လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု စွပ်စွဲမှုများကို အချိန်ယူ စစ်ဆေးရန်လိုဟု သံတမန်များ ပြောကြား

နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဒေသခံများအား လိင်ပိုင်းဆိုင်ရာအရ စော်ကားမှုများရှိနေသည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ၎င်းတို့ ခရီးစဉ်အတွင်း စစ်ဆေး အတည်ပြုခဲ့ခြင်းမရှိပဲ အချိန်ယူကာ စစ်ဆေးရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့သည့် သံတမန်အဖွဲ့က ပြောကြားသည်။

“မုဒိန်းကျင့်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေ၊ ဒါတွေကတစ်ဦးဦးကနေပြီး စွပ်စွဲပြောဆို လိုက်တယ်ဆိုတာက ရှိတယ်လို့ ပြောတာ ဖြစ်သွားသလို၊ ဒါတွေရှိမရှိကိုတော့ အဖွဲ့က မစစ်ဆေးနိုင်ခဲ့ဘူး။ ဒါတွေကအချိန်ယူပြီး စစ်ဆေးမှရမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှုး Ms Renata Lok-Dessallien ကပြောကြားသည်။

အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ စခန်းများအား အကြမ်းဖက်သူများက တိုက်ခိုက်ကာ ရဲတပ်ဖွဲ့များကို သတ်ဖြတ်ပြီး လက်နက်များ ယူဆောင်သွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က အဆိုပါဒေသတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်က ဒေသခံမူဆလင်များ၏ နေအိမ်များကို မီးရှို့ခြင်းနှင့် အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ပေါ်ထွက်လာခဲ့သည်။ ဒေသအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသည့် သတင်းများကြောင့် အဆိုပါဒေသသို့ သတင်းထောက်များနှင့် နိုင်ငံတကာတာဝန်ရှိသူများအား ဝင်ရောက်စစ်ဆေးခွင့်ပြုရန် ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီးနောက် အမေရိကန်၊ တရုတ်၊ ယူကေနှင့် အခြားနိုင်ငံများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ တာဝန်ရှိသူများသည် အစိုးရ၏ စီစဉ်ပေးမှုဖြင့် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၂ နှင့် ၃ ရက်နေ့များတွင် သွားရောက်လေ့လာခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကလည်း မြေပြင်သတင်း အချက်အလက် အမှန်အကန်ကို အားလုံးသိရှိနိုင်ရေးအတွက် သွားရောက်ခဲ့ခြင်းဖြစ်ကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို အတည်မပြုနိုင်ခဲ့ဟု Ms Renata က ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပြင်၊ အကြမ်းဖက်ဖြစ်စဉ်များကို သေချာလွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ အတည်ပြုပြောကြားရန် လိုအပ်သလို၊ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်နေရာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းမျာကို ဆောင်ရွက်ရန် လိုအပ်နေသည့် အချိန်ဖြစ်သည်ဟု သံတမန်အဖွဲ့က သုံးသပ်ထားကြသည်။

“လိင်ပိုင်းကိုအခြေပြု အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက စိတ်ပူပန်စရာဖြစ်ပါတယ်။ ကျွန်မတို့ဒါကို အစိုးရကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဘယ်လိုပြန်လည်ပေးအပ်ရမလဲဆိုတာကို အဓိကအားဖြင့် ဆွေးနွေးခဲ့ပါတယ်” ဟု Ms Renata ကပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟူသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍မူ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ရန် အစိုးရကို ၎င်းက တိုက်တွန်းလိုက်သည်။

အဆိုပါ ဒေသအတွင် လိုအပ်နေသည့် လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ရက်ပိုင်းအတွင်း စတင်ကူညီနိုင်ရေးကို ကြိုးပမ်းနေပြီး၊ အစိုးရကလည်း ကူညီနိုင်ရေးအတွက် ခွင့်ပြုထားပြီးဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ရဲစခန်းများအား တိုက်ခိုက်ခဲ့သူများမှာ ပြည်ပနှင့် အဆက်အသွယ်ရှိသည့် ရိုဟင်ဂျာမူဆလင် အကြမ်းဖက်သမားများဟု အစိုးရက ပြောကြားထားပြီး တိုက်ခိုက်သူများအားနှင့် ရဲစခန်းများမှ ပျောက်ဆုံးသွားသည့် လက်နက်များအား လိုက်လံရှာဖွေမှုများတွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကာ ဒါဇင်ပေါင်းစွာကိုလည်း ဖမ်းဆီးထားသည်။ ထို့ပြင် လူပေါင်း ၁၅,၀၀၀ ခန့်မှာ နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေရသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar