လက်နက်ကိုင် ပဋိပက္ခ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းနှင့် ဖုံးကွယ်မှုများ

ရှမ်းပြည်နယ်မြောက်ပိုင်း ဝေးကွာပြီး တောတောင်ထူထပ်သည့် ဒေသတစ်ခုတွင် အမျိုးသမီး ခြောက်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ကာလရှည်ကြာနေပြီဖြစ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် ၎င်းတို့က သားကောင်များ ဖြစ်နေလေရော့သလား။

ကလဲရ် ဟမ်မွန်၊ ကျော်လင်းထွန်းနှင့် ဗစ်တိုးရီးယား မီလ်ကို ရေးသားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် အွယ်လောရွာအနီး တောင်ကုန်းတစ်ခုပေါ်ရှိ ခပ်တိမ်တိမ် တူးထားသော ကျင်းထဲ၌ ဖြူဖြူဖွေးဖွေး လူအရိုးများနှင့် ပြာများကို တွေ့ရှိခဲ့ရသည်။ ဒေသခံများ၏ အပြောအရ ပြီးခဲ့သည့်လအတွင်းက မြန်မာ့တပ်မတော် စစ်သားများ သတ်ဖြတ်သွားသော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) မှ ဆေးမှူး အမျိုးသမီးခြောက်ဦး၏ အလောင်းများ ဖြစ်သည်ဟု သိခဲ့ရသည်။

ကျင်းဘေးတွင် ရပ်နေသူတစ်ဦးမှာ သေဆုံးသူ အမျိုးသမီးတစ်ဦး၏ အစ်ကိုဖြစ်ပြီး ပျောက်ဆုံးသွားသော အမျိုးသမီး ခြောက်ဦးကို လိုက်လံရှာဖွေနေသော အဖွဲ့နှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။

“ကျွန်တော့ နှမအလောင်းကို မြင်လိုက်ရတော့ မနည်း အားတင်းထားရတယ်။ ဦးခေါင်းခွံက ကွဲအက်နေပြီး အထဲမှာ ဦးနှောက်တွေ မရှိတော့ဘူး။ သူ့မျက်နှာ ပုံပန်းကိုတော့ ဖမ်းလို့ရသေးတယ်။ အကိုင်တော့ မခံတော့ဘူး။ တစ်စစီကြေမွ နေပြီ” ဟု အစ်ကိုဖြစ်သူက ပြောသည်။

ဆေးမှူးအမျိုးသမီးများ အသတ်မခံရမီ နာရီပိုင်းအချိန်တွေအတွင်း ဘာတွေ ဖြစ်ခဲ့သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ တပ်မတော်နှင့် TNLA နှစ်ဖက်စလုံးက ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ တပ်မတော်ဘက်ကမူ အမျိုးသမီးများသည် တိုက်ပွဲအတွင်း ထိမှန်သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် စစ်သားများတွင် အပြစ်မရှိကြောင်း အလျှင်အမြန် သတင်းထုတ်ပြန်ခဲ့သည်။

TNLA ကလည်း အဆိုပါ ဆေးမှူးအမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် မုဒိန်းကျင့် ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

TNLA ၏ ပြောဆိုချက်သာ မှန်ကန်ခဲ့မည်ဆိုပါက သတ်ဖြတ်မှု ကျူးလွန်သူများသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ စစ်ရာဇဝတ်မှု မြောက်သည်သာ ဖြစ်သည်။ သို့သော် လူသတ်မှုများမှာ သာမညောင်ည ဘာမှ မထူးခြားသော ကိစ္စများ ဖြစ်သည်၊ တိုင်းရင်းသား လူနည်းစုအဖွဲ့များသည် ညင်းပန်းနှိပ်စက်မှုများ၊ အဓမ္မ ပြုကျင့်မှုများနှင့် အခြားရက်စက်မှုများအကြောင်းကို ပြောကြားပြီး စစ်ပွဲလက်နက်အဖြစ် အသုံးပြုလာခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

တရားဥပဒေအရသာ ပြုကျင့်ကြရန်နှင့် တာဝန်ခံမှု ရှိကြရန် ထပ်ကာ ထပ်ကာ တောင်းဆိုနေကြသည့်ကြားမှပင် မြန်မာနိုင်ငံ၏ ကာလရှည်ကြာနေပြီး ဖြေးညှင်းစွာ တောက်လောင်နေသော ပြည်တွင်းစစ်မီးကို ဤသတ်ဖြတ်မှုက မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

ကြမ္မာငင်သော ရင်ဆိုင်တွေ့ဆုံမှု

ဇူလိုင် ၁၁ ရက်နေ့တွင် အင်အား ၃ဝ ခန့်ရှိသော တပ်မတော် စစ်ကြောင်းတစ်ခုသည် ရှမ်းပြည်မြောက်ပိုင်း အွယ်လောရွာဆီသို့သွားသည့် တောင်ပေါ် ခြေလျင် လူသွားလမ်းလေးအတိုင်း မြောက်ဘက်သို့ ချီတက်လာခဲ့ကြသည်။ ဤလမ်းကြောင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်သို့ ဆက်သွယ်ထားသော ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းတစ်လျောက်ပင် ဖြစ်သည်။ ဤပိုက်လိုင်း တည်ဆောက်မှုကြောင့်ပင် ရှမ်းပြည်မြောက်ပိုင်းမှ လူသူအရောက်အပေါက် နည်းလှသော ထိုဒေသလေးသို့ ယခု ဆယ်စုနှစ် အစောပိုင်းအတွင်း စစ်တပ် အသွားအလာ ပိုမိုများပြားလာခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အွယ်လောအနီးမှ လမ်းကျည်းလေးဆီသို့ ဦးတည်သွားသော တောင်တက်လမ်း။ ဓာတ်ပုံ- Frontier

တိုက်ပွဲဖြစ်ပွားခဲ့သည့် အွယ်လောအနီးမှ လမ်းကျည်းလေးဆီသို့ ဦးတည်သွားသော တောင်တက်လမ်း။ ဓာတ်ပုံ- Frontier

ဒေသခံများနှင့် တအန်း လှုပ်ရှားတက်ကြွသူများက တပ်မတော် ခြေလျင်တပ်ရင်း ၈၈ မှဟု ပြောကြသော တပ်မတော် စစ်သည်တစ်စုသည် ကျဉ်းမြောင်းသော ခြေလျင်လမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ လမ်းတစ်ဖက်တွင် မြင့်မားသော တောင်တန်းကြီးရှိပြီး အခြားတစ်ဘက်တွင်မူ ချောက်ကမ်းပါးကြီး ရှိနေသည်။ ဤသို့သောနေရာတွင် မွန်းလွဲ ၁ နာရီခွဲခန့်၌ TNLA အဖွဲ့ဝင်အချို့နှင့် ပက်ပင်းတိုးခဲ့ကြသည်။ TNLA တို့က New Day Asia သတ္တုတူးဖော်ရေးမှ တရုတ် အလုပ်သမားများနှင့်အတူ ကားကြုံစီးပြီး လိုက်ပါလာကြခြင်းဖြစ်သည်။ ထိုအချိန်အထိ နှစ်ဖက်ပြောစကားများ တူညီနေသေးသည်။ ထိုနောက်ပိုင်း အဖြစ်အပျက်များကို ပြောကြားရာတွင်မူ နှစ်ဖက် ပြောစကားများ ကွဲပြားသွားသည်။ နယ်မြေရှင်းလင်းရေးလုပ်စဉ် အမျိုးသမီး ငါးဦးအပါအဝင် သောင်းကျန်းသူ ၃ဝ ခန့်နှင့် လမ်းပေါ်တွင် ရင်ဆိုင်တွေ့ခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA ကမူ ၎င်းတို့ တပ်ဖွဲ့ဝင် ၁၃ ဦးသည် မော်တော်ယာဉ် နှစ်စီးတွင် နှစ်ဖွဲ့ခွဲကာ လိုက်ပါခဲ့ကြကြောင်း၊ ပထမကားပေါ်တွင် တပ်သား ငါးဦး၊ ဒုတိယကားပေါ်တွင် တပ်သား နှစ်ဦးနှင့် ဆေးမှူး ခြောက်ဦး လိုက်ပါလာခဲ့ကြောင်း၊ ထို့နောက် ယာဉ်တန်းမှာ ခြုံခိုပစ်ခတ်ခံရကြောင်းနှင့် TNLA တပ်သားနှစ်ဦးက တပ်မတော်ဘက်ကို ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း ပြောကြားထားသည်။

အွယ်လောရွာသားများက သေဆုံးနေသူ ခုနစ်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း Frontier ကို ပြောကြားသည်။ TNLA တပ်သား တစ်ယောက်မှာ နေရာတွင်ပင် ထိမှန် သေဆုံးသွားသည်ဟု ထင်ကြောင်း၊ ဆေးမှူး အမျိုးသမီး ခြောက်ဦးကို အခြား တရုတ်သတ္တုတွင်း လုပ်သားများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး သီးခြားစီ ခွဲထားကြောင်း၊ ကျန် TNLA တပ်သားများမှာ လွတ်မြောက်သွားကြကြောင်း ပြောကြားကြသည်။

အွယ်လောရွာမှာ ဖြစ်ပွားသည့်နေရာမှ နှစ်ကီလိုမီတာ အကွာတွင်ရှိနေရာ အပြန်အလှန် ပစ်ခတ်သံများကို ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့်ကြာအောင် ကြားခဲ့ရကြောင်း ရွာသားများက ပြောကြားကြသည်။ ပေါက်ကွဲသံ သုံးခုကိုလည်း ကြားခဲ့ရသည်ဟု ဆိုသည်။ တွေ့ဆုံတိုက်ပွဲဖြစ်ပွားအပြီး မိနစ် ၂ဝ ခန့်အကြာတွင် TNLA တို့ မြောက်ဘက်သို့ ဆုတ်ခွာသွားကြသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က Facebook ပေါ်သို့ တင်ထားသော သတင်းထုတ်ပြန်ချက်တွင် ချောက်ထဲသို့ ထိုးကျပျက်ဆီးနေသော တိုယိုတာ ထရပ်ကားတစ်စီးကို တပ်မတော်က သိမ်းဆည်းရမိကြောင်း၊ ကားထဲတွင် တပ်သားအလောင်း သုံးလောင်းနှင့် ယူနီဖောင်းဝတ် အမျိုးသမီး အလောင်း ငါးလောင်းကို လက်နက်များ၊ လက်ပစ်ဗုံးများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။ ရွာသားများကမူ ထိုအချက်ကို ငြင်းဆိုခဲ့ကြသည်။ တိုက်ပွဲအတွင်း ကားက လမ်းဘေးသို့ ရောက်သွားသော်လည်း ထိုနေ့ ညနေပိုင်းအထိ ထိုကားကို လမ်းဘေးတွင် ၎င်းတို့ မြင်ခဲ့သေးကြောင်း၊ သို့သော် နောက်တစ်နေ့ နံနက်ပိုင်းတွင် ကားကို ချောက်ထဲသို့ တွန်းချလိုက်ကြသည်ဟု ဆိုသည်။ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် တိုက်ပွဲအပြီး သုံးနာရီခန့်အကြာ၊ ညနေ ၅ နာရီတွင် အလောင်းများကို ထိုနေရာအနီးမှာပင် ကောင်းကောင်းမွန်မွန် မြေမြုပ် သဂြိုလ်ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် ကြားကာလတွင် ဖြစ်ပျက်ခဲ့သည် အကြောင်းအရာများကိုမူ ဖော်ပြထားခြင်း မရှိပေ။ တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ်ထံ Frontier က ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

တပ်မတော် တပ်ဖွဲ့ဝင်များက ထိုညကို လမ်းဘေးမှာပင် အိပ်စက် ကုန်လွန်ခဲ့သည်ဟု ယူဆရသည်။ ၎င်းတို့ စခန်းချခဲ့သည်ဟု ရွာသားများက ပြောသောနေရာတွင် စစ်သားများ မီးဖိုခဲ့သည့် မီးဖိုအကြွင်းအကျန်များအား Frontier က မြင်တွေ့ခဲ့ရသည်။ ထိုနေရာမှာ TNLA တပ်သားအလောင်းအား ပထမပိုင်းက မြုပ်နှံထားရာနေရာနှင့် မီတာ အနည်းငယ်သာ ကွာဝေးသည်။ ထိုတပ်သားအလောင်းကို နောက်ပိုင်းတွင် ဆေးမှူးအမျိုးသမီးများအား မြုပ်နှံထားသည့် တောထဲသို့ ပြောင်းရွှေ့ မြုပ်နှံခဲ့သည်ဟု ရွာသားများက ပြောကြားသည်။

ထိုနေရာတွင် ကျည်ခွံ ၅ဝ ကျော်ကိုလည်း Frontier က တွေ့မြင်ခဲ့သည်။ ကျည်ခွံပေါ်မှ အမှတ်အသားများအရ တပ်မတော် ခဲယမ်းစက်ရုံမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ သို့သော် မည်သည့်ဘက်က ပစ်လိုက်သည့် ကျည်ဆန်များ ဖြစ်သည်ဆိုသည်ကိုမူ သေချာစွာ မသိနိုင်ပေ။

TNLA တပ်ဖွဲ့ဝင်များလိုက်ပါလာသည်ဟု ရွာသားများ ပြောကြားသောကားမှာ အခင်းဖြစ်ပွားရာတွင် ကျည်ခွံများ၊ အခြားလက်နက်အပိုင်းအစများနှင့်အတူ ရှိနေသေးသည်။ ဓာတ်ပုံ-Frontier

TNLA တပ်ဖွဲ့ဝင်များလိုက်ပါလာသည်ဟု ရွာသားများ ပြောကြားသောကားမှာ အခင်းဖြစ်ပွားရာတွင် ကျည်ခွံများ၊ အခြားလက်နက်အပိုင်းအစများနှင့်အတူ ရှိနေသေးသည်။ ဓာတ်ပုံ-Frontier

ပစ်ခတ်မှုဖြစ်ပွားပြီး နောက်တစ်နေ့ နံနက်တွင် တပ်မတော်စစ်သည်များက တရုတ်သတ္တုတွင်း အလုပ်သမား သုံးဦးကို ခေါ်ပြီး အွယ်လောရွာသို့ သွားရောက်ခဲ့ကြသည်။ ထို့နောက် ရွာသူကြီးအားခေါ်၍ အခင်းဖြစ်ပွားရာ နေရာသို့ နောက်ထပ် ငါးရက်တိတိ မည်သူမျှမသွားဘဲ ရှောင်ရှားနေကြရန် အမိန့်ပေးခဲ့ပါသည်။ ထို့နောက် စစ်သားများသည် ဒဏ်ရာရထားသော သတ္တုတွင်း လုပ်သားနှစ်ဦးကို အနီးအနားရှိ ကချင်ပြည်နယ်၊ မန်စီမြို့မှ ဆေးရုံသို့ ပို့ပေးခဲ့ကြသည်။

သက်သေများကို ဖျောက်ဖျက်ခြင်း

မြန်မာစစ်တပ်က ရှောင်ရှားနေရန် အမိန့်ပေးခဲ့သော်လည်း ထိုနေ့ညနေပိုင်းတွင် အွယ်လောရွာသားများ အပါအဝင် အဖွဲ့တစ်ဖွဲ့သည် ဆေးမှူးအမျိုးသမီးများအား ရှာဖွေရန် စွန့်စား ထွက်ခဲ့ကြပါသည်။ ပထမပိုင်းတွင် သတိကြီးစွာထား၍ သွားခဲံရကြောင်းနှင့် တပ်မတော်က မြေမြုပ်မိုင်းများ ထောင်ထားခဲ့မည်ကို စိုးရိမ်ရ၍ဖြစ်ကြောင်း Frontier ကို ၎င်းတို့က ပြောကြားကြသည်။

နောက်တစ်နေ့ဖြစ်သည့် ဇူလိုင် ၁၄ ရက်နေ့တွင် မြက်ရိုင်းများ ပေါက်နေသည့် တောင်ကုန်းပေါ်တွင် ကျောက်ခဲများဖြင့် ဖိထားသော မြေဇာပုံမို့မို့ကို တွေ့ရှိခဲ့ကြသည်။ ထိုမြေဇာပုံအောက်တွင် ထပ်ထားသည့် အမျိုးသမီးအလောင်း ခြောက်လောင်းကို ရွာသားများ တွေ့ရှိခဲ့ကြပါသည်။ အလောင်းများတွင် ဓါးဖြင့် ခုတ်ထားသည့် ဒဏ်ရာများ၊ ဖြတ်တောက်ထားသည့် လက္ခဏာများလည်း တွေ့ရသည်ဟု အလောင်းများကို စတင်တွေ့ရှိသည့် ရွာသားများက ပြောပြကြသည်။ “အလောင်း သုံးလောင်းရဲ့ ဦးခေါင်းခွံမှာ နောက်စေ့ ပွင့်နေတယ်။ ဆေးမှူးတွေကို ညှင်းပန်း နှိပ်စက်ပြီးမှ သတ်ပစ်ခဲ့ကြတာဖြစ်မယ်လို့ ရွာသားတွေအားလုံးက ယုံကြည်ကြတယ်။ အဓမ္မ ပြုကျင့်တာတောင် ခံခဲ့ရတယ်လို့ ရွာသားအချို့က ထင်မြင်နေကြတယ်” ဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် တအန်း အမျိုးသမီးအဖွဲ့မှ တစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးတစ်ဦး၏ အစ်ကိုဖြစ်သူက ၎င်းတို့တွေ့ရှိခဲ့သော အမျိုးသမီး အလောင်းတစ်ခုတွင် အတွင်းခံဘောင်းဘီ မရှိတော့သည်ကို တွေ့ခဲ့ရကြောင်း ပြောပြသည်။ အခြားအလောင်းများကိုလည်း ဖြစ်သလို ပြန်ဝတ်ပေးခဲ့ကြပုံရကြောင်းနှင့် ဤသည်မှာ အသတ်မခံရမီ အဓမ္မ ပြုကျင့်ခံခဲ့ရဖွယ်ရှိသည်ကို ညွှန်ပြနေသည်ဟု ၎င်းကပြောသည်။ အလောင်းများကို ပြန်လည်တူးဖော်ပြီးနောက် TNLA ကိုယ်စားလှယ်များက ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်ဟု ရွာသားများက ပြောသည်။ ထိုပုံများထဲမှ တစ်ပုံကို TNLA ၏ တရားဝင် Facebook စာမျက်နှာတွင် ဇူလိုင် ၁၆ ရက်နေ့က လွှင့်တင်ခဲ့သည်။ အလောင်းများကို ထိုနေ့မှာပင် ထိုနေရာ၌ လောင်တိုက်နှစ်ခု ပြုလုပ်၍ မီးသဂြိုလ်ခဲ့ကြသည်။ လောင်တိုက်တစ်ခုမှာ ဆေးမှူး အမျိုးသမီးများအတွက်ဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသားတပ်သားအတွက် ဖြစ်သည်။ Frontier က ရရှိခဲ့သော ဗီဒီယိုအရ အလောင်းများအား မီးမရှို့မီ အစဉ်အလာအရ တစ်ဦးချင်းအတွက် ဆုတောင်း အမျှဝေနေသည်ကို တွေ့ရှိရသည်။

မိုဘိုင်းဖုန်းများဖြင့် ရိုက်ယူထားသည့် ဓာတ်ပုံများအား ဖျက်ပစ်ရန် TNLA စစ်သားများက ရွာသားများအား အမိန့်ပေးခဲ့ကြောင်းနှင့် ကြွင်းကျန်အရိုးများကို သေဆုံးသူများ၏ ဆွေမျိုးသားချင်းများအား ကောက်ယူခွင့် မပေးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် TNLA အဖွဲ့က ၎င်းတို့အတွက် သီးသန့်အမှတ်တရနေရာကို တခြားနေရာတွင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ရွာသားများက ပြောသည်။ ၎င်းတို့ရိုက်ကူးထားသော ဓါတ်ပုံများကို ဖျက်ပစ်ရန် TNLA က အမိန့်ပေးခဲ့သည်မှာ “လုံခြုံရေးအတွက်ကြောင့်” ဟု ယူဆကြောင်း၊ ၎င်းတို့ကလည်း လိုက်နာခဲ့ကြောင်း ရွာသားများက ပြောကြားကြသည်။

TNLA ကမူ ထိုသို့ အမိန့်ပေးရသည်မှာ ဓါတ်ပုံနှင့် ဗီဒီယိုများ လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်အိုက်ကျာ်က Frontier ကို ပြောသည်။ “အဲဒီလို ပျံနှံ့သွားရင် သေဆုံးသူတွေနဲ့ မိသားစုတွေအတွက် အခွင့်အရေးကို ချိုးဖောက်သလိုဖြစ်သွားလိမ့်မယ်” ဟု ၎င်းကပြောသည်။ TNLA အဖွဲ့က သေမှုသေခင်း စစ်ဆေးမှုကို ဦးဆောင် လုပ်ဆောင်ခဲ့ကြောင်းနှင့် တိုက်ပွဲတွင် ကျဆုံးသူများကို ကြန့်ကြာမှုမရှိစေဘဲ မီးသဂြိုလ်ခြင်းမှာ TNLA ၏ အစဉ်အလာပင်ဖြစ်ကြောင်း ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောသည်။

သို့သော်လည်း ရန်ကုန်အခြေစိုက် ဆန်းစစ်လေ့လာသူ မစ္စတာ ဒေးဗစ်မက်သီယက်ဆင်ကမူ အမှုတစ်ခု ဖွင့်ထားသည့်အချိန်တွင် သက်သေခံ အထောက်အထားများအား ဖျက်ဆီးပစ်ရန် အရပ်သားအားကို ညွှန်ကြားခဲ့ခြင်းမှာ TNLA အတွက် အလွန်ပင် ထူးဆန်းနေသည်ဟု ဆိုသည်။ အကယ်၍ အဖြစ်အပျက်က TNLA က ဖော်ပြခဲ့သကဲ့သို့သာ ဖြစ်ခဲ့လျှေင် သင့်လျော်သည့် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် တပ်မတော်အား အကျပ်ကိုင်ရေးအတွက် ဓါတ်ပုံ အထောက်အထားများကို အသုံးပြုနိုင်သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပေးပို့သည့် မျက်မြင်သက်သေကလည်း ရှင်းလင်းစရာ မလိုလောက်အောင် ယုံကြည်လောက်သည့် အရာမဟုတ်သေးဟု ၎င်းကဆိုသည်။

“လက်နက်ကိုင်အဖွဲ့အားလုံးက လုပ်ကြံဇာတ်ခင်းဖို့ အချက်အလက်တွေကို ပုံဖျက်ရာမှာ ပါဝင်နေကြပြီး သူတို့ဟာ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှုတ်ပိတ်ထားကြဖို့ အရပ်သားတွေကို ပုံမှန်ခြိမ်းခြောက်လေ့ရှိပါတယ်” ဟု ၎င်းက ပြောသည်။ “တကယ်လို့သာ TNLA က သက်သေတွေကို ခြိမ်းခြောက်နေမယ်ဆိုရင် အဖွဲ့ဟာ မဟုတ်တာ တစ်ခုကို ဖုံးထားတာကနေ အပြစ်ရှိသလို ဖြစ်လာမယ်။ နောက်ပြီး သတ်ဖြတ်ခံရတဲ့သူတွေအတွက် တရားမျှတမှုကို ရှာဖွေဖို့ သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်မယ်လို့ TNLA က အာမခံသင့်တယ်” ဟုလည်း ၎င်းက ပြောသည်။

လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု လုပ်မလုပ် မေးမြန်းသည့်အခါ ၎င်းတို့မလုပ်ဟု မိုင်းအိုက်ကျော်က ဖြေကြားခဲ့သော်လည်း “လူမဆန်သောအမှုအတွက် တာဝန်ရှိသူများကို အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးပေးရန် တပ်မတော်ခေါင်းဆောင်များကို တောင်းဆိုထားသည်” ဟု ၎င်းကပြောသည်။

သြဂုတ် ၆ ရက်နေ့တွင် TNLA က မြန်မာဘာသာဖြင့် ထုတ်ပြန်ခဲ့သော  အသေးစိတ် ကြေညာချက်တစ်ခုကလည်း ပြဿနာကို ပို၍ ရှုပ်ထွေးစေခဲ့သည်။ TNLA အမျိုးသမီး ဆေးဝန်ထမ်းများသည် ဇူလိုင် ၁၁ ရက်နေ့က တစ်ညလုံး နှိပ်စက်ခံ၊ မုဒိမ်းကျင့်ခံရပြီး နောက်တစ်နေ့ နံနက်တွင် ကွပ်မျက်ခံခဲ့ရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းဖြစ်ရပ်မှာ သတ္တုတွင်းကုမ္ပဏီမှ ယာဉ်မောင်းလေးဦး၏ ထွက်ဆိုချက်ကို အခြေခံထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုယာဉ်မောင်းများမှာ ဆေးဝန်ထမ်းအမျိုးသမီးများ၊ ဒေသခံရွာသားများနှင့်အတူ အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

ဆေးဝန်ထမ်းအမျိုးသမီးများမှာ ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက သေနတ်တိုက်ပွဲအတွင်း ဖမ်းဆီးခံရပြီးနောက် မျက်နှာကို အဝတ်စီးကာ စစ်သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်ဟု ယာဉ်မောင်းများက TNLA ကို ပြောကြားခဲ့သည်ဟု ဆိုသည်။ သတ္တုတွင်းကုမ္ပဏီမှ ဝန်ထမ်းများကို တောင်ကုန်း၏ အခြားတစ်ဖက် မီတာ ၂ဝဝ အကွာတွင်  ထိန်းသိမ်းထားခဲ့ပြီး ဆေးဝန်ထမ်း အမျိုးသမီးများ၏ နာကျင်စွာ အော်ဟစ်သံများကို ကုမ္ပဏီဝန်ထမ်းများက တစ်ညလုံးကြားခဲ့ရသည်ဟု သတင်းပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အလောင်းများအား မီးသဂြိုလ်မှု မပြုမီ စောင်များဖြင့် ဖုံးအုပ်ထားသည်ကို Frontier က ရရှိခဲ့သည့် ဗီဒီယိုထဲတွင် တွေ့ရျိရသည်။

အလောင်းများအား မီးသဂြိုလ်မှု မပြုမီ စောင်များဖြင့် ဖုံးအုပ်ထားသည်ကို Frontier က ရရှိခဲ့သည့် ဗီဒီယိုထဲတွင် တွေ့ရျိရသည်။

ဆေးဝန်ထမ်းများမှာ ဇူလိုင် ၁၂ ရက်နေ့၊ နံနက် ၈ နာရီနှင့် ၉ နာရီကြားတွင် သတ်ဖြတ်ခံခဲ့ရသည်ဟု ကြေညာချက်ထဲတွင် သုံးသပ်ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ဆေးဝန်ထမ်းများကို ထားရှိခဲ့သည့်နေရာမှ သေနတ်သံများကို ထိုအချိန်က ကြားခဲ့ရသည်ဟု ရွာသားများက ပြောကြားသောကြောင့်ဖြစ်သည်။

သို့သော်လည်း ထိုရွာသို့ Frontier က ပြီးခဲ့သည့်လက သွားရောက်ပြီး မေးမြန်းခဲ့စဉ်ကမူ ဇူလိုင် ၁၂ ရက်နေ့က သေနတ်သံများ ကြားရသည်ဟု မည်သည့်ရွာသားကမျှ မပြောကြားခဲ့ဘဲ ဇူလိုင် ၁၁ ရက်နေ့ကသာ သေနတ်သံများ ကြားရသည်ကို အသေးစိတ်ပြောကြားခဲ့ကြသည်။

ရွာသားများအနေဖြင့် မည်သည့်အတွက်ကြောင့် ဒုတိယအကြိမ် သေနတ်သံများ ကြားခဲ့သည်ကို မပြောကြောင်းကိုမူ သူမသိဟု မိုင်းအိုက်ကျော်က ပြောသည်။ “ကျွန်တော်တို့ TNLA က သူတို့(ရွာသားများ)တွေရဲ့ ပါးစပ်ကို ပိတ်မထားပါဘူး။ သူတို့သိတာမှန်သမျှ မီဒီယာကို ပြောလို့ရပါတယ်။ သူတို့ပြောဖို့ မေ့သွားတာဖြစ်နိုင်သလို ဖွင့်ပြောရမှာ ကြောက်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဓမ္မ လူသစ်စုဆောင်းမှု

တပ်မတော်သည် တအာင်းတို့ အခြေစိုက်ရာ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ပဋိပက္ခဧရိယာများတွင် စနစ်တကျ နှိပ်စက်ခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ တရားမဲ့သတ်ဖြတ်မှုများ ကျူုးလွန်နေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက စွပ်စွဲနေသည်မှာ နှစ်များစွာကတည်းက ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြားအစိပ်အပိုင်းများ၊ အထူးသဖြင့် ကချင်နှင့် ရခိုင်ပြည်နယ်များတွင်လည်း အလားတူ ရက်စက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့များက မှတ်တမ်းတင်ထားကြသည်။ အဆိုးဝါးဆုံး တိုက်ခိုက်မှုအချို့ကို တပ်မ ၈၈ အပါအဝင် ခြေမြန်တပ်မများက ကျူးလွန်ခဲ့သည်ဟု ယူဆထားကြသည်။

အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် TNLA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံထားသည်။ ယင်းအဖွဲ့များက ပြန်ပေးဆွဲသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု ရှမ်းပြည်မြောက်ပိုင်းရှိ ရွာသားများက သတင်းပေးပို့ကြသည်။ TNLA တပ်ဖွဲ့ဝင်နှစ်ဦးသည် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလက မုဒိမ်းမှုကျူးလွန်ခဲ့ကြသည်ဟု လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အကြမ်ဖက်မှုအကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် အွယ်လော ရွာသားများကလည်း တအာင်းတပ်ဖွဲ့တွင် အဓမ္မ လူသစ်စုဆောင်းသည့် ပေါ်လစီရှိသည်ဟု Frontier ကို ပြောကြားသည်။

မိသားစုတစ်ခုလျှင် အနည်းဆုံး တစ်ယောက်နှုန်းဖြင့် တပ်ဖွဲ့ဝင်သစ် စုဆောင်းရန် မျှော်လင့်ထားသည်ဟု ၎င်းတို့က ပြောသည်။ ဆေးဝန်ထမ်း၏ အစ်ကိုဖြစ်သူကမှု ထိုသို့ စစ်သားစုဆောင်းမှုလုပ်သည်မှာ မဟုတ်မှန်ကြောင်းနှင့် အရပ်သားများမှာ တော်လှန်ရေးသို့ ပျော်ရွှင်စွာ ဝင်ရောက်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောသည်။

သို့သော် ၎င်း၏ပြောကြားချက်မှာ လွတ်လပ်စွာ ပြောခြင်း ဟုတ်မဟုတ် မရှင်းလင်းပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းနယ်မြေမှာ TNLA ၏ တပ်မဟာ-၁ ကြီးစိုးသောနယ်မြေဖြစ်ပြီး တခြားရွာသားတစ်ဦးကလည်း အင်တာဗျူးကို အသံဖမ်းနေသောကြောင့် ဖြစ်သည်။

၎င်း၏ နှမဖြစ်သူမှာ TNLA သို့ ဆန္ဒအလျောက် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ငယ်ရွယ်သော မွေးချင်းများမှာ ကျောင်းတက်နေပြီး အမျိုးသမီးတစ်ယောက်အနေဖြင့် ထိုသို့ဝင်ရောက်ခြင်းက ပို၍ အန္တရာယ်ကင်းသည်ဟု မိသားစုက ယူဆသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ နှမဖြစ်သူ မကွယ်လွန်မီညကမူ TNLA က ထွက်ချင်သည်ဟုပြောပြီး သူမနေရာ ဝင်ယူနိုင်မလားဟုမေးခဲ့ကြောင်း၊ အကြောင်းမှာ တောလမ်းကို ဖြတ်သန်းခဲ့စဉ် သူမခြေထောက် ဆိုးဆိုးဝါးဝါး ထိခိုက်မိခဲ့သောကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း သားနှစ်ယောက်နှင့် အထက်ရှိသော တအာင်းမိသားစုတိုင်းက သားတစ်ဦးကို တအာင်းတပ်သို့ ပို့ရန် TNLA က လိုလားကြောင်း မိုင်းအိုက်ကျော်က ပြောသည်။ “တော်လှန်ရေးစကတည်းက ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတဲ့ အမျိုးသားအများစုက လိုလိုလားလားနဲ့ ကျွန်တော်တို့အဖွဲ့ထဲ ဝင်ခဲ့ကြတာပါ” ဟု ၎င်းက ပြောသည်။

“အချို့ရွာတွေမှာတော့ စုဆောင်းနိုင်မယ့် အမျိုးသားတွေရှိတဲ့ မိသားစုတွေကို ကျွန်တော်တို့ရဲ့ လူသစ်စုဆောင်းရေး ပေါ်လစီအကြောင်း အသိပေးဖို့ လိုပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ထဲမဝင်လည်း ကျွန်တော်တို့က အပြစ်တော့မပေးပါဘူး” ဟု ၎င်းကပြောသည်။ TNLA အနေဖြင့် အမျိုးသားများကိုသာ လူသစ်စုဆောင်းပြီး အမျိုးသမီးများမှာမူ ၎င်းတို့ဆန္ဒအလျောက် ဝင်ရောက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အများအားဖြင့် လေ့ကျင့်ပြီးတာနဲ့ သူတို့(မိန်းကလေးတွေ)ကို ဆေးဝန်ထမ်းသာ ခန့်ပါတယ်။ မွေးချင်းတွေထဲမှာ အမျိုးသမီးတစ်ယောက်က TNLA မှာ တာဝန်ထမ်းဆောင်နေပြီဆိုရင် သူမရဲ့အစ်ကို၊ ဒါမှမဟုတ်မောင်ဖြစ်သူဟာ ကျွန်တော်တို့အဖွဲ့ထဲ ဝင်ဖို့မလိုပါဘူး” ဟု မိုင်းအိုက်ကျော်က ပြောသည်။

အွယ်လောတွင် တွေ့ခဲ့ရသည့် ပြက္ခဒိန်ပေါ်တွင် TNLA တပ်သားသစ်များ၏ပုံကို ဖော်ပြထားသည်။ ဓာတ်ပုံ- Frontier

အွယ်လောတွင် တွေ့ခဲ့ရသည့် ပြက္ခဒိန်ပေါ်တွင် TNLA တပ်သားသစ်များ၏ပုံကို ဖော်ပြထားသည်။ ဓာတ်ပုံ- Frontier

သေဆုံးသူ ဆေးမှူးအမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို မိုဘိုင်းဖုန်းပေါ်၌ တွေ့ရစဉ်။ ဓာတ်ပုံ-Frontier

သေဆုံးသူ ဆေးမှူးအမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို မိုဘိုင်းဖုန်းပေါ်၌ တွေ့ရစဉ်။ ဓာတ်ပုံ-Frontier

သူ၏ နှမဖြစ်သူ သေဆုံးရမှုတွင် တစ်စိတ်တစ်ပိုင်းအားဖြင့် TNLA တွင်လည်း တာဝန်ရှိသည်ဟု သေဆုံးခဲ့သည့် ဆေးဝန်ထမ်း၏ အစ်ကိုဖြစ်သူက ပြောသည်။ တပ်မတော်၏ အပြုအမူများက လူမဆန်ဖြစ်နေချိန် TNLA က အမျိုးသမီးများကို ပိုမို ကောင်းမွန်စွာ အကာအကွယ်ပေးသင့်သည်ဟု ၎င်းကဆိုသည်။

“သူတို့က မိန်းကလေးတွေ၊ ဆေးဝန်ထမ်းတွေဖြစ်တဲ့အတွက် သူတို့ရဲ့ အသက်အတွက် လုံလောက်တဲ့ လုံခြုံရေး ပေးသင့်ပါတယ်” ဟု ၎င်းကပြောသည်။

ဆေးဝန်ထမ်းများလုံခြုံရေးအတွက် ၎င်းတို့တပ်သားနှစ်ဦးတွင် တာဝန်ရှိပြီး တစ်ဦးမှာ အသေပစ်ခံရကာ တစ်ဦးမှာမူ လွတ်မြောက်ခဲ့သည်ဟု ၎င်းတို့၏ ပထမကြေညာချက်တွင် TNLA က ပြောကြားသည်။

အပြစ်ပေးမခံရ

အထူးသဖြင့် ပဋိပက္ခဧရိယာများတွင် လူ့အသိုင်းအဝိုင်းများအပေါ် ထိခိုက်လွယ်မှုကို သတ်ဖြတ်မှုများက မီးမောင်းထိုးပြလျက် ရှိသည်။ အများစုမှာ ဝေးလံခေါင်သီ၍ ရောက်ပေါက်ရန် ခက်ခဲသည့်နေရာများဖြစ်သည်။ အွယ်လောသည် အနီးဆုံးမြို့ နမ္မတူမှ ခြေလျင် နှစ်ရက်ခရီး၊ သို့မဟုတ် မော်တော်ဆိုင်ကယ်ဖြင့် ငါးနာရီကြာ သွားရသည်။

အွယ်လော၊ သို့မဟုတ်အနီးရွာများတွင် ရဲစခန်းမရှိသကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ TNLA ထံ အစီရင်ခံရသည့် တအာင်း အသိုင်းအဝိုင်းမှ လူကြီးများသာဖြစ်သည်ဟု ရွာသားများက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် အကာအကွယ် ကင်းမဲ့နေမှုကြောင့် လူအများအပြားမှာ ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာပြီး အန္တရာယ်ကင်းရေးအတွက် နမ္မတူနှင့် အခြားမြို့များသို့ လာရောက်နေထိုင်ကြသည်။ နေရပ် စွန့်ခွာလာကြသည့် ထောင်ပေါင်းများစွာသော ရှမ်း၊ ကချင်နှင့် လီဆူးတိုင်းရင်းသားများမှာ ယာယီစခန်းများတွင် နေထိုင်နေသည်မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။

၎င်းတို့အနေဖြင့် ၎င်းတို့၏ နေအိမ်များသို့ မပြန်လိုကြောင်း၊ အကြောင်းရင်းမှာ ၎င်းတို့ရွာများကို တပ်မတော် စစ်ကြောင်းကြီးများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ မကြာခဏဖြတ်သန်းနေသောကြောင့်ဖြစ်ကြောင်း၊ နမ္မတူနှင့် မူဆယ်ရှိ စခန်းများတွင် နေထိုင်သူအချို့က Frontier ကို ပြောသည်။

ဝေးလံခေါင်သီမှုဆိုသည်မှာ ရက်စက်မှုများကို အစီရင်မခံနိုင်ခြင်း၊ မှတ်တမ်းမတင်နိုင်ခြင်းဟု အဓိပ္ပါယ် သက်ရောက်နေသည်။ သို့သော်လည်း အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲနေပြီဖြစ်သည်။ ၂ဝ၁၄ ခုနှစ်ကစပြီး နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းကွန်ရက် ဖြန့်ကျက်မှုနှင့် ကင်မရာပါသည့် စမတ်ဖုန်းများ ပြန့်နှံ့လာမှုကြောင့် တရားမဲ့ သတ်ဖြတ်မှုများ၊ နှိပ်စက်မှုများ၊ လိင်အကြမ်းဖက်မှုများနှင့် ပိုင်ဆိုင်မှုအား ဖျက်ဆီးမှုများကို အရပ်သားများကိုယ်တိုင် မှတ်တမ်းတင်ခြင်းနှင့် ဖြန့်ဝေခြင်းများ ပြုလုပ်လာနိုင်ပြီး အများအားဖြင့် လူသုံးများသည့် Facebook မှတဆင့် မျှဝေနေကြသည်။

ထိုသို့အခြေနေများကြောင့် ရံဖန်ရံခါတွင် တပ်မတော်က ၎င်းတို့ တပ်ဖွဲ့ဝင်များကို ကာကွယ်မှုပေးသည့် ကြေညာချက်များ ထုတ်ပြန်ရသလို ရံဖန်ရံခါတွင်လည်း တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များအတွက် ဝန်ခံရသည်များလည်း ရှိလာသည်။

မိသားစုတစ်စုလျှင် တစ်ဦး TNLA ထဲသို့ ဝင်ရောက်ရန် လိုအပ်သော်လည်း TNLA ကမူ အတင်းအကြပ် ဝင်ခိုင်းခြင်းမရှိပဲ ဆန္ဒအလျောက် ဝင်လာကြခြင်းသာဖြစ်သည်ဟု ပြောကြားသည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

မိသားစုတစ်စုလျှင် တစ်ဦး TNLA ထဲသို့ ဝင်ရောက်ရန် လိုအပ်သော်လည်း TNLA ကမူ အတင်းအကြပ် ဝင်ခိုင်းခြင်းမရှိပဲ ဆန္ဒအလျောက် ဝင်လာကြခြင်းသာဖြစ်သည်ဟု ပြောကြားသည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

မကြာသေးမီနှစ်များအတွင်း ဒေသခံများ၏ ဖိအားပေးမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ကျူးလွန်သော စစ်သားများကို တပ်မတော်က ရံဖန်ရံခါ အပြစ်ပေးလာသည်။ သို့သော်လည်း စစ်ခုံရုံးများမှာ လျှို့ဝှက်ပြီး အပြစ်ရှိသော စစ်သားများ ပြစ်ဒဏ်ခံရ၊ မခံရ အထောက်အထားများလည်း မရှိပေ။

တရားမျှတမှုအတွက် တခြားကြီးမားသည့် အတားအဆီးကြီးတချို့လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ ဥပဒေများမှာ ဂျီနီဗာကွန်ဗင်ရှင်း အပါအဝင် နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်နေသည်ဟု Legal Aid Network က ၎င်း၏ ၂ဝ၁၈ ခုနှစ် အစီရင်ခံစာ Seeking Accountability for Ending Impunity in Burma တွင် ဖော်ပြထားသည်။

၂ဝဝ၈ အခြေခံဥပဒေအရလည်း တပ်မတော်သည် အရပ်ဖက်ကြီးကြပ်မှုအောက်မှ ကင်းလွတ်ခွင့်ရနေဆဲဟု အစီရင်ခံစာက ဖော်ပြထားသည်။ နိုင်ငံတော်အဆင့်တွင် တရားစီရင်ပိုင်ခွင့်၊ လွတ်လပ်သည့် တည်ရှိမှုနှင့် လွတ်လပ်သည့် အခွင့်အာဏာမရှိမှုတို့ကြောင့် အရပ်ဖက်တရားရုံးများမှာ မြန်မာစစ်တပ်က ကျူးလွန်သည်ဟု စွပ်စွဲခံရသော ပြစ်မှုကြီးများအတွက် တာဝန်မခံနိုင်သကဲ့သို့ တာဝန်လည်း မယူလိုကြဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သတ်ဖြတ်ခံရသည့် ဆေးဝန်ထမ်းအမျိုးသမီးတစ်ဦး၏ အစ်ကိုသည် အွယ်လောအနီးသင်္ချိုင်းရှိ မြေပုံမှ အရိုးတစ်ချောင်းကို ကောက်ယူလိုက်သည်။ တရားမျှတမှုရှိလာမည့် အလားအလာကို ယုံကြည်ပါသလားဟု မေးမြန်းသည့်အခါ  မည်သည့်ဥပဒေများ ချိုးဖောက်ခံရသည်ကိုပင် မသိဟု ၎င်းက ပြောသည်။

“ဒါမျိုးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းပြီး လူမဆန်ပါဘူး။ ဒါကြောင့် ဒီလိုကျူးလွန်မှုမျိုးတွေကို တားမြစ်တဲ့ ဥပဒေတွေ၊ သဘောတူညီချက်တွေ ရှိမရှိ သိချင်နေပါတယ်” ဟု ၎င်းကပြောသည်။ “ကျွန်တော် အလွန်ဆုံး မျှော်လင့်တာကတော့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ အမှုမှန်ကို ပြည်သူတွေအားလုံး သိနိုင်ရမယ်။ သူတို့ကို အမှန်အတိုင်း သိစေချင်ပါတယ်” ဟု ၎င်းကပြောသည်။

ခေါင်းစီးဓာတ်ပုံ- တပ်မတော်နှင့် တိုက်ပွဲတွင် သေဆုံးသွားခဲ့သည် TNLA ဆေးမှူးခြောက်ဦးအား မီးသဂြိုလ်ထားသည့် နေရာတွင် ဆွေမျိုးတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-Frontier 

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar