ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ မြန်မာ ၁၉ ဦးကို ကယ်တင်လိုက်နိုင်ကြောင်း ထိုင်းနိုင်ငံပိုင် မီဒီယာနှင့် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုက ဇူလိုင် ၁၂ က ပြောကြားခဲ့သည်။
ထိုသို့ ကယ်တင်နိုင်ခြင်းမှာ ဒေသတွင်း ကြီးစိုးနေသည့် ရာဇဝတ်ကွန်ရက်များကို တိုက်ဖျက်ရာတွင် ရှားရှားပါးပါး အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီခရိုင်၏ ကမ်းလွန်တွင် အင်ဒိုနီးရှားအလံ လွှင့်ထူထားသည့် ငါးဖမ်းသင်္ဘောတစ်ခုပေါ်၌ ဖမ်းဆီးခံထားရသည့် မြန်မာ ၁၉ ဦးကို ဇူလိုင် ၁၀ ရက်နေ့တွင် ထိုင်းရဲများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။
သင်္ဘောပေါ်တွင် ရှိနေခဲ့သူအချို့၏ မိသားစုများက ၎င်းတို့ ခံစားနေရသော ဒုက္ခများအား အကူအညီ ပေးရေးအဖွဲ့တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံရှိ Myanmar Association သို့ သတင်းပို့ခဲ့ပြီးနောက် စီးနင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အသက် ၁၃ နှစ်အထိ ငယ်ရွယ်သူများပါဝင်သည့် လူကုန်ကူးခံရသူများမှာ ဘန်ကောက်တွင် အလုပ်ရမည်ဟု ဖျားယောင်းခေါ်ဆောင်ခံခဲ့ရပြီးနောက် ငါးဖမ်းသင်္ဘောတစ်ခုပေါ်တွင် ဖမ်းဆီး ပိတ်လှောင်ခံခဲ့ကြရခြင်းဖြစ်ကြောင်း အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဦးကျော်သောင်းက အေအက်ဖ်ပီကို ပြောသည်။
“အင်ဒိုနီးရှားကို ဦးတည်နေတဲ့ ငါးဖမ်းသင်္ဘောကို ရဲတပ်ဖွဲ့က ဝင်စီးတော့ အဲဒီမှာ မြန်မာအလုပ်သမား ၁၉ ဦးကို တွေ့ရှိခဲ့တယ်။ သူတို့ဟာ အဲဒီကို ရောက်နေတာ ၁၀ ရက်လောက်ရှိနေပြီ”ဟု ၎င်းက ဆိုသည်။ အခင်းဖြစ်ရာ နေရာတွင် မြန်မာပွဲစားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သုံးသပ်ချက်ပေးရန် ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။ သို့သော်လည်း စီးနင်းမှုက မြန်မာနိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အေအက်ဖ်ပီကို အတည်ပြုပြောကြားခဲ့သည်။
လုပ်ခလစာ မြင့်မားသည်ဆိုသည့် သွေးဆောင်မှုကြောင့် ဆင်းရဲသော မြန်မာလူမျိုး သန်းပေါင်းများစွာသည် ထိုင်းနိုင်ငံတွင်းရှိ စည်းမျဉ်းစည်းကမ်းနှင့် မညီသော စက်ရုံများတွင် အလုပ်လုပ်ကိုင်နေရပြီး မသမာသော အလုပ်ရှင်များ၏ အနိုင်ကျင့် ခေါင်းပုံဖြတ်မှုကို ခံစားနေကြရသည်။ ထိုင်းနိုင်ငံသည် ကာလကြာရှည်ကတည်းက လူကုန်ကူးမှု ဗဟိုဖြစ်နေခဲ့ပြီး တာဝန်ရှိသူများက မမြင်ချင်ယောင်ဆောင် သို့မဟုတ် ကိုယ်တိုင် ပါဝင်ပတ်သက်နေမှုဖြင့် လူကုန်ကူးမှုကို အားပေး ထောက်ကူလျက် ရှိသည်။
၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးကတည်းက ထိုင်းစစ်အစိုးရသည် နိုင်ငံ၏ ပုံရိပ်ကိုမြင့်တင်ရန် ကြိုးပမ်းနေပြီး လွန်ခဲ့သည့်နှစ်က လူကုန်ကူးသူများကို နှိမ်နင်းမှုပြုလုပ်ခဲ့ရာ အောင်မြင်မှုအချို့ ရရှိခဲ့သည်။
ကျွန်လုပ်သားများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည်ဟု ကာလကြာရှည် စွပ်စွဲခံနေရသည့် ဒေါ်လာဘီလျံများစွာ ရရှိနေသည့် ငါးဖမ်းကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲရန် ထိုင်းနိုင်ငံက ကြိုးပမ်းလျက်ရှိသည်။ သို့သော်လည်း ရာဇဝတ်ဂိုဏ်းများက အားနည်းသည့် ရွှေ့ပြောင်းလုပ်သားများကို လူကုန်ကူးရန် သို့မဟုတ် အဓမ္မခိုင်းစေရန် နည်းလမ်းများ ရှာကြံနေဆဲဖြစ်ကြောင်း ယခု နောက်ဆုံး စီးနင်းမှုက ပြသနေသည်။
သတင်း-အေအက်ဖ်ပီ