လက်တွေ့ကျကျ ဖော်ဆောင်ရမယ့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု

နိုင်ငံပိုင်လုပ်ငန်းတွေမှာ လိုအပ်တဲ့ခေတ်မီစနစ်တွေ မရှိကြဘူး၊ သူတို့က အခုထိ လက်နဲ့ လုပ်နေရတုန်းပါပဲ

ပီတာ ဂျင်ဆင် ရေးသားသည်။

စီဘီဘဏ်ဟာ အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်းဖုန်းကတစ်ဆင့် ငွေပေးချေတဲ့ ဝန်ဆောင်မှုကို စတင်နိုင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။ မိုဘိုင်းကတစ်ဆင့် ငွေပေးချေတာက ရန်ကုန် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေး ကော်ပိုရေးရှင်း(YESC) ကို အားကိုးနေသူတွေအားလုံးအတွက် အများကြီး အထောက်အပံ့ ပေးခဲ့ပါတယ်။

နိုင်ငံအတွင်း မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းကို ၆၂ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပြီး ဒီထဲကမှ ၈၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေ ဖြစ်တယ်လို့ ဆက်သွယ်ရေး ကုမ္ပဏီတွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ဆက်သွယ်ရေး ကုမ္ပဏီ သုံးခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး MPT၊ အူရီဒူး Ooredoo နဲ့ တယ်လီနော Telenor တို့ဟာ စုစုပေါင်း ဆင်းမ်ကတ် ၃၄ သန်းကျော် ရောင်းချရပြီး ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ အများဆုံး ရောင်းချရတာက ရန်ကုန်မြို့ဖြစ်ပြီး တစ်ယောက်ကို စမတ်ဖုန်း နှစ်လုံး၊ သုံးလုံးလောက်စီ ရှိကြတဲ့ တခြားအချက်အချာကျတဲ့ မြို့ကြီးတွေမှာလည်း ရောင်းချရပါတယ်။

နိုင်ငံခြား ဆက်သွယ်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့ မြန်မာနိုင်ငံကို မဝင်ရောက်ခင် လွန်ခဲ့တဲ့သုံးနှစ်က ဆက်သွယ်မှုဈေးကွက်ဟာ ပြိုင်ဆိုင်မှုမရှိဘဲ မိုဘိုင်းအသုံးပြုမှုနှုန်းကလည်း ၁၀ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအထိပဲ ရှိခဲ့ပါတယ်။ တချို့လုပ်ငန်းရင်းမြစ်တွေရဲ့ ခန့်မှန်းချက်အရ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းသုံးစွဲမှုနှုန်းက ၉၀ ရာခိုင်နှုန်း ရောက်လိမ့်မယ်လို့ သိရပါတယ်။ ဒါက နိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကို မဆိုလိုပါဘူး။ အထူးသဖြင့် နိုင်ငံအတွင်းက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေထိုင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ လိုအပ်ချက်ရှိတဲ့ ပြည်သူတွေကို မဆိုလိုပါဘူး။

တယ်လီနောနဲ့ အူရီဒူးတို့ ၂၀၁၄ ခုနှစ်က ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် စရတဲ့အချိန်မှာ လူပြောများခဲ့တဲ့အချက်ကတော့ ငွေကြေးကိစ္စဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းထဲက ၇၀ ရာခိုင်နှုန်း နေထိုင်ကြတဲ့ ကျေးရွာသူ ကျေးရွာသားတွေအဖို့ ဖုန်းပြောဆိုခ ကျသင့်ငွေကလည်း စိတ်ဝင်စားစရာအချက် ဖြစ်ခဲ့ပါတယ်။ အနိမ့်ဆုံးကတော့ ရန်ကုန်မြို့ကြီးမှာ နေထိုင်သူတွေအတွက်တော့ တကယ်မှန်ကန်ထိရောက်မှု ရှိပါတယ်။

“အွန်လိုင်း၊ အီလက်ထရွန်းနစ်စနစ်နဲ့ ကျသင့်ငွေ ပေးချေတာက အရင်ကလို မဖြစ်နိုင်တာမျိုး၊ ရော်ရမ်းမှန်းဆတာမျိုး မဟုတ်တော့ပါဘူး၊ အခု ဖြစ်လာပါပြီ”လို့ ConnectNPay ရဲ့ စီးပွားရေး ဒါရိုက်တာ ရစ်ချတ် ဘတ်တင်ရှောက လွန်ခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ သတ္တမမြောက် မိုဘိုင်းငွေကြေးနှင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ 7th Mobile Money and E-Commerce Summit မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ MCC Group နဲ့ စင်ကာပူရဲ့ Leo Tech တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ConnectNPay ဟာ မေလကစပြီး ဝန်ဆောင်မှုကုမ္ပဏီတွေ၊ ဘဏ်တွေ၊ ငွေပေးချေရေး လုပ်ငန်းပါတနာတွေကြားမှာ e-link ဝန်ဆောင်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ မေလကနေ ဒီဇင်ဘာလအထိ သူတို့ဟာ ငွေကျပ် ၆ ဒသမ ၄၅ ဘီလျံ(ဒေါ်လာ ၄ ဒသမ ၉၈ သန်း) တန်ကြေးရှိ ငွေကြေး အလွှဲအပြောင်းကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အခုလို ငွေကြေးအလွှဲအပြောင်း လုပ်ဆောင်နိုင်ဖို့ သူတို့ဟာ ရန်ကုန် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေး ကော်ပိုရေးရှင်း YESC လို နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ အချက်အလက်ကို ဒီဂျစ်တယ်ပုံစံ ကူးပြောင်းဖို့ အကူအညီ ပေးခဲ့ရတယ်လို့ သိရပါတယ်။

“နိုင်ငံပိုင် လုပ်ငန်းတွေမှာ လိုအပ်တဲ့ခေတ်မီစနစ်တွေ မရှိကြဘူး၊ သူတို့က အခုထိ လက်နဲ့ လုပ်နေရတုန်းပါပဲ”လို့ စီဘီဘဏ်ရဲ့ စားသုံးသူဆိုင်ရာ ဘဏ်လုပ်ငန်းဌာန ဒု ဌာနမှူး ကိုဇော်မင်းသန့်က ဆိုပါတယ်။ “ဒါကြောင့် ConnectNPay က သူတို့အတွက် ဒစ်ဂျစ်တယ် စနစ်ကို တည်ဆောက်ပေးခဲ့ရပါတယ်။ သူတို့တတွေ စနစ်တစ်ခုတည်းမှာ စုစည်းမိသွားပါတယ်”လို့ သူက ထပ်လောင်းပြောကြားပါတယ်။

စီဘီဘဏ်ဟာ ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲထားတဲ့ ငွေအလွှဲအပြောင်း၊ အကြွေးဝယ်ကတ် ငွေပေးချေမှုလို ဝန်ဆောင်မှုမျိုးကို သူတို့ရဲ့ ဖောက်သည်တွေကို လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီလို ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲတဲ့နေရာမှာ ပြည်သူ့ဝန်ဆောင်မှုကုမ္ပဏီတွေကြား လိုအပ်တဲ့ အွန်လိုင်း ချိတ်ဆက်မှုကို ConnectNPay က လုပ်ဆောင်ပေးပါတယ်။

ConnectNPay ဟာ မြန်မာ့အီလက်ထရွန်းနစ် စွမ်းအင်လုပ်ငန်း၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းနဲ့ ရန်ကုန်မြို့ ဖွံဖြိုးတိုးတက်ရေး ကော်မတီတို့က အချက်အလက်တွေကိုလည်း ဒီဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

“သူတို့ရဲ့ ကျသင့်ငွေ ပေးချေမှု လုပ်ငန်းစဉ်အားလုံးကို ဒီဂျစ်တယ် စနစ်အဖြစ် ပြောင်းလဲပြီးပါပြီ”လို့ မစ္စတာ ဘတ်တင်ရှောကဆိုပြီး ရန်ကုန်မြို့တော်စည်ပင်နဲ့ ပတ်သက်လို့လည်း “သူတို့က မြို့တွင်းက အိမ်အားလုံးရဲ့ အချက်အလက်တွေကို သိနေကြပါပြီ။ ဘယ်အိမ်ကို ဘယ်သူပိုင်တယ်၊ ဘယ်သူငှားတယ်က အစပေါ့၊ ပြီးတော့ ဘယ်လောက်ကျသင့်လဲ ဆိုတာတွေကိုပါ ကျွန်တော်တို့ရဲ့ စနစ်ကတစ်ဆင့် သိရှိဆောင်ရွက်နေနိုင်ပါပြီ”လို့ သူက ပြောပါတယ်။

တကယ်တော့ အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးကို ConnectNPay ကုမ္ပဏီတစ်ခုတည်းက လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတစ်ဝန်း ဆိုင်ပေါင်း ၁၀,၀၀၀ ခန့် စုစည်းထားနိုင်တဲ့ Red Dot Network ဟာ ၂၀၁၅ ခုနှစ်မှာ သူတို့လုပ်ငန်းကို စတင်ခဲ့ပါတယ်။ Red Dot ဟာ အရင်ကလို ခဲခြစ်၊ ဂဏန်းတွေ ရိုက်ထည့်ပြီး ဖုန်းငွေဖြည့်ရတာမျိုး လုပ်စရာမလိုတော့တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ခြင်းလို အီလက်ထရွန်းနစ် ငွေပေးချေရေးကို လုပ်ဆောင်ပါတယ်။ လက်ရှိဆိုရင် နိုင်ငံတစ်ဝန်းမှာ ဘဏ်ခွဲအရေအတွက်ထက် ပိုတဲ့ Red Dot ရဲ့ ဆိုင် ၁၀,၀၀၀ အပြင် လက်ခွဲဆိုင်ငယ်ပေါင်းကလည်း ၁,၀၀၀ လောက် ရှိနေပြီလို့ သိရပါတယ်။

“ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ ဘဏ်လုပ်ငန်းအခြေခံအဆောက်အအုံက လက်ရှိအချိန်မှာ မပြည့်စုံသေးပါဘူး။ ဒါကြောင့် Red Dot က အကူအညီပေးချင်တာပါ”လို့ Red Dot ရဲ့ ဈေးကွက်တာဝန်ခံအရာရှိချုပ် အင်ဒရူး ဝယ်လင် Andrew Whelan က ဆိုပါတယ်။ Red Dot ဟာ သူရဲ့ ဖောက်သည်တွေ ငွေပေးချေရတာကို အလွယ်တကူ လုပ်နိုင်စေဖို့ ဘဏ်စာရင်းတွေ ဖွင့်စေခြင်းဖြင့်လည်း ဘဏ်တွေကို အကူအညီပေးလျက်ရှိနေပါတယ်။ “ကျွန်တော်တို့ဟာ လက်လီအရောင်းဆိုင် ၅,၀၀၀ လောက်ကို ဘဏ်စနစ်ထဲ ထည့်ပေးနိုင်ခဲ့ပြီး နောက်လည်း ဘဏ်စနစ်ထဲ အများအပြား ဝင်ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်”လို့ မစ္စတာ ဝယ်လင်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းဘဏ်စနစ်အကြောင်း လူပြောများနေရတဲ့ အကြောင်းက လူတွေဟာ ဘဏ်တွေကို မသုံးချင်ကြတာကြောင့် ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ ဘဏ်တချို့ ဖျက်သိမ်းခဲ့ရပြီးနောက်ပိုင်း လူတွေဟာ ဘဏ်ကို အပြည့်အဝ ယုံကြည်မှု မရှိတော့ပါဘူး။

ဆန်းစစ်ချက်တွေအရ နေထိုင်သူဦးရေရဲ့ ၆ ရာခိုင်နှုန်းကသာ တစ်ခုထက်ပိုတဲ့ ငွေကြေးဝန်ဆောင်မှုကို အသုံးပြုပြီး ၂၄ ရာခိုင်နှုန်းက ဝန်ဆောင်မှု တစ်ခုတည်း အသုံးပြုကြတယ်၊ အထူးသဖြင့် ဒေါ်လာ ဘီလျံချီတဲ့ ငွေပေးငွေယူလုပ်ငန်းလိုမျိုး ဖြစ်ရပါတယ်။

“၂၀၁၃ ခုနှစ်အဆုံးမှာ မြန်မာနိုင်ငံမှာ ဘဏ်ပေါင်း ၂၄ ဘဏ်ဖွင့်ပြီး ဘဏ်ခွဲပေါင်း ၁,၀၀၀ လောက် ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ပါတယ်”လို့ Wave Money Myanmar က အမှုဆောင်အရာရှိချုပ် ဘရက် ဂျုံးစ် Brad Jones က ဆိုပါတယ်။ “ဒါကြောင့် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း လုပ်ဆောင်မှုဟာ လူဦးရေ ၁ သိန်းမှာ ၂ ဒသမ ၆ ဦးနှုန်းရှိပြီး ဒါဟာ အာဖဂန်၊ ဟေတီနဲ့ ဆူဒန်နိုင်ငံတို့က အရေအတွက်နဲ့ အတူတူပါပဲ”လို့ သူက ထပ်လောင်းပြောကြားပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုမှု တိုးပွားနေပါရက်နဲ့ မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုစနစ်မှာ အများစုပါဝင်လာမှု မြန်မြန်ဆန်ဆန် ဖြစ်ထွန်းမလာဘူးဆိုရင်တော့ ဘဏ်တွေမှာ ဒီမေးခွန်းအတွက် အဖြေတစ်ခုခု ရှိနေရပါတော့မယ်။

ရိုးမဘဏ်နဲ့ တယ်လီနောမြန်မာတို့ ပူးပေါင်းလုပ်ဆောင်တဲ့ Wave Money လုပ်ငန်းဟာ ကျေးလက်ဒေသတွေမှာ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။

“ကျွန်တော်တို့ ငွေပေးချေတာတွေကို လုပ်ဆောင်ပေးချင်ပါတယ်။ အခု လောလောဆယ်တော့ ဘဏ်က လုပ်ပေးနေသေးပေမဲ့ နောက်ပိုင်းမှာ သူတို့က ပိုပြီးအကျိုးရှိတဲ့ လုပ်ငန်းတွေဘက် ပြောင်းသွားမယ်လို့ ထင်ပါတယ်”လို့ မစ္စတာ ဂျုံးစ်က ဆိုပါတယ်။ Wave Money အနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုကို စမ်းသပ်နေပြီး ဈေးကွက်ထဲ စတင်ဖြန့်ချိဖို့ကိုတော့ မြန်မာနိုင်ငံဗဟိုဘဏ်က ချမှတ်ပေးတဲ့ လိုင်စင်ရဖို့ လိုအပ်သေးတာကြောင့် နောက်တက်လာမယ့် အစိုးရသစ်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ခန့်ထားမှုကို စောင့်စားဖို့ လိုအပ်နေပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ဗဟိုဘဏ်က ပထမဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှု စည်းမျဉ်းဥပဒေ မူကြမ်းကို ထုတ်ပြန်ခဲ့ပြီး အဲဒါက ဆက်သွယ်ရေးကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်ဖို့ ဝန်ဆောင်မှုတွေအဖြစ် အဓိပ္ပာယ် ဖွင့်ထားပါတယ်။ ဒီမူကြမ်းနဲ့စပ်လျဉ်းပြီး တချို့က ထောက်ခံ၊ တချို့က ကန့်ကွက်နဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

“ဧရာဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ ရိုးမဘဏ်တွေက ကြိုဆိုထောက်ခံကြတဲ့ဘဏ်တွေပါ”လို့ အကြံပေးလုပ်ငန်းဖြစ်တဲ့ Financial Intelligence Agency က မန်နေဂျင်းဒါရိုက်တာ တင်မ် ရှက်ဖ်မန်း Tim Scheffmann ကဆိုပြီး “တခြားဘဏ်တွေကတော့ ဒီဂျစ်တယ်လုပ်ငန်းမှာ မပါချင်ကြဘူး။ သူတို့က စာရွက်ပေါ်မှာ ဆက်လုပ်နေကြသေးတာမို့ ဒီလုပ်ငန်းစဉ်မှာ ကန့်ကွက်စကား ဆိုကြပါတယ်”လို့ ထပ်လောင်းပြောကြားပါတယ်။

မိုဘိုင်းငွေကြေးလုပ်ငန်းမှာ ဘဏ်တွေ ပါဝင်လာမှုက ဒီကဏ္ဍရဲ့ တိုးတက်မှုအတွက် အရေးကြီးတဲ့အပြင် ဘဏ်လုပ်ငန်းနဲ့ ကင်းကွာနေသေးတဲ့ မြန်မာပြည်သူအများစုက ငွေကြေးလှည့်ပတ်မှုကဏ္ဍထဲ ပါဝင်လာဖို့အရေးအတွက်လည်း အရေးကြီးလှပါတယ်။

နိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်း တိုးပွားလာတာနဲ့အမျှ နည်းပညာကို အသုံးနည်းအောင် ထိန်းချုပ်ထားတာထက် အသုံးများအောင် လုပ်ပေးတာက ဘဏ်တွေအနေနဲ့ ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းစေပါလိမ့်မယ်။ မိုဘိုင်းအသုံးပြုမှု ၇၅ ရာခိုင်နှုန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးမှာ အဲဒီဥပဒေကို ၂၀၁၀ ကတည်းက ပြဋ္ဌာန်းပြီး မိုဘိုင်းငွေကြေးလုပ်ငန်းကိုလည်း ဘဏ်တွေက ဦးဆောင်ဖို့ တွန်းအားပေးခဲ့ပါတယ်။

“လွန်ခဲ့တဲ့လေးနှစ်ခွဲက မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို စတင်ခဲ့ပြီးတဲ့နောက် ငွေကြေးကဏ္ဍမှာ ပြည်သူပါဝင်လာမှုက ၃၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်”လို့ အိန္ဒိယနိုင်ငံ၊ လပ်ကနောင်မြို့မှာ ရုံးစိုက်တဲ့ MicroSave ငွေကြေးအတိုင်ပင်ခံအဖွဲ့ စီမံကိန်းမန်နေဂျာ ဂျာကီရူ အစ္စလာမ် Jakirul Islam က ဆိုပါတယ်။ “အဲဒီဘင်္ဂလားဒေ့ရှ်က ဘဏ်လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း ၁၃ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်”လို့ သူက ဆိုပါတယ်။

မိုဘိုင်းငွေကြေးလုပ်ငန်း အောင်မြင်ဖို့အတွက် ဘဏ်တွေအနေနဲ့ ကျေးလက်ဒေသတွေမှာ ကိုယ်စားလှယ်တွေထားပြီး လိုအပ်တဲ့သင်တန်း၊ ရင်းနှီးမြုပ်နှံမှုနဲ့ အချိန်တွေပေးဖို့တော့ လိုအပ်လှပါတယ်။

“ကျွန်တော်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ စိတ်ဝင်စားမှုနည်းကြတာ၊ တနည်းအားဖြင့် ROI(return on investment) ဆိုတဲ့ ရှယ်ယာရှင်တွေအနေနဲ့ ဘာပြန်ရမလဲ ဆိုတာ ချပြဖို့ လိုအပ်နေသေးတဲ့ အချက်ပါပဲ”လို့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်အောင်က ဆိုပါတယ်။ “ကျွန်တော်အနေနဲ့ အေးဂျင့်တစ်ယောက် ရဖို့ဆိုရင် အချိန်၂ နာရီ ၃ နာရီလောက် အချိန်ပေးဖို့လိုပြီး ကျွန်တော့်ဆီက လူအင်အား ၃၊ ၄ ယောက်လောက်ကိုလည်း ထုတ်သုံးရပါဦးမယ်။ အဲ သူတို့ကို လေ့ကျင့်ပေးလိုက်လို့ သူတို့ တတ်ကျွမ်းသွားပြီဆိုရင် သူများတွေက သူတို့ကိုခေါ်ဖို့ ကြိုးစားကြပါလိမ့်မယ်”လို့ သူက ပြောကြားပါတယ်။

မြန်မာနိုင်ငံအတွင်း မိုဘိုင်းငွေကြေးကို ထိထိရောက်ရောက်အသုံးပြုချင်တယ်ဆိုရင်တော့ ဘဏ်တွေ ပါဝင်ဆောင်ရွက်လာကြမယ့် အခန်းကဏ္ဍက မရှိမဖြစ် လိုအပ်ပါတယ်။

“ဘဏ်အနေနဲ့ ယုံကြည်ရတဲ့ အကောင့်တစ်ခုကို ကိုင်ထားဖို့လိုပြီး အဆုံးမှာတော့ ငွေကြေးကို ရယူပိုင်ဆိုင်နိုင်ဖို့ ပါပဲ”လို့ မစ္စတာ ဂျုံးစ်က ပြောပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုမှု တိုးပွားနေပါရက်နဲ့ မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုစနစ်မှာ အများစုပါဝင်လာမှု မြန်မြန်ဆန်ဆန် ဖြစ်ထွန်းမလာဘူးဆိုရင်တော့ ဘဏ်တွေမှာ ဒီမေးခွန်းအတွက် အဖြေတစ်ခုခု ရှိနေရပါတော့မယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar