဘူး။ လူမျိုမှ လူမျိုးပျောက်မှာ။ ကျွန်တော်တို့ ပြန်သုံးသပ်တဲ့အခါမှာ ဒီဝန်ကြီးဌာနကို ကာကွယ်ရေး လက်အောက်ပေးလိုက်ရတာ၊ ပြည်ထဲရေးနဲ့ပေါင်းလိုက်ရတာ ဘာမှ ပြဿနာမရှိဘူး။ နိုင်ငံရေးပါတီတစ်ခုက ခန့်လို့ရတဲ့ ဝန်ကြီးဌာနဖြစ်ခဲ့လို့ရှိရင် ယိုပေါက်တွေ လက်ညှိးထိုးစရာ လွှတ်တော်မှာ ဖြစ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

အခု လွှတ်တော်က အင်မတန် ကပ်နေတဲ့ (သက်တမ်းကုန်ဖို့ နီးနေတဲ့) အချိန်ရောက်ပြီ။
သက်တမ်းကုန်နေတဲ့ အစိုးရကနေပြီးတော့
ဒီဌာန ပြောင်းလဲဖွဲ့စည်းတာက မလိုအပ်တဲ့ အချိန်ဖြစ်နေတယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုးကမူ ဝန်ကြီးဌာနများ ပေါင်းစည်းရေးမှာ ဖြစ်သင့်သော်လည်း လက်ရှိအချိန်တွင် မလုပ်သင့်တော့ဟု ပြောကြားသည်။

“ဝန်ကြီးဌာနတွေကို ပေါင်းစည်းဖို့အတွက် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကျွန်တော်တို့ တင်ပြဆွေးနွေးဖူးတယ်။ ချီးမြှင့်ငွေကိစ္စကအစ ဌာနကို လျော့ချဖို့၊ ပေါင်းစည်းလိုက်ဖို့ တင်ပြဘူးတယ်။ ဒါပေမဲ့ လွှတ်တော်ကရော အစိုးရကရော ဒါကို လက်မခံကြဘူး။ မဆွေးနွေးကြဘူး။ မဆုံးဖြတ်နိုင်ကြဘူး။ အခု လွှတ်တော်က အင်မတန် ကပ်နေတဲ့ (သက်တမ်းကုန်ဖို့ နီးနေတဲ့) အချိန် ရောက်ပြီ။ သက်တမ်းကုန်နေတဲ့ အစိုးရကနေပြီးတော့ ဒီဌာန ပြောင်းလဲဖွဲ့စည်းတာက မလိုအပ်တဲ့ အချိန်ဖြစ်နေတယ်။ ပြည်ထဲရေး လက်အောက် ရောက်သွားတယ်ဆိုတော့က တပ်အောက် ရောက်သွားတဲ့သဘောပဲ” ဟု ၎င်းကပြောကြားသည်။

“သြဂုတ်လပြီးတော့ ဦးခင်ရီ (လသကဝန်ကြီး) အငြိမ်းစား ယူသွားတယ်။ အဲဒီကတည်းက လဝကသည် ပြည်ထဲရေး လက်ထဲရောက်သွားတယ်။ အဲ့ဒီမှာ အရေးကြီးတဲ့ကဏ္ဍတွေ အခု သမ္မတကြီးရဲ့ သဝဏ်လွှာမှာလည်း ပါပါတယ်။ ကဏ္ဍကြီးသုံးခုပြန်ခွဲမယ်။ ငါးခုလောက် သမ္မတကြီးဘက်က ထောက်ပြတာရှိတယ်။ အဲဒီဟာတွေ ပြန်သုံးသပ်ရင် နယ်စပ်လုံခြုံရေး လူဝင်လူထွက် အကုန်လုံးဟာ စပ်ဆက်တဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခုနဲ့ ကာကွယ်ရေးယန္တရားတစ်ခုနဲ့ ဆက်စပ်ရင် ပိုပြီး လုံခြုံတာပေါ့” ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သော ဝန်ကြီးများ၏ လက်အောက်၊ တစ်နည်းအားဖြင့် တပ်မတော်၏ လက်အောက်သို့ ရောက်ရှိသွားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် အခက်အခဲရှိနိုင်ဖွယ်မရှိဟု ပြည်ခိုင်ဖြိုးပါတီဝင်၊ မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

“တပ်အောက်တော့ ရောက်သွားမယ်။ ကျွန်တော်ထင်တာကတော့ အစိုးရသစ်အတွက် ဘာမှမဖြစ်နိုင်ဘူး။ အကျပ်အတည်းလည်း မဖြစ်နိုင်ပါဘူး။ နောက်အစိုးရသစ်လက်ထက်ကျတော့လည်း သူတို့မကြိုက် ပြန်ခန့်လို့ရတာပဲ။ ဝန်ကြီးဌာနတွေ ဖွဲ့စည်းတာက ပုဒ်မ ၄၃၆ ရဲ့ အောက်မှာ မရှိတော့ လွှတ်တော်ထဲမှာ ၅၀ ရာခိုင်နှုန်းကျော်နဲ့ အချိန်မရွေး ပြန်ပြင်လို့ ရတာပဲ” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အစိုးရသစ် ဖွဲ့စည်းသည့်အခါ လက်ရှိဝန်ကြီးဌာနများ အရေအတွက်ကို ဆယ်ခုခန့်အထိ လျှော့ချသွားမည်ဟူသော သတင်းများလည်း ထွက်ပေါ်နေချိန်နှင့် ဝန်ကြီးဌာန တစ်ခုလျှော့ချပြီး အခြားတစ်ခုအောက်တွင် ထည့်သွင်း ဖွဲ့စည်းမှုကို လက်ရှိ အစိုးရအဖွဲ့သက်တမ်းကုန်ခါနီး၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် ပြင်ဆင်နေသည့် အချိန်မျိုးတွင် သမ္မတက အဘယ်ကြောင့် ယခုကဲ့သို့ဆောင်ရွက်ရသနည်းဆိုသည်နှင့် ထိုသို့ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုပေးရမည့် လွှတ်တော်၏ သက်တမ်းကုန်ရန်လည်း သုံးရက်မျှသာ လိုတော့သည့်အချိန်တွင် အဘယ်ကြောင့် ယခုလို အစောတလျဉ် ဆောင်ရွက်သနည်းဟူသည့် မေးခွန်းများလည်း ပေါ်ထွက်နေသည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar