ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် အနည်းဆုံး ၁၆၀ ဦး သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

ရှမ်ပြည်နယ်မြောက်ပိုင်းဒေသတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သုံးလကြာခန့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် သေဆုံးသူ အနည်းဆုံး ၁၆၀ ဦး ရှိခဲ့သည်ဟု တပ်မတော်အရာရှိကြီးတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လူပေါင်း ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

တိုက်ပွဲများကြောင့် တပ်မတော်သား ၇၄ ဦး၊ ရဲ ၁၅ ဦး၊ ပြည်သူ့စစ် ၁၃ ဦးနှင့် အရပ်သား ၁၃ ဦးသေဆုံးခဲ့ရသည်ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ တိုက်ပွဲများ စတင်ချိန်က စတင်ပြီး တပ်မတော်၏ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ကာ ပထမဆုံး ထုတ်ဖော်ပြောကြားခြင်းလည်း ဖြစ်သည်။

“ရန်သူအလောင်း ၄၅ လောင်းကို ရရှိခဲ့ပြီးတော့ လေးဦးကို ဖမ်းဆီးမိခဲ့ပါတယ်” ဟု တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်သူ ၎င်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားသည်။

သူပုန်ရာပေါင်းများစွာသေဆုံးခဲ့သည်ဟုလည်း အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်များကို ရိုက်ကူးထားသည့် ဓာတ်ပုံများအပေါ် အခြေခံပြီး ၎င်းကပြောကြားခဲ့သည်။

နယ်စပ်ဒေသများတွင် လွန်ခဲ့သည့်ဆယ်စုနှစ်ပေါင်းများကတည်းက ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်သွားစေရေး ကြိုးပမ်းမှုအနေဖြင့် ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန် အစိုးရက ပြင်ဆင်နေစဉ် တပ်မတော်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

အစိုးရက ဦးစီးဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်ဆိုင်းရေးသဘောတူညီချက် (NCA) ကို လက်မှတ်ထိုးမည်မဟုတ်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြေညာခဲ့သည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar