ရှမ်းပြည်တောင်ပိုင်း၌ အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်မှု အကြောင်းအရင်းကို စတင်စုံစမ်း

အောက်တိုဘာ ၃၀

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(NCA) လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဘာကြောင့် ပြန်ဖြစ်ခဲ့သလဲဆိုတာကို ကွင်းဆင်းစစ်ဆေးတဲ့လုပ်ငန်းတွေ ယနေ့စတင်တော့မှာဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

စစ်ဆေးမှုတွေကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC)က ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တစ်ခုကဦးဆောင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အစိုးရ၊ တပ်မတော်နဲ့ RCSS/SSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

ဒါဟာ RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း၊ လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်း အောက်တိုဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြောင်း စုံစမ်းဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်။

“ဒီတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲချက်အပေါ်မှာ တစ်ဖက်က NCA ကို မလိုက်နာတာလည်း သိရှိဖို့လိုအပ်တယ်”လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ နေပြည်တော်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေးအပြီးမှာ သူက ပြောလိုက်တာပါ။

JMC ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို စောင့်ရှောက်ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့အတွက် အခုလို ပြဿနာပေါ်ပေါက်လာတဲ့အခါ ဘယ်လိုဖြစ်တာလဲဆိုတာနဲ့ ဘယ်သူက NCA ကို ဖောက်ဖျက်သတာလဲဆိုတာတွေကို စုံစမ်းဖို့လိုအပ်သလို အဖြေသိမှသာ မည်သို့ ဖြေရှင်းကြမလဲဆိုတဲ့ အဖြေကို ရှာနိုင်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ဆိုပါတယ်။

“စစ်ဆေးလို့ ရလဒ်ထွက်လာပြီဆိုရင် အရေးယူတာတွေက ပြဌာန်းထားတဲ့ ဥပဒေအရတော့ မရှိဘူးပေါ့။ သို့ပေမယ့်လည်း ဒီဖြစ်စဉ်မှာဘယ်လို ဖြစ်တယ်ဆိုတာ အစအဆုံး ရှင်းရှင်းလင်းလင်းသိပြီးတော့ သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းရဲ့ အသီးသီးထံကို ပြန်ပြီးတော့ အစီရင်ခံမယ်။ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပူးပေါင်း ဖြေရှင်းမှုတွေကိုတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူအချို့ကို Frontier က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာတော့ မရရှိသေးပါဘူး။

တိုက်ပွဲဖြစ်ရတဲ့အကြောင်းအရင်းဟာ ဘိန်းဖြတ်စခန်းမှာ အဖမ်းခံထားရတဲ့ ဒေသခံ ၂၅ ဦးကို တပ်မတော်က ကယ်တင်ဖို့ဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့မှာ သီပေါမြို့နယ် နန့်လန်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ထံ လွှဲအပ်ပေးလိုက်တယ်ဆိုတဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ဟာ မှားယွင်းပြီး NCA စာချုပ်ကို ချိုးဖောက်ခြင်းသာ ဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ဖက်က ဆိုထားပါတယ်။

RCSS/SSA အဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း တာဝန်ယူတဲ့ အစိုးရနဲ့ အစောဆုံး အပစ်ရပ်လက်မှတ် ရေးထိုးခဲ့တဲ့အဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ် ရေးထိုးစဉ်မှာလည်း ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ထဲက တစ်ခုဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar