လာမည့်နှစ်နှစ်အတွင်း မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိ ကမ္ဘာ့ဘဏ် ကူညီမည်

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များအား ပြည်သူတိုင်း မျှဝေ ခံစားနိုင်ရေး ရည်မှန်းဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အား  နောက်ထပ်နှစ်နှစ် သက်တမ်းတိုး ဆောင်ရွက်သွားရန် မြန်မာအစိုးရနှင့် သဘောတူညီခဲ့ကြသည်။

ကမ္ဘာ့ဘဏ်က လက်ရှိဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်အား ပြန်လည်သုံးသပ်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဇွန် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လာမည့်နှစ်နှစ်အတွင်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်သည့် ရန်ပုံငွေဖြစ်သော ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လ ၁ ဒသမ ၂ ဘီလျံအထိ ဘဏ္ဍာရေး အကူအညီများနှင့် နည်းပညာ အကူအညီများ၊ အကြံပြုချက်များကို ရရှိနိုင်မည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်က မြန်မာနိုင်ငံအစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ ပြည်သူတိုင်း အကျိုးရရှိ ခံစားနိုင်ဖို့ နိုင်ငံတော်က ဦးစားပေး ဆောင်ရွက်နေတဲ့ ဦးစားပေးလုပ်ငန်းတွေဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အာဟာရ ပြည့်ဝစွာ ရရှိရေး၊ အခြေခံ အဆောက်အဦး မြှင့်တင်ရေး၊ အလုပ်အကိုင် ဖန်တီးပေးရေး လုပ်ငန်းတွေကနေတစ်ဆင့် ဆောင်ရွက်သွားနိုင်ဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ ဖြစ်သည့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အာဟာရ ပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်နိုင်ရေး၊ အခြေခံအဆောက်အဦး မြှင့်တင်နိုင်ရေး၊ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေး လုပ်ငန်းများအား ကမ္ဘာ့ဘဏ်အုပ်စု၏ ပံ့ပိုးမှုဖြင့် လာမည့် နှစ်နှစ်အတွင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အုပ်စု၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများဖြစ်သည့် IFC နှင့် MIGA တို့ကလည်း ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်အပေါ်မူတည်ကာ ငွေရေးကြေးရေး အကူအညီများကို ပေးအပ်သွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ဖွံ့ဖြိုးရေးခရီးလမ်းမှာ စစ်မှန်တဲ့ မိတ်ဖက်တစ်ဦးအဖြစ် ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ လာမယ့်နှစ်တွေမှာလည်း ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပံ့ပိုးကူညီမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေ ကိုယ်စားလှယ် အဗ္ဗဒူလာရေဆက်က ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ် ၁၄ ခုမှာ ဆွေးနွေးပွဲတွေ သွားရောက်ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲတွေကနေ တစ်ဆင့် ကြားသိလာရတာက ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ရလဒ်တွေ စတင်ဖြစ်ပေါ်နေတဲ့အပြင် ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေက အစိုးရသစ်နဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိနေတာကို တွေ့ခဲ့ရတဲ့အတွက်လည်း အင်မတန် အားတက်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ လက်ရှိ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာအား ပြန်လည် သုံးသပ်ခဲ့ရာ ကဏ္ဍ သုံးခုတွင် တိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့မှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စနစ်ယန္တရားများ ထိရောက်စေရန် မြှင့်တင်ရေးနှင့် အလုပ်အကိုင် ဖန်တီးပေးရန်အတွက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍအား မြှင့်တင်ရေးတို့ ဖြစ်ကြသည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ လူထုဗဟိုပြုစီမံကိန်းဖြင့် စာသင်ကျောင်းများ၊ လမ်းတံတားစသည့် အခြေခံ အဆောက်အဦးများ ပိုမိုကောင်းမွန်လာကြပြီး ပြည်သူ ၅ ဒသမ ၄ သန်းအတွက် အကျိုးရှိစေခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ကျောင်းသား တစ်သိန်းခွဲခန့် ပညာသင်ထောက်ပံ့ကြေးများ ရရှိခဲ့ကြပြီး ကျောင်းဆက်လက် တက်ရောက်နိုင်ခဲ့ကြသည်။ ထို့အပြင် ကမ္ဘာ့ဘဏ်က ပံ့ပိုးသည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် လူထုဗဟိုပြု စီမံကိန်းများကြောင့် ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိသည့် ပြည်သူပေါင်းများစွာ အကျိုးရှိခဲ့ကြသည်ဟုဆိုသည်။

ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးအတွက် IFC နှင့် MIGA အဖွဲ့အစည်းများက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံပမာဏနှင့် ညီမျှသည့် ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးနှင့် နည်းပညာ အကူအညီများ၊ အကြံပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အား ၂၀၁၅ ခုနှစ်က အတည်ပြုခဲ့ပြီးနောက် နှစ် ၃၀ အတွင်း ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော မဟာဗျူဟာတစ်ခု ဖြစ်လာခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar