“လုံခြုံရေးအဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှု မရှိ”- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နေပြည်တော်၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ် လုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများက ဆောင်ရွက်နေရာတွင် လူ့အခွင့်အရေး ချိုးဖောက်များမရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြင်းဆိုလိုက်သည်။

“မိမိနိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်းနှင့် အဖွဲ့အစည်းများနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေကြောင်း” ၎င်းက ပြောကြားခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။ အကယ်၍ ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူ ဆောင်ရွက်မည်ဖြစ်သည်ဟု ၎င်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji Zulkifeli Bin Mohd Zain အား နေပြည်တော်၌ ယနေ့တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

အောက်တိုဘာလဆန်းပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးသည့်အချိန်က စတင်ကာ မူဆလင် ဘင်္ဂါလီအများစု နေထိုင်ကြသည့် အဆိုပါ ဒေသတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာက ရိုဟင်ဂျာဟု ခေါ်ဝေါ်ကြသည့် ဘင်္ဂါလီများအပေါ် အနိုင်အထက် ပြုကျင့်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက စွပ်စွဲထားကြသည်။

အစိုးရကမူ အဆိုပါ စွပ်စွဲမှုများကို ငြင်းဆိုထားပြီး ရဲစခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေခြင်းသာဖြစ်သည်ဟု ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လူပေါင်း ၁၀,၀၀၀ ခန့်ကျော် ထွက်ပြေးလာကြသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

အဆိုပါဒေသတွင်း ဖြစ်ပွားနေသည့် အခြေအနေမှန်ကို သိရှိစေရန်အတွက် လွတ်လပ်သည့် စုံစမ်းရေးသမားများနှင့် သတင်းထောက်များကို လွတ်လပ်စွာ သွားရောက်ခွင့်ပေးရန်လည်း အစိုးရကို နိုင်ငံတကာအဖွဲ့အစည်းများက တိုက်တွန်းထားကြသည်။

မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar