ရှမ်းတပ်ဖွဲ့ ထိန်းချုပ်သည့် ဒေသများတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ထား

မိုင်းရှူး၊ ဧပြီ ၁

ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ရာဒေသများတွင် ကြားဖြတ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု မျှော်လင့်ထားပြီး လက်ရှိအချိန်အထိ ပြဿနာတစ်စုံတရာ မရှိသေးကြောင်း မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

ရှမ်းပြည်နယ် မိုင်းရှူးနှင့် ကျေးသီးမြို့နယ်များအတွင်းရှိ မဲရုံတစ်ချို့သည် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း တည်ရှိသောကြောင့် ရွေးကောက်ပွဲမတိုင်မီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ဖူးသည်။။

မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA ထိန်းချုပ်ရာ ဒေသများမှ လူ ၄,၀၀၀ ကျော် မဲပေးနိုင်မည့် မဲရုံ ငါးရုံကို ရွှေ့ပြောင်းထားပြီး အဆိုပါဒေသမှ ဒေသခံများ မဲပေးနိုင်ရေးအတွက် အကြိုအပို့ကားများ စီစဉ်ပေးထားသည်ဟု မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောသည်။

အဆိုပါဒေသများရှိ မဲရုံနှင့် မဲလက်မှတ်များ လုံခြုံရေးအတွက် အစိုးရထိန်းချုပ်ရာဒေသများတွင် တပ်နှင့် ရဲ ပူးပေါင်းပြီး လုံခြုံရေးယူပေးထားပြီး SSPP/SSA ထိန်းချုပ်ရာဒေသများတွင် မဲရုံမှူးများနှင့် စေတနာ့ဝန်ထမ်းများက စောင့်ကြည့်မည်ဟု ဦးသိန်းဝင်းကပြောသည်။

SSPP/SSA ကလည်း ၎င်းတို့ ထိန်းချုပ်ရာနေရာများတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စည်းရုံးခွင့်နှင့် မဲပေးခွင့်ကို အာမခံကြောင်း ကြေညာထားပြီး ၎င်းတို့ ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းတွင်လည်း မဲရုံသုံးရုံ ဖွင့်လှစ်ထားသည်။

မိုင်းရှူးအခြေစိုက် နိုင်ငံရေးပါတီများ၏ အဆိုအရ ရွေးကောက်ပွဲကျင်းပသည့် ယနေ့နံနက် ၉ နာရီခန့်အထိ ပြဿနာ တစုံတရာ မရှိသေးကြောင်း သိရသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar