လူမျိုးစုအလိုက် ရှင်းလင်းရေး လုပ်သည်ဟူသည့် စွပ်စွဲချက်ကို ဂျီနီဗာတွင် ဦးသောင်းထွန်း ပယ်ချ

အေအက်ဖ်ပီ

မြန်မာအစိုးရက ရိုဟင်ဂျာများကို လူမျိုးစုအလိုက် ရှင်းလင်းမှု လုပ်ဆောင်လျက်ရှိသည်ဆိုသည့် ကုလသမဂ္ဂ၏ စွပ်စွဲချက်အား မြန်မာအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင် ပယ်ချခဲ့သည်။

“မြန်မာနိုင်ငံမှာ လူမျိုးစုရှင်းလင်းရေးတွေ လုပ်နေတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက် တော်တော်များများကို ကြားရလေ့ရှိပါတယ်။ ဒါဟာ အစိုးရရဲ့ ပေါ်လစီမဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဂျီနီဗာရှိ ကုလသမဂ္ဂ၏ ဥရောပရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“သက်သေအထောက်အထား ခိုင်လုံနေပြီဆိုရင်တော့ ပြစ်မှုကျူးလွန်တဲ့သူတွေ၊ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ကျွန်တော်တို့ သေချာပေါက် အရေးယူမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်မှုများအတွက် ပြစ်မှုဆိုင်ရာစွဲချက်များ ပြင်ဆင်ရေး လုပ်ဆောင်ရမည့် အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ ဇိဒ်ရာအက်အယ်လ်ဟူစိန်က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။ ဆီးရီးယားပဋိပက္ခအတွက်လည်း အလားတူအဖွဲ့မျိုး ဖွဲ့စည်းထားသည်။

လူမျိုးတုံးသတ်ဖြတ်သည့် လုပ်ဆောင်ချက်များ ရခိုင်ပြည်နယ်တွင် ဖြစ်နိုင်ခဲ့ဖွယ်ရှိသည်ဟု ကောင်စီသို့ တင်ပြသည့် ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သြဂုတ်လက ရခိုင်ပြည်နယ်တွင် စစ်တပ်က နှိမ်နင်းမှုများ စတင်လုပ်ဆောင်စဉ်ကတည်းက နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာဦးရေမှာ ၇၀၀,၀၀၀ ခန့်ရှိပြီဟု ခန့်မှန်းထားသည်။

စစ်တပ်၏ ပြင်းထန်သည့် နှိမ်နင်းမှုကို ဖြစ်ပေါ်စေခဲ့သည့် ရိုဟင်ဂျာစစ်သွေးကြွများက မြန်မာလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုကို မြန်မာက အပြစ်တင်ခဲ့သည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်တုံ့ပြန်မှုက လူမျိုးစုအလိုက် ရှင်းလင်းရေးအသွင် ဆောင်နေကြောင်း ကုလသမဂ္ဂနှင့် အမေရိကန်တို့က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထိုအပိုင်းရှိ ကျေးရွာများတွင် မူဆလင်ဦးရေ အများအပြား ရှိနေဆဲဖြစ်သည်ဟု ဦးသောင်းထွန်းက ပြောကြားသည်။ အကယ်၍ လူမျိုးတုံးသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဆိုလျှင် မူဆလင်အားလုံး ထိုဒေသကို စွန့်ခွာ ထွက်ပြေးမည်ဟု ၎င်းကထပ်မံပြောကြားသည်။

“နယ်စပ်ဖြတ်ကျော် ပြေးခဲ့တဲ့လူတွေကို လက်ခံလိုတဲ့ အချက်ကိုက ကျွန်တော်တို့ဟာ သူတို့ကို နိုင်ငံကနေ မောင်းထုတ်ဖို့ အစီစဉ်မရှိဘူးဆိုတာ ပြသနေပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ အစဉ်အဆက် ဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာ တစ်သန်းကျော် ထွက်ပြေးလာခဲ့ပြီး နိုင်ငံတောင်ပိုင်းရှိ စုတ်ပြတ်နုံချာသော စခန်းများတွင် နေထိုင်နေကြရသည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar