မြတ်ကျော်သူ
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည့် အာဆာအဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲ ဖမ်းဆီးခံရသည့် ဦးအောင်ဇော်ဝင်းအပေါ် စွဲဆိုထားသည့် အမှုများအားလုံးအတွက် မောင်တောခရိုင် တရားရုံးက ဇွန် ၂၀ ရက်နေ့တွင် တရားရှင် လွှတ်လိုက်ကြောင်း သိရသည်။
ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဇော်ဝင်း(ခေါ်) ဇော်ကိရ်အာမက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်၌ ပါဝင်ခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်၌ ဖမ်းဆီးခံရကာ မြန်မာအာဏာပိုင်များထံ ဘင်္ဂလားဒေရှ့် အာဏာပိုင်များက လွှဲပြောင်းပေးခဲ့သူနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းအား ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဦးအောင်ဇော်ဝင်းအား ငါးခူရနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၃၃/ ၃၀၇/၃၂၄/၃၄၊ (ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(က)၊ မတရားအသင်း အက်ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု ဖမ်းဆီးခံရချိန်က သတင်းများတွင် ဖော်ပြခဲ့သည်။
“လွှဲလိုက်တဲ့ နှစ်ယောက်ကို ကျွန်တော်တို့က တရားရုံးမှာ ရုံးတင်တယ်။ ရုံးတင် စစ်ဆေးတဲ့အခါ သူတို့ရဲ့ ထွက်ဆိုချက်အရ အောင်ဇော်ဝင်းက ဒီဟာတွေကို ငွေကြေး ထောက်ပံ့စီမံတယ်ဆိုတဲ့ တရားရုံးမှာ ထွက်ဆိုတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗီအိုအေသတင်းဌာနကို ထိုစဉ်က ပြောကြားခဲ့သည်။
သို့သော် ဦးအောင်ဇော်ဝင်းအပေါ် စွပ်စွဲထားမှုများမှာ ခိုင်လုံမှုမရှိဟုဆိုကာ တရားရုံးက တရားရှင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“တရားရုံးမှာ သက်သေ ၂၁ ဦးကို စစ်ဆေးခဲ့ပြီးနောက် သူ့ကို လွှတ်ပေးလိုက်ပါတယ်” ဟု ၎င်း၏ ရှေ့နေဖြစ်သူ ဦးသင်္ခါကျော်က Frontier ကို တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။
ဦးအောင်ဇော်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ရန်ကုန်မြို့ရှိ အထင်ကရ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော Shine Construction ကို တည်ထောင်ထားသူဟုလည်း လူသိများသည်။