လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို လက်ခံကျေနပ်ခြင်းမရှိဟု မြန်မာအစိုးရတုန့်ပြန်

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးပြုလုပ်နေမှုကို ထိန်းချုပ်ရန်နှင့် အိုးအိမ်များ စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ထောင်ပေါင်းများသော မူစလင်များကို အိမ်ပြန်ခွင့်ပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တိုက်တွန်းချက်ကို မြန်မာအစိုးရက ပယ်ချလိုက်သည်။

တရုတ်နိုင်ငံအပါအဝင် ကောင်စီအဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်း ထောက်ခံခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထိုကြေညာချက်တွင် မူဆလင်ခြောက်သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးစေခဲ့သော အကြမ်းဖက်မှုကို လုံခြုံရေးကောင်စီအနေဖြင့် အပြင်းအထန်ရှုတ်ချသည်ဟု ဖော်ပြထားသည်။ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် အိမ်များ၊ အဆောက်အအုံများကို မီးရှို့ခြင်းကဲ့သို့ မူဆလင်များအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပါကြောင်းလည်း ကောင်စီက ထုတ်ဖော်ပြောကြားခဲ့သည်။

အရပ်သားအုပ်ချုပ်မှုအတိုင်းဖြစ်စေရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ရခိုင်ပြည်နယ်တွင် နောက်ထပ်စစ်အင်အား အလွန်အကျွံ မသုံးစွဲရန်လည်း ကောင်စီက မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။ ထိုကြေညာချက်ထဲတွင် လွန်ခဲ့သည့်လက ဗြိတိန်နှင့် ပြင်သစ်တို့က တင်ခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းတွင် ပါဝင်ခဲ့သည့် တောင်းဆိုချက်အများစု ပါဝင်သော်လည်း ထိုစဉ်က တရုတ်နိုင်ငံက ဆန့်ကျင်ခဲ့သည်။

ဆုံးဖြတ်ချက်ကို ပိတ်ဆို့ရန် တရုတ်က ဗီတိုအာဏာသုံးလိုသည်ဟု အချက်ပြခဲ့သော်လည်း ညိနှိုင်းမှုများပြုလုပ်စဉ်အတွင်း နောက်ဆုံးတွင် သဘောတူညီခဲ့သည်ဟု သံတမန်များက ပြောကြားသည်။ ပြီးခဲ့သည့် သြဂုတ်လနောက်ပိုင်းတွင် စတင်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးတစ်ခုကြောင့် မူဆလင်ခြောက်သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရာ လူမျိုးစုရှင်းလင်းရေးတစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂက ဖော်ပြခဲ့သည်။

စစ်ဆင်ရေးမှာ ရဲစခန်းများကို တိုက်ခိုက်ခဲ့သည့် မူဆလင်စစ်သွေးကြွများကို အမြစ်လှန်ပစ်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအာဏာပိုင်များက ပြောကြားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်သားများကို ရခိုင်ပြည်နယ်အတွင်း အပြည့်အဝ ဝင်ရောက်ခွင့်ပေးရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများက တောင်းဆိုခဲ့ပြီး နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးခြင်းဖြင့် အကျပ်အတည်း၏ ဇစ်မြစ် အကြောင်းရင်းများကို အစိုးရက ကိုင်တွယ်ရမည်ဟုလည်း ပြောကြားခဲ့ကြသည်။

သို့သော်လည်း ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်မည်ဟူသည့် ခြိမ်းခြောက်မှုများ ကြေညာချက်ထဲတွင် မပါဝင်ခဲ့ပေ။ ကြေညာချက်မှာ နိုင်ငံရေးအရ လွန်လွန်ကဲကဲ ဖိအားပေးခြင်းဖြစ်ပြီး ဘာသာရေးတင်းမာမှုများကို ပိုမိုဆိုးဝါးစေနိုင်သည်ဟု မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ကောင်စီသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြေညာချက်တွင် တောင်းဆိုခဲ့ပြီး အကျပ်အတည်းဆိုင်ရာ အထူးအကြံပေးတစ်ဦး ခန့်အပ်ရန်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်ကို တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများ အဆုံးသတ်သွားစေရန် အားကောင်း၍ တစ်ညီတစ်ညွတ်တည်းဖြစ်သော သတင်းစကားကို လုံခြုံရေးကောင်စီက ကြေညာချက်မှတဆင့် ဖော်ပြခဲ့သည်ဟု ပြင်သစ်သံအမတ်ကြီး ဖရန်ဆွာဒီလတ္တားက ပြောသည်။

“သူတို့ ဘယ်လိုပြုမူသလဲဆိုတဲ့အပေါ် မူတည်ပြီး မြန်မာကို ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ အတွင်းရေးမှူးချုပ်က အစီရင်မခံမီ သူတို့မှာ ရက် ၃၀ အချိန်ရပါတယ်” ဟုကုလသမဂ္ဂဆိုင်ရာ ဗြိတိန် ဒုတိယ သံအမတ် ဂျိုနသန်အားလင်က ပြောသည်။

အရေးယူဆောင်ရွက်ရေးနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက အချိန်ဆွဲနေသည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲလျက်ရှိပြီး ရက်စက်မှုများတွင် ပါဝင်သူများကို ဒဏ်ခတ်ရေးကိုလည်း တောင်းဆိုလျက်ရှိသည်။

သို့သော် မြန်မာအစိုးရက နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီ၏ ပြောကြားချက်ကို ရှုံ့ချလိုက်ပြီး မြန်မာအစိုးရအနေဖြင့် လက်ခံကျေနပ်ခြင်းမရှိဟု တုန့်ပြန်လိုက်သည်။

“ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ၏ လူမျိုး၊ ဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အကြပ်အတည်း ဖြစ်နေသောသူ အားလုံးထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်မှုကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့မှု အပါအဝင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြိုးပမ်းမှု အချို့အဝက်ကိုသာ အသိအမှတ်ပြုခဲ့သည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောင်စီ၏ ထုတ်ပြန်ချက်သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ရင်ဆိုင်နေရသော ပြဿနာများအား နှစ်နိုင်ငံ ဆွေးနွေးကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေရှင်းမှသာ အောင်မြင်မှု ရနိုင်သည်ဆိုသည့်အချက်ကို လျစ်လျူရှုထားခဲ့သည့်အပြင် နှစ်နိုင်ငံအကြား ချောမောစွာ သွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့် အန္တရာယ်ရှိနေသည်ဟု ဆက်လက်ဖော်ပြထားသည်။

“နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်သော အခြေအနေတစ်ရပ်နှင့် ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းအပေါ် မြန်မာအစိုးရအနေဖြင့် လက်ခံ ကျေနပ်ခြင်းမရှိကြောင်း ဖော်ပြအပ်ပါသည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar