ပြည်တွင်းအထည်ချုပ်အလုပ်သမားများသည် ဆန္ဒပြပွဲများ ဆက်တိုက်ဆင်နွှဲ၍ ၎င်းတို့၏ လုပ်ခလစာများ တိုးမြှင့်တောင်းဆိုခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ သို့သော် နိုင်ငံတကာအလုပ်သမားဥပဒေများကို ချိုးဖောက်နေသည့် စစ်ကောင်စီလက်အောက်တွင်မူ ထိုအောင်ပွဲများ၏ အသီးအပွင့်ရလဒ်များမှာ ရေရေရာရာ မရှိလှပေ။
ဖရွန်တီးယား
မေ၁၄ရက်၊ နံနက်ခင်းတွင် ယခင်က ကြားဖူးနေကျဖြစ်သော်လည်း နောက်ပိုင်းတွင် အလွန်ကြားရခဲသည့် ကြွေးကြော်သံများ ရန်ကုန်မြို့၏ တစ်ခုသော စက်မှုဇုန်အတွင်းမှ ထွက်ပေါ်လာသည်။
“လုပ်ခလစာ တိုးမြှင့်ပေး”ဟု အမျိုးသမီးတစ်ဦးက အော်လံမှတစ်ဆင့် အော်ဟစ်တိုင်တည်ပေးသည်။
“ချက်ချင်းပေး” “ချက်ချင်းပေး”ဟု ရာနှင့်ချီသော အလုပ်သမားများက နောက်မှလိုက်၍ အော်ဟစ်ကြွေးကြော်ကြသည်။
ထိုတောင်းဆိုသံများသည် ကမ္ဘာကျော် အားကစားဝတ်စုံကုမ္ပဏီ Adidas အတွက် ဖိနပ်များ ချုပ်လုပ်ပေးနေသည့် စက်ရုံတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ချန်းရီစက်ရုံမှ အလုပ်သမားအချို့ကမူ ဆန္ဒပြကြမည့်အကြောင်းကို ကြိုသိနေခဲ့ကြသည်။ အချို့အလုပ်သမားများမှာ ရုတ်တရက်အံ့ဩမှင်တက်သွားသော်လည်း အလျင်အမြန်ပင် စက်ရုံများမှ ထွက်လာကြပြီး ဆန္ဒပြသူများနှင့် ပူးပေါင်းလိုက်ကြသည်။ လက်တစ်ဆုပ်စာခန့် အလုပ်သမားများကသာ ငြိမ်ကုပ်၍ အလုပ်ဆက်လုပ်နေခဲ့ကြသည်။
၂၀၂၁၊ ဖေဖော်ဝါရီတွင် စစ်အာဏာသိမ်းပြီး မကြာမီ ပေါ်ပေါက်လာသည့် လူထုဆန္ဒပြပွဲများအတွင်း အမျိုးသမီးလုပ်သားထု အဓိကပါဝင်သည့် အထည်ချုပ်အလုပ်သမားများသည် ရှေ့တန်းက အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။ ထိုမှ သီတင်းပတ်အနည်းငယ် အကြာတွင် ချန်းရီစက်ရုံတည်ရှိရာ လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစားများနေထိုင်ရာ ရပ်ကွက်များတွင် စစ်တပ်က ဆန္ဒပြသူများကို အရက်စက်ဆုံးနည်းလမ်းများဖြင့် ဖြိုခွင်းခဲ့သည်။
ပြီးခဲ့သည့်လ၊ ဆန္ဒပြပွဲများဖြစ်ပေါ်ချိန်တွင် ထိုစက်ရုံရှိ ၆,၂၀၀ခန့်သော အလုပ်သမားများသည် အချိန်ပိုကြေးအပါအဝင် တစ်လလျှင် မြန်မာငွေ ကျပ်သုံးသိန်းမှ ကျပ်လေးသိန်းအထိသာ လုပ်ခလစာ ရရှိကြသည်။ အလုပ်သမားတစ်ဦး၏ တစ်လစာသည် ၎င်းတို့ နေ့စဉ်ချုပ်လုပ်ရသည့် ရှူးဖိနပ်တစ်ရံကိုပင် ဝယ်ယူရန် မလုံလောက်ပေ။
၎င်းတို့၏ နေ့စဥ်လုပ်ခသည် တစ်ရက်လျှင် ကျပ် ၅,၂၀၀ ကျပ် ဖြစ်ပြီး ထောက်ပံ့ကြေးမှာ ကျပ်၂,၄၀၀ ဖြစ်သည်။ မကြာသေးမီနှစ်များတွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာသဖြင့် စစ်ကောင်စီက စက်ရုံများကို အလုပ်သမားများအား ထိုထောက်ပံ့ကြေးများ မဖြစ်မနေ ပေးဆောင်စေခဲ့သည်။ သို့သော် တိုက်ရိုက်လစာတိုးမြှင့်ခြင်းမဟုတ်သဖြင့် အခြေခံလစာအပေါ် တွက်ချက်သည့် အလုပ်သမားများ ရရှိသော အချိန်ပိုကြေးက မြင့်တက်လာခြင်းမရှိပေ။
တစ်ရက်လုပ်ခလစာကို ကျပ် ၁၂,၀၀၀၊ ရက်မှန်ကြေးကို ကျပ် ၂၀,၀၀၀မှ ကျပ် ၄၀,၀၀၀အထိ တိုးပေးရန်နှင့် လုပ်သက်အပေါ်မူတည်ပြီးပေးသည့် လစဥ်အပိုဆုကြေးများကို ပို၍တိုးမြှင့်ပေးရန် အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။
“ဒုတိယရက်ကြတော့ စက်ရုံအုပ်ချုပ်ရေးအဖွဲ့က အလုပ်ပြန်ဝင်ကြဖို့ပြောတယ်။ သူတို့အနေနဲ့ ငါးရက်အတွင်း အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေကို ဖြေရှင်းပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ စာရွက်ပေါ်မှာ သဘောတူညီချက်တွေ မရသရွှေ့အလုပ်ပြန်မဆင်းနိုင်ဘူးလို့ တုံ့ပြန်ခဲ့တယ်”ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မကေကေ(အမည်လွှဲ)က ဖရွန်တီးယားသို့ ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့်အလုပ်သမားအရေအတွက် တနေ့ထက်တနေ့များပြားလာသဖြင့် စစ်ကောင်စီ၏ အလုပ်သမားဒုဝန်ကြီးသည် ၎င်းတို့နှင့် တွေ့ဆုံရန် ထိုစက်ရုံသို့ ရောက်ရှိလာသည်။ သို့သော် ဝန်ကြီးဌာနက ထိုအငြင်းပွားမှုကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းမရှိဟု မကေကေက ဆိုသည်။
ခုနှစ်ရက်မြောက်နေ့တွင် စက်ရုံက အလုပ်သမားများ၏ တောင်းဆိုချက်များကို အပြည့်အဝမဟုတ်သည့်တိုင် ၎င်းတို့ လက်သင့်ခံနိုင်သည်အထိ ညှိနှိုင်း၍ လိုက်လျောပေးခဲ့သည်။
“ကျမတို့တောင်းတာက အခြေခံလုပ်ခလစာကို တစ်ရက် ၁၂,၀၀၀တောင်းခဲ့တာ။ အခုသူတို့က ၁၂,၀၀၀ ပေးဖို့ သဘောတူခဲ့ပေမဲ့ အခြေခံလစာက ၅,၈၀၀ ပဲပေးထားပြီး အပိုထောက်ပံ့ကြေးဆိုတဲ့ခေါင်းစဉ်တွေနဲ့ ၆,၂၀၀ ပေးထားတယ်။ အဲဒီတော့ အခြေခံလစာ ၅,၈၀၀ ပေါ်ကိုပဲ မူတည်ပြီးတွက်တဲ့ အချိန်ပိုကြေးကိုပဲ ကျမတို့က ရမှာဖြစ်တယ်”ဟု မကေကေက ရှင်းပြသည်။
စက်ရုံအုပ်ချုပ်ရေးအဖွဲ့က ရက်မှန်ကြေးနှင့် လုပ်သက်ဆုကြေးတို့ကိုလည်း တိုးမြှင့်ပေးမည်ဟု သဘောတူခဲ့သဖြင့် မေ၂၁ရက်တွင် အလုပ်သမားများက သပိတ်လှန်ပြီး လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများအနက် အထင်ကရအောင်ပွဲ တစ်ခုဖြစ်ခဲ့သည်။

ကူးစက်ပျံ့နှံ့သွားသည့် ဆန္ဒပြပွဲများ
ဆန္ဒပြပွဲများသည် စက်ရုံဝင်းအတွင်း၌သာဖြစ်ပွားခဲ့သော်လည်း အလုပ်သမားများ၏ တောင်းဆိုမှုကြွေးကြော်သံများကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ရုပ်သံများသည် လူမှုကွန်ရက်များ၊ အထူးသဖြင့် တစ်ခ်တော့ခ်တွင် ဟိုးလေးတကျော် ပျံ့နှံ့သွားခဲ့သည်။ ထိုစက်ရုံမှ အလုပ်သမားတို့၏ အောင်ပွဲသတင်းသည် အခြားစက်ရုံများရှိ ဘဝတူအထည်ချုပ်လုပ်သားများကို အားတက်စေခဲ့သည်။ များမကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အခြားအထည်ချုပ်စက်ရုံ ကိုးရုံမှ အလုပ်သမားများကလည်း အလားတူပင် လုပ်ခလစာ တိုးမြင့်ပေးရန် ဆန္ဒပြတောင်းဆိုကြတော့သည်။
အာဏာသိမ်းမှုနောက်ပိုင်း အခြေခံကုန်စျေးနှုန်း တဟုန်ထိုးမြင့်တက်သွားသဖြင့် အပိုထောက်ပံ့ကြေး အပါအဝင် တစ်ရက်လျှင်ရရှိသည့် လုပ်ခလစာ ကျပ်၆,၀၀၀ကျပ်မှ ကျပ်၈,၀၀၀အထိ ပမာဏသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် မလောက်ငကြောင်း အလုပ်သမားများက ညည်းတွားသည်ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးအေးက ပြောသည်။
“၂၀၂၄ တလျှောက်လုံး ကျမတို့ဆီကို ရောက်လာတဲ့ အငြင်းပွားမှုတွေက လုပ်ခလစာကြောင့်တွေချည်းပဲ”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။ အလုပ်သမားများ၊ အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုနှစ်၊ အလုပ်သမားနေ့တွင် ထိုအဖွဲ့က အခြေခံလုပ်ခလစာနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အလုပ်သမားများက တစ်ရက်လုပ်ခလစာ ကျပ် ၁၃,၀၀၀မှ ကျပ် ၁၇,၀၀၀အထိ တိုးမြှင့်တောင်းဆိုနေကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
ထို့ပြင် မေ၁ရက်တွင်လည်း အဆိုပါအဖွဲ့က အဖွဲ့ဝင်သမဂ္ဂများ၏ ခေါင်းဆောင်များကို အစည်းအဝေးတစ်ရပ်ခေါ်ယူကာ လုပ်ခလစာ တိုးမြှင့်တောင်းဆိုရေးအတွက် အစီအစဉ်တစ်ရပ်ချမှတ်ခဲ့သည်။ ထိုအစီအစဉ်အရ စစ်တပ်က လူစုလူဝေးဖြင့် တောင်းဆိုမှုများကို အကြမ်းဖက်ဖြိုခွင်းနိုင်သဖြင့် ထိုသမဂ္ဂများအနေဖြင့် စက်ရုံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ခလစာတိုးမြှင့်ပေးရေးကိစ္စများကို ဆန္ဒပြပွဲအဆင့်ထိ မရောက်စေဘဲ ညှိနှိုင်းရန်ဖြစ်သည်။
“ချန်းရီက အလုပ်သမားတွေက မထင်မှတ်ထားတဲ့ တိုက်ကွက်နဲ့ ထွက်လာတာပေါ့”ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။ သို့သော် ထိုဆန္ဒပြပွဲကိုတစ်ပတ်ကြာသည်အထိ စစ်ကောင်စီထံမှ မည်သည့်ခြိမ်းခြောက်မှု၊ ဖြိုခွင်းမှုမှမရှိဘဲ ဆင်နွှဲနိုင်ခဲ့သည်က ပို၍ပင် အံ့အားသင့်စရာဖြစ်သည်။
“အရင်ကဆို အလုပ်သမားတွေက တောင်းဆိုတာနဲ့ စစ်တပ်က ရောက်ချလာတ။ စက်ရုံပိုင်ရှင်က စစ်တပ်ကို ခေါ်တယ်။ မန်နေဂျာတွေက စစ်တပ်ကို ခေါ်တယ်။ ဖိအားပေး ခြိမ်းခြောက်ခံရတယ်။ အခုကျတော့ ချန်းရီက အဲဒီလိုတုံ့ပြန်မှုမျိုး မကြုံခဲ့ရတော့ တခြားစက်ရုံက အလုပ်သမားတွေကလည်း အားတက်လာပြီး ဆန္ဒပြခဲ့ကြတယ်”ဟု ၎င်းက ဆက်ပြောသည်။
စက်ရုံအများအပြားသို့ ဆန္ဒပြပွဲများ ကူးစက်ပျံ့နှံ့သွားသည့်အခါ အချို့အလုပ်ရှင်များက ကြိုတင်လက်ဦးမှုရယူ၍ လုပ်ခလစာများ တိုးမြှင့်ပေးရန် စတင်ကမ်းလှမ်းခဲ့ကြသည်။
“ချန်းရီနဲ့ တခြားစက်ရုံ သုံးရုံက ဆန္ဒပြကြနေတုန်း သူဌေးက အလုပ်သမားခေါင်းဆောင်ပိုင်းတွေကို ခေါ်ပြီးတော့ ဆန္ဒပြကြဖို့ မလုပ်ပါနဲ့။ အခုတောင်းနေတဲ့ စက်ရုံတွေ တိုးသွားတဲ့ပုံစံအပေါ် မူတည်ပြီး သူတိုးပေးပါ့မယ်လို့ ပြောတယ်”ဟု လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုဖြစ်သည့် Eslite ရှိ အလုပ်သမားတစ်ဦးက ပြောသည်။ ၎င်းတို့၏ တစ်ရက် လုပ်ခလစာသည် ကျပ်၉,၀၀၀မှကျပ်၁၂,၀၀၀သို့ တိုးမြှင့်သွားသည်ဟုလည်း ၎င်းကဆိုသည်။
“ကျမတို့လည်း သူရဲ့ လစာတိုးပေးမယ်ဆိုတဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တော့ ဆန္ဒပြဖို့ မလိုတော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။
ဆန္ဒပြပွဲများဖြစ်ပွားပါက ချက်ချင်းဖြေရှင်းသည့်တိုင် စက်ရုံများသည် စီးပွားရေးထိခိုက်ရသည်ဟု အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU)အတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ရှင်းပြသည်။
“ဆန္ဒပြကြရင် ဝယ်သူတွေက အမှာတွေလျှော့ချလိုက်တဲ့အတွက် အမြတ်လည်းထိခိုက်တယ်”ဟု ၎င်းက ပြောသည်။
စက်ရုံတစ်ခုတွင် ဆန္ဒပြမှုဖြစ်ပွားပါက ပုံမှန်အားဖြင့် ဝယ်သူများက အမှာစာများကို ၂၀ရာခိုင်နှုန်းအထိ လျှော့ချလေ့ရှိပြီးစက်ရုံအပေါ် ယုံကြည်မှုလည်း ကျဆင်းသွားသည်ဟု အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက ဖရွန်တီးယားကို ၂၀၂၃တွင် ပြောသည်။ အာဏာသိမ်းမှုအလွန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်သည့် အခွင့်အရေးများ ဆိတ်သုဉ်းသွားချိန်တွင် စက်ရုံပိုင်ရှင်များသည် အင်အားသုံးဖြိုခွင်း၍ နည်းမျိုးစုံသုံးခြိမ်းခြောက်ခြင်းဖြင့် အလုပ်သမားဆန္ဒပြပွဲများကို တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။ သို့တိုင် ထိုနည်းလမ်းများက မေလအတွင်းပေါ်ပေါက်ခဲ့သော အလုပ်သမားတို့၏ သပိတ်လှိုင်းများကို မတားဆီးနိုင်ခဲ့ပေ။
အထည်ချုပ်နယ်ပယ်အတွင်းက ဘဝတူအလုပ်သမားများအတွက်ပါ အကျိုးဖြစ်ထွန်းစေခဲ့သဖြင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် အထည်ချုပ်လုပ်သားများ၏ ရဲရင့်မှုနှင့် စည်းလုံးမှုကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်ခင်သန္တာမိုးက ချီးကျူးသည်။
“စက်ရုံပိုင်ရှင်တွေအကြောက်ဆုံးက အလုပ်သမားတွေစည်းလုံးသွားမှာကိုပဲ။ စက်ရုံအုပ်ချုပ်ရေးအဖွဲ့တွေက ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့နေရာမှာ အရမ်း ကျွမ်းကျင်ကြတယ်။ ဒါပေမဲ့ ဒီတခါကတော့ အလုပ်သမားတွေရဲ့စည်းလုံးမှုက ဖြိုခွဲဖို့တော်တော်လေးကို ခက်နေတာကြောင့် သူတို့လက်လျှော့လိုက်ပုံရတယ်”ဟု ၎င်းက ပြောသည်။

လသာတုန်း ဗိုင်းငင်
သို့သော် ဆက်တိုက်ပေါ်ပေါက်ခဲ့သည့် ရဲရင့်သော အလုပ်သမားအရေးလှုပ်ရှားမှုများ၏ နောက်ကွယ်တွင် အခြားနောက်ခံ အကြောင်းအရင်းများလည်း ရှိနေသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(အိုင်အယ်လ်အို)က မြန်မာနိုင်ငံနှင့်ပတ်သက်၍ အရေးကြီးအစည်းအဝေးများကျင်းပ၍ ဆုံးဖြတ်ချက်များ ချမှတ်ရန်ရှိနေသည်ဖြစ်ရာ စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရန် လက်တွန့်နေမည်ဟု ယုံကြည်သဖြင့် ထိုအချိန်ကာလကို ဂရုတစိုက်ရွေးချယ်၍ လုပ်ခလစာတိုးမြှင့်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားများက ဆိုသည်။
“အိုင်အယ်လ်အိုက ပြည်တွင်းက အလုပ်သမားတွေအတွက်ကို လတ်တလောအနေအထားမှာ အကူအညီမပေးနိုင်ပေမဲ့လည်း အိုင်အယ်လ်အိုညီလာခံရှိနေတယ်။ ပြီးတော့ သူက ချိုးဖောက်မှုတွေက ဘာတွေရှိနေတယ်ဆိုတာ ပြောထားတော့ ဒါက ကျမတို့အတွက် အကောင်းဆုံးအခွင့်အလမ်းပဲဆိုတာကို အလုပ်သမားတွေအနေနဲ့က လက်ခံခဲ့ကြတယ်”ဟု ဒေါ်မျိုးမျိုးအေးက ရှင်းပြသည်။
ကုလသမဂ္ဂ၏ အလုပ်သမားအဖွဲ့အစည်းဖြစ်သည့် အိုင်အယ်လ်အိုက (၁၁၃)ကြိမ်မြောက်ညီလာခံကို ဇွန်လအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ မြို့တော်ဂျီနီဗာတွင် ကျင်းပခဲ့သည်။ စစ်ကောင်စီက လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကြောင်း အိုင်အယ်လ်အိုက ဇွန်၅ရက်တွင် ဆုံးဖြတ်ခဲ့သည်။
အကျဉ်းကျခံထားရသည့် သမဂ္ဂခေါင်းဆောင်များကို လွှတ်ပေးရန်၊ ကလေးလုပ်သားအသုံးပြုမှုနှင့် အတင်းအဓမ္မအလုပ်ခိုင်းစေမှုများကို ရပ်တန့်ရန် အပါအဝင် အခြားအကြံပြုချက်များကို လိုက်နာရန် စစ်ကောင်စီက ပျက်ကွက်ခဲ့ကြောင်း အိုင်အယ်လ်အိုက ဆိုသည်။ ထိုအကြံပြုချက်များကို လိုက်နာလုပ်ဆောင်ရန် အိုင်အယ်လ်အိုက စစ်ကောင်စီကို ၂၀၂၃တွင် တောင်းဆိုခဲ့သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ၎င်း၏ဖွဲ့စည်းပုံ ပုဒ်မ(၃၃)ကို ကျင့်သုံး၍ စစ်ကောင်စီကို အရေးယူရန် ဆုံးဖြတ်ခဲ့သည်။
ထိုပုဒ်မ(၃၃)ကျင့်သုံးခြင်းဆိုသည်မှာ ၎င်း၏အကြံပြုချက်များကို လိုက်နာဆောင်ရွက်အောင် နိုင်ငံတကာအစိုးရများ၊ ကမ္ဘာအရပ်ရပ်က ကုမ္ပဏီများနှင့် အလုပ်သမားများအနေဖြင့် စစ်ကောင်စီအား ဖိအားပေးရန် အိုင်အယ်လ်အိုက တောင်းဆိုခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အထောက်အပံ့ဖြစ်စေသည့် စီးပွားလုပ်ငန်း ဆောင်ရွက်ချက်များကို ရှောင်ကြဉ်ရန်နှင့် စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုမပြုလုပ်ရန် ထိုဆုံးဖြတ်ချက်က တောင်းဆိုထားသည်။
သို့သော် ထိုဆုံးဖြတ်ချက်နှင့်စပ်လျဥ်း၍ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အကျိုးစီးပွားသက်ဆိုင်သူများအကြား မတူညီသည့် တုံ့ပြန်မှုများရှိနေသလို ၎င်း၏အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်နေသည်။
စစ်တပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားအဖွဲ့ အများစုက ထိုဆုံးဖြတ်ချက်ကိုကြိုဆိုကြသည်။ “အိုင်အယ်လ်အိုရဲ့ မကြာသေးခင်က ချမှတ်ခဲ့တဲ့ အရေးယူမှုကို ကြိုဆိုပါတယ်။ ပုဒ်မ(၃၃)ဆိုတာ စစ်ကောင်စီနဲ့ ဘယ်လိုစီးပွားရေးမျိုးကိုမှ မလုပ်သင့်ဘူးလို့ ဆိုလိုတာပါ”ဟု FGWM ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်သန္တာမိုးက ပြောသည်။ အချို့ကုမ္ပဏီများက ထိုဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်ရန် တုံ့ဆိုင်းနေခြင်းသည် “မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရခက်နေသောကြောင့်” ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဖြည့်စွက်သည်။
သို့သော် မြန်မာပြည်အတွင်းက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများကမူ စိုးရိမ်ပူပန်နေကြပြီး ထိုဆုံးဖြတ်ချက်သည် သာမန်အခြေခံအလုပ်သမားများကို ထိခိုက်စေနိုင်သည်ဟု ဖရွန်တီးယားသို့ ပြောသည်။ လက်တွေ့အရေးယူမည့် ယန္တရားတစ်ရပ်မရှိသဖြင့် အာဏာသိမ်းချိန်မှစ၍ ကမ္ဘာကျော် အဝတ်အထည်ကုမ္ပဏီအများအပြား ထွက်ခွာသွားပြီးဖြစ်သည့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသည် ပုဒ်မ(၃၃)အရ ဒဏ်ခတ်ခြင်းကြောင့် ထိခိုက်မှုသိပ်မရှိနိုင်တော့ကြောင်း အလုပ်သမားရေးရာကျွမ်းကျင်သူများက ဆိုသည်။
ထိုဆုံးဖြတ်ချက်မှတစ်ဆင့် စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရလမ်းများကို ဖြတ်တောက်ပစ်နိုင်ပြီး လေယာဥ်ဆီတင်သွင်းမှုကို ကန့်သတ်ပိတ်ပင်နိုင်သဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အိုင်အယ်လ်အိုဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုခဲ့သူတစ်ဦးဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ဆိုသည်။
“နိုင်ငံတကာမှာရှိတဲ့ လုပ်ငန်းရှင်တွေ အစိုးရတွေအနေနဲ့ကလည်း ပုဒ်မ(၃၃)နဲ့အရေးယူတာကို ပါဝင်ပူးပေါင်းပေးစေချင်ပါတယ်။ဒါမှသာလျှင် စစ်ကောင်စီ အမြန်ပြုတ်ပြီးတော့ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ရောက်ပါလိမ့်မယ်”ဟု ၎င်းက ဖရွန်တီးယားကို ပြောသည်။ စစ်ကောင်စီနှင့် ဆက်လက်၍ လက်တွဲနေပါက “သွေးစွန်းတဲ့ အမြတ်တွေပဲရပါလိမ့်မယ်”ဟုလည်း ၎င်းကဖြည့်စွက်သည်။
သို့သော် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထိရောက်မှုအားနည်းသည့်တိုင် စစ်ကောင်စီကို လေယာဥ်ဆီမရောင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားသည်။ စည်းမျဉ်းများဖြင့် ချုပ်နှောင်ထားခြင်းမရှိသည့် အလုပ်သမားရေးရာ ဆုံးဖြတ်ချက်တစ်ခုက လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ထက် မည်သို့၊ မည်ပုံ ပို၍ထိရောက်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိလှပေ။
ပုဒ်မ(၃၃)အရ အရေးယူခြင်းကြောင့် နာမည်ကြီးအဝတ်အစားကုမ္ပဏီများက ဥပဒေကြောင်းအရဖြစ်စေ၊ ဂုဏ်သိက္ခာပိုင်းအရဖြစ်စေ ထိခိုက်မှုကို ရှောင်ရှားရန် မြန်မာနိုင်ငံရှိ စက်ရုံများမှ ချုပ်ထည်များမှာယူခြင်းကို ရပ်တန့်သွားဖွယ်ရှိကြောင်း ရန်ကုန်တွင်နေထိုင်သည့် CCTUအဖွဲ့ဝင် ဦးရဲနိုင်ဝင်းက ပြောသည်။
ထိုအခြေအနေဖြစ်လာပါက စက်ရုံများပိတ်သိမ်းရခြင်း သို့မဟုတ် ကုန်ထုတ်လုပ်မှု လျှော့ချရခြင်းတို့ကြောင့် အထည်ချုပ်လုပ်သားများသာ အလုပ်လက်မဲ့ ဖြစ်လာရဖွယ်ရှိကြောင်း ၎င်းကဆိုသည်။ ဥပမာအားဖြင့် အိုင်ယာလန်အခြေစိုက် ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သည့် ပရိုင်းမတ်က ၂၀၂၃တွင် မြန်မာနိုင်ငံအတွင်းရှိ ၎င်းအတွက် ချုပ်ထည်များ ထုတ်လုပ်ပေးနေသော စက်ရုံနှစ်ခုသို့ အမှာစာများရပ်တန့်ပစ်ခဲ့ရာ အထည်ချုပ်လုပ်သား ၂,၂၀၀ခန့် အလုပ်လက်မဲ့ဖြစ်သွားသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့သည် ၎င်းတို့ကို ဆက်သွယ်မေးမြန်းခဲ့ခြင်းမရှိကြောင်းနှင့် ပုဒ်မ(၃၃)အရ အရေးယူရန် မဆုံးဖြတ်မီ မြန်မာနိုင်ငံအတွင်းက အလုပ်သမားများနှင့်ပင် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း STUM နှင့် CCTU နှစ်ဖွဲ့လုံးက ဆိုသည်။
“စစ်ကောင်စီက အိုင်အယ်လ်အို စည်းမျည်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်ဆိုတာ ကျနော်တို့မငြင်းဘူး။ ဒါပေမဲ့ ပုဒ်မ(၃၃)အောက်မှာ အရေးယူတာက အလုပ်သမားတွေကို ထိခိုက်စေပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက အိုင်အယ်လ်အိုအနေနဲ့ ကြားချပြီး ဖြေရှင်းပေးစေချင်တာပါ”ဟု ဦးရဲနိုင်ဝင်းက ပြောသည်။ “အိုင်အယ်လ်အိုကို မြန်မာပြည်ထဲလာပြီး အလုပ်သမားတွေရော အလုပ်ရှင်နဲ့ရောတွေ့ပြီး ညှိနှိုင်းမှုကို အရင်လုပ်စေချင်ပါတယ်”
ပို၍များပြားသော ကုန်ပစ္စည်းအမှတ်တံဆိပ်များ မြန်မာ့ဈေးကွက်မှ ထွက်ခွာသွားပါက အနာဂတ်အတွက် စိတ်ပူမိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် စက်ရုံတစ်ခုရှိ အလုပ်သမားသမဂ္ဂအတွင်းရေးမှူးက ဆိုသည်။
“စက်ရုံတွေပိတ်လိုက်ရင် ကျနော်တို့ အလုပ်လက်မဲ့ဖြစ်သွားလိမ့်မယ်။ ဒီမှာ ပုဒ်မ(၃၃) ချမှတ်ထားလိုက်တော့ အနောက်ဥရောပဘရန်းတွေ ထွက်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ထွက်ဖို့ ဖိအားမပေးဘူးဆိုရင်တောင် သူတို့ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တာကြောင့်ဆက်နေဖို့လည်း ခက်ခဲလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ဤဆောင်းပါးအတွက် ဖရွန်တီးယားက မှတ်ချက်ပေးရန် အိုင်အယ်လ်အိုသို့ ဆက်သွယ်တောင်းခံခဲ့သော်လည်း ပြန်လည်တုံ့ပြန်မှု မရရှိခဲ့ပေ။
အိုင်အယ်လ်အိုဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းတို့သည် ထိုဆောင်ရွက်ချက်၏ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုကို ချဲ့ကားလွန်းသည့် နားလည်မှုလွဲမှားခြင်းများကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်းက ဆိုသည်။
“ဒီဟာက ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူတာလည်းမဟုတ်သလို ကုမ္ပဏီတွေကို (မြန်မာနိုင်ငံကနေ)ထွက်သွားခိုင်းတာလည်း မဟုတ်ဘူး”ဟု EuroCham Myanmar က ထုတ်ပြန်ချက်တစ်ခုတွင် ဆိုသည်။
“အိုင်အယ်လ်အိုရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်အတွင်း အလုပ်သမားအခွင့်အရေးတွေ မြှင့်တင်ဖို့ ပစ်မှတ်ထားဦးတည်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေ ဆောင်ရွက်ဖို့ တိုက်တွန်းခြင်းသာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းကနေ ကုမ္ပဏီတွေ ထွက်ခွာသွားဖို့ ၊ ရင်းနှီးမြှုပ်နှံမှုတွေရပ်တန့်လိုက်ဖို့ ဒါမှမဟုတ် လုပ်ငန်းတွေ ရပ်ပစ်လိုက်ဖို့ မဟုတ်ပါဘူး”ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
“EuroCham Myanmar ရဲ့အဖွဲ့ဝင်တွေအနေနဲ့ မြန်မာပြည်အတွင်းမှာ လုပ်ငန်းလုပ်ဖို့ပဲဖြစ်ဖြစ် မြန်မာပြည်အတွင်းကနေ ကုန်ပစ္စည်းမှာယူဖို့ပဲဖြစ်ဖြစ် လုပ်ငန်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အသေအချာဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ ဒါ့ပြင် နစ်နာမှုတွေကို ပြန်လည်ကုစားပေးမဲ့ ယန္တရားတွေကိုလည်း အားကောင်းအောင် ဆောင်ရွက်ကြဖို့နဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖန်တီးကြဖို့ တိုက်တွန်းလျက်ရှိပါတယ်”ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း နိုင်ငံတကာစင်မြင့်ထက်က ဆုံးဖြတ်၊ ဆောင်ရွက်ချက်များသည် အလုပ်သမားများ၏ ဘဝကို တိုက်ရိုက်၊ ချက်ချင်း အကျိုးဖြစ်ထွန်းစေခဲ့သော မကြာသေးမီက ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲများ၏ သက်ရောက်မှုကို မှေးမှိန်စေခဲ့ခြင်းမရှိပေ။
သို့တိုင် အလုပ်သမားတို့ ဆွတ်ခူးခဲ့သည့် အောင်မြင်မှုများသည် အလွယ်တကူ ထိခိုက်ပျက်စီးသွားနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ အလုပ်သမားတို့ တိုးမြှင့်တောင်းဆိုခဲ့သည့် အချိန်ပိုကြေးများကို အလုပ်ရှင်များက လိုက်လျောထားခြင်းမရှိသေးသလို ကတိပြုချက်များကို စက်ရုံမန်နေဂျာများက လိုက်လျောရန် ငြင်းဆန်ခြင်း သို့မဟုတ် ဆန္ဒပြအလုပ်သမားခေါင်းဆောင်များကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား ဖမ်းဆီးခြင်း စသည့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို သတိကြီးစွာဖြင့် စောင့်ကြည့်ရန် လိုအပ်နေသေးသည်။ အိုင်အယ်လ်အိုအစည်းအဝေးကြောင့် ၎င်းတို့လက်ဝယ်ရှိခဲ့သော အသာစီးရမှုသည် ယခုကုန်ဆုံးသွားပြီဖြစ်သည်။ အလုပ်သမားများအနေဖြင့် ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီနှင့် ယိုင်နဲ့နေသည့် အုပ်ချုပ်ရေးယန္တရားက ၎င်းတို့၏အခွင့်အရေးများအတွက် အကာအကွယ်ပေးလိမ့်မည်ဟု မမျှော်လင့်နိုင်ပါချေ။
ဆန္ဒပြပွဲတွင်ပါဝင်သည့် အလုပ်သမားများကို အလုပ်ထုတ်ခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းမပြုရန်အချက်ကို ဆန္ဒပြပွဲများရုတ်သိမ်းပြီးနောက် ချုပ်ဆိုသည့် စာချုပ်များတွင် ထည့်သွင်းပေးရန် အလုပ်သမားများက တောင်းဆိုခဲ့သော်လည်း အလုပ်သမားဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် အလုပ်ရှင်များက ငြင်းဆန်ခဲ့ကြောင်း ဒေါ်မျိုးမျိုးအေးက ဆိုသည်။
“စက်ရုံပိုင်ရှင်တွေက မလုပ်ပါဘူးလို့ နှုတ်ကတိပေးပေမဲ့ အရင်က အဲဒီလို (လက်တုံ့ပြန်တာ) မျိုးတွေဖြစ်ခဲ့ဖူးတဲ့အတွက် ကျမတို့ကတော့ မယုံဘူး။ အခြေအနေတွေကို စောင့်ကြည့်နေတယ်။ ဒါမျိုး ဖြစ်လာရင် ချက်ချင်းကို ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်”