လက္ကာရွာ မီးရှို့ဖျက်ဆီးမှု ဘက်မလိုက်သည့်စစ်ဆေးမှုပြုလုပ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့(HRW) ပြော

အေအပ်ဖ်ပီ
ရန်ကုန်-ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာရှိ နေအိမ်များ မေ ၁၆ ရက်တွင် မီးရှို့ခံရမှုတွင် တပ်မတော်၏လက်စလက်နက်များကို တွေ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့(HRW) က မေ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။
လက္ကာကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု လက်စလက်နများသည် ရခိုင်ပြည်နယ်တွင်းရှိ ကျေးရွာများ၌ မီးရှို့ဖျက်ဆီးခံရစဉ်က နှင့် တူညီနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဂြိုဟ်တုဓာတ်ပုံများ၊ မျက်မြင်သက်သေများ၏ပြောဆိုမှုကို ကိုးကားကာ ထုတ်ပြန်ခဲ့သည်။
လက္ကာကျေးရွာ၌ နေထိုင်သော ရခိုင်လူမျိုးများသည် လွန်ခဲ့သောတစ်နှစ်ကျော်ခန့်ကတည်းက နေရပ်စွန့်ခွာခဲ့ပြီးဖြစ်သောကြောင့် မီးရှို့ခံရစဉ်တွင် လူသူပြတ်လပ်နေခဲ့သည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်မတော်( အေအေ)တို့ကြား တိုက်ပွဲဖြစ်နေသည်မှာ ယမန်နှစ် ဇန်နဝါရီကတည်းကဖြစ်သည်။ မြန်မာစစ်တပ်နှင့် အေအေတို့ကြား တိုက်ခိုက်မှုကြောင့် လူများစွာသေဆုံးပြီး လူ ၁၅၀ ၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
လက္ကာကျေးရွာမီးရှို့ခံရမှုနှင့်ပတ်သက်၍ တပ်မတော်နှင့် အေအေတို့က ၎င်းတို့လက်ချက်မဟုတ်ကြောင်း အသီးသီးပြောဆိုပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်ပုံချလျက်ရှိနေသည်။
မကြာသေးမီနှစ်များအတွင်း ရိုဟင်ဂျာကျေးရွာများ၌ တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သည့် ပုံစံများကို လက္ကာကျေးရွာ၌လည်း တွေ့နေရကြောင်း HRW ၏ အာရှဆိုင်ရာ ဒုတိယဒါရိုက်တာ ဖီလ် ရောဘတ်ဆင်ကပြောဆိုခဲ့သည်။
“ဘာတွေဖြစ်ခဲ့တယ်၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ရယ်တို့အတွက် ဘက်မလိုက်ဘဲ သိက္ခာရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို အရေးတကြီးပြုလုပ်ဖို့လိုအပ်နေပြီး နစ်နာခဲ့ရတဲ့ ကျေးရွာသားတွေကို ထောက်ပံ့ပေးနိုင်ဖို့ရယ်အတွက်ကိုလည်း လုပ်ဆောင်ပေးရပါမယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ တပ်မတော်၏နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၅၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မြန်မာသည်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးပြုတ်သတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
အစိုးရသည် စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် တပ်မတော်ကိုပဲ တာဝန်မပေးဘဲ ကုလသမဂ္ဂ၏အကူအညီကိုလည်း ရယူသင့်ကြောင်း ရောဘတ်ဆင်ကပြောဆိုခဲ့သည်။
HRW သည် ပျက်စီးမှုပမာဏကို သုံးသပ်ရာတွင် ဂြိုဟ်တုဓာတ်ပုံများကိုသာ အဓိကထားခဲ့ရသဖြင့် အဆောက်အအုံများ၏အတွင်းပိုင်း မည်မျှထိခိုက်ပျက်စီးသည်ကိုမူ မပြောနိုင်ကြောင်း HRW ကပြောဆိုခဲ့သည်။
လက္ကာရွာမီးရှိုှု့မှုတွင် လူသေဆုံးခဲ့သည်ဆိုသည့်သတင်းကို မကြားရသေးချေ။
နေရပ်စွန့်ခွာချိန်ကတည်းက ကျေးရွာနားရှိ ပြည်တွင်းစစ်ဘေးရှောင်စခန်းတစ်ခု၌ နေထိုင်ခဲ့သည့် အသက် ၄၆ နှစ်အရွယ် ဦးကျော်ဇောလှက မီးရှို့ခံရသည့် အိမ်များတွင် ၎င်း၏အိမ်လည်းပါဝင်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
“အကုန်ဆုံးရှုံးတာပါပဲ၊ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုလည်း လုပ်လို့မရဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိဘူး” ဟု ၎င်းက အေအက်ဖ်ပီသို့ပြောဆိုခဲ့သည်။
အေအေသောင်းကျန်းသူများသည် ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် တိမ်းရှောင်သွားပုံကို တပ်မတော်က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မြင်တွေ့ခဲ့ရကြောင်း မြန်မာစစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အေအေ၏စွပ်စွဲချက်ကို တုံ့ပြန်ဖြေရှင်းပြောဆိုခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားနေသည့်နေရာတွင် အင်တာနက်ဝန်ဆောင်မှုကို ရပ်ဆိုင်းထားပြီး သတင်းမီဒီယာသမားများ ဝင်ရောက်ခွင့်မရှိသဖြင့် အတည်ပြုပြောဆိုရန် ခက်ခဲနေခဲ့သည်။
စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် မြန်မာစစ်တပ်ကို စုံစမ်းစစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ မစ္စ ယန်ဟီးလီက လွန်ခဲ့သောလတွင်ပြောဆိုခဲ့သည်။
အေအေတပ်ဖွဲ့ဝင်အဖြစ် သံသယရှိသူများကို တပ်မတော်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေကြောင်း လီက စွပ်စွဲပြောဆိုခဲ့သည်။ စွပ်စွဲမှုများ မှန်ကန်ခြင်းမရှိကြောင်း တပ်မတော်က တုံ့ပြန်ခဲ့သည်။
သက်အေး ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ။ Planet Lab က ရိုက်ကူးပြီး HRW က မေ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံ၌ လက္ကာကျေးရွာရှိ မီးရှို့ခံရသော အဆောက်အအုံများကိုတွေ့ရစဉ်။
(AFP | PLANET LABS VIA HUMAN RIGHTS WATCH)

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.