ရှစ်တန်းကျောင်းသားအား ဘုန်းကြီးက ရိုက်နှက်မှုကို ရဲတပ်ဖွဲ့က သာသနာရေးနှင့် သံဃနာယကသို့ တင်ပြထား

ကျော်လင်းထွန်း

မန္တလေးတိုင်းဒေသကြီးတွင် ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော အဋ္ဌမတန်းကျောင်းသားအား ဘုန်ကြီးတစ်ပါးက ပြင်းထန်စွာ ရိုက်နှက်မှုအတွက် မိဘဖြစ်သူများမှ အမှုဖွင့် တိုင်ကြားထားသော်လည်း ရဲတပ်ဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သံဃမဟာနာယကအဖွဲ့ထံ စာတင်ထားကာ အကြောင်းပြန်ကြားမှုအား စောင့်ဆိုင်းနေရဆဲဖြစ်၍ သံသယရှိသူအား ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် ဧပြီ ၂၃ ရက်တွင် Facebook လူမှုကွန်ရက်ပေါ်၌ စတင်ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။ လွှင့်တင်ထားသော ဗီဒီယိုဖိုင်တစ်ခု၌ မတ္တရာမြို့နယ်တွင် ဘုန်းကြီးတစ်ပါးက အဆိုပါ အသက် ၁၄ နှစ်အရွယ်ကျောင်းသားအား ပြင်းထန်စွာ ကျိန်းမောင်းရိုက်နှက်နေပုံများ ပါရှိခဲ့သည်။

တောင်ကန်ကျေးရွာအုပ်စု၊ ကင်းရွာ၌ မိဘများနှင့်အတူ နေထိုင်သူ မောင်ဝေဖြိုးနိုင်သည် အခင်းဖြစ်ပွားသည့်နေ့က အခြား ဆယ်ကျော်သက် သူငယ်ချင်းများနှင့်အတူ လွင်ဦးဘုန်းကြီးကျောင်းဝန်းအတွင်း သရက်သီးကောက်နေခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူငယ်ချင်းအုပ်စု အပြန်အလှန် စနောက်ကြရင်း “ခွေးပါးစပ်က နတ်စကားထွက်တယ်” ဟု မောင်ဝေဖြိုးနိုင်က ပြောမိရာ ကိုရင်ကြီးအချို့က ယာယီကျောင်းထိုင်ဖြစ်သူ ဥူးဇင်းစိုး (ဘွဲ့အမည် အတိအကျ မသိရ) အား တိုင်ကြား လျှောက်ထားရာမှ ယင်းယာယီကျောင်းထိုင်ဆရာတော်က ထိုနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အွန်လိုင်းတွင် ပြန့်နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် အဆိုပါဘုန်းကြီးက မောင်ဝေဖြိုးနိုင်ကို ဆံပင်မှကိုင်ကာ ဒရွတ်တိုက် ဆွဲခေါ်လာပြီး တစ်နေရာအရောက်တွင် ၎င်းအား ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ လက်သီးဖြင့် ထိုးခြင်း၊ ခြေဖြင့် ကန်ခြင်း၊ သစ်ချောင်းများဖြင့် ရိုက်နှက်ခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ အခြား ကိုယ်တော်တစ်ပါးက ဝင်ရောက် ဖျန်ဖြေရန် ကြိုးစားသော်လည်း ဘုန်းကြီးက ယင်းကိုယ်တော်ကို တွန်းထုတ်လျက် ဆက်လက် ရိုက်နှက်ခဲ့သည်ကို တွေ့ရသည်။

ဗီဒီယိုဖိုင်အတွင်း ပါဝင်သော ဖြစ်ရပ်များ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့သည့် ဒေသခံများ၏ အဆိုအရ ၎င်းဘုန်းကြီးက မောင်ဝေဖြိုးနိုင်ပြောကြားသော စကားသည် ၎င်းအား ရည်ရွယ်သည်ဟု အထင်ရောက်လျက် ထိုသို့ပြုမှုခဲ့ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

အဆိုပါဘုန်းကြီးမှာ လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင်ခန့်ကလည်း ရွာတွင်းရှိ အမျိုးသမီးတစ်ဦးနှင့် ရည်ငံဖောက်ပြားမှု ရှိခဲ့ဖူးသည်ဟု ပြောကြားမှုများ ရှိနေပြီး ထိုသို့ဖြစ်ပွားပြီးချိန်မှစ၍ ရွာသူ၊ ရွာသား အများစုက ၎င်းအား အရိုအသေ နည်းလာသလို ၎င်း၏ တရားပွဲများတွင်လည်း အနီးအပါးမှ ဖြတ်သွားရင်းဖြစ်စေ၊ တရားပွဲ အနောက်ဘက်ဆုံး လူပရိသတ်အကြားမှဖြစ်စေ အထက်ပါ စကားရပ်အား အော်ဟစ်ပြောဆို၍ နှောင့်ယှက်မှုများပင် ရှိခဲ့ဖူးကြောင်း ဒေသခံအချို့က ထုတ်ဖော်ပြောကြားခဲ့သည်။

မောင်ဝေဖြိုးနိုင် မိဘများ၏ မိတ်ဆွေဖြစ်သူ ဦးဒေါင်းလန်း၏ အဆိုအရ ကျေးရွာသူကျေးရွာသား အများစုမှာ ၎င်း၏ တရားပွဲများကို ရှောင်ရှားခဲ့ကြသည့်အပြင် အဆိုပါဘုန်းကြီးကျောင်းသို့ပင် သွားရောက်မှုမရှိသလောက် နည်းပါးသွားခဲ့သည်ဟု ဆိုသည်။

“သူ့ရဲ့ ဆွေမျိုးတွေနဲ့ သူ့အမာခံ ဒကာ၊ ဒကာမတွေလောက်ပဲ သူ့တရားပွဲဆို တက်ကြတယ်၊ သူ့ဝေယျာဝိစ္စ လှူဒါန်းကြတယ်” ဟု ၎င်းက ပြောကြားသည်။

ကင်းရွာ၌ ရဲစခန်းမရှိသောကြောင့် မောင်ဝေဖြိုးနိုင်၏ မိဘများက မတ္တရာမြို့နယ်ရဲစခန်းသို့ သွားရောက် တိုင်ကြားပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ထားခဲ့သည်။ ထိုပုဒ်မအရ မည်သူမဆို မိမိသဘောဆန္ဒအလျောက် တစ်ဦးတစ်ယောက်အား ပြင်းထန်စွာ ထိခိုက်နာကျင်စေပါက ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင်သည်။

အခင်းဖြစ်ပွားပြီးချိန်တွင် မောင်ဝေဖြိုးနိုင်ကို မတ္တရာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါဆေးရုံမှ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တစ်ဆင့် လွှဲပြောင်းပေးခဲ့ကာ ဧပြီ ၂၈ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ ယနေ့ (မေ ၁ ရက်) တွင် မန္တလေးဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှု တစ်ကြိမ် ထပ်မံသွားရောက် ခံယူရမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးသူရနိုင်က Frontier ကို ပြောကြားခဲ့သည်။

“အပေါ်ပိုင်း ဒဏ်ရာတွေတော့ သက်သာပြီ။ ဒါပေမယ့် အတွင်းထဲမှာက စိုးရိမ်စရာရှိသေးတယ်။ သူဝမ်းထဲက နာနေတယ်၊ ခါးဘက်ကလည်း နာလို့ ကြာကြာမထိုင်နိုင်သေးဘူး” ဟု ၎င်းကပြောသည်။ ၎င်းတို့ အနေဖြင့် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဦးသူရနိုင်က ပြောကြားသည်။

ဧပြီ ၃၀ ရက်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချိန်တွင် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်စန်းနွဲ့က ဘုန်းကြီး၏ လုပ်ရပ်သည် လက်ခံနိုင်စရာ မရှိသကဲ့သို့ “ကလေးကို အဲဒီလို ရိုက်နေတာ မြင်လို့ လာပြောကြတော့ ကျွန်မ စိတ်ထဲဝမ်းနည်းပြီး နှလုံးတွေ တစ်ဆတ်ဆတ် ခုန်လာတယ်” ဟု Frontier ကို ပြောကြားခဲ့သည်။

“ဗီဒီယိုဖိုင်လည်း ကြည့်ရတော့ ကျွန်မသား အော်သံ၊ ခွင့်လွှတ်ပါ၊ မရိုက်ပါနဲ့ဗျာ၊ အမေရေ ကယ်ပါဆိုတာ ညတိုင်း ကြားနေရတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့မိသားစုမှာ ချို့တဲ့ ဆင်းရဲပြီး သူရင်းငှားအဖြစ် ကောက်ရိတ်သိမ်းခြင်း၊ ကူလီထမ်းပိုးခြင်းများကို နေ့စားအဖြစ် လင်မယားနှစ်ယောက်လုံး လိုက်လံလုပ်ကိုင်လျက် သားဖြစ်သူ နဝမတန်းအတွက် လိုအပ်သော ကျူရှင်စရိတ်ကို စုဆောင်းခဲ့ကြသည်။

“ဒီကိစ္စဖြစ်တော့ ကျွန်မသားလေးလည်း အခု ကျောင်းကြီးမတက်ခင် စပြီး ပြင်ရမယ့်အချိန် ကျူရှင်စတက်ဖို့ဟာ မတက်နိုင်ဘူးလေ။ သူ့ပညာရေးကို အများကြီးထိခိုက်ပါတယ်။ ဘုန်းကြီးက ဆုံးမတယ်ဟေ့ဆိုရင်လည်း ဘယ်လိုမှ လက်သင့် မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဆုံးမတဲ့နည်းက ကျွန်မတို့ မိဘတွေကိုယ်တိုင်တောင်မှ တစ်ခါမှ အဲဒီလို မရိုက်ဖူးပါဘူး” ဟု ဒေါ်ခင်စန်းနွဲ့က ပြောသည်။

မတ္တရာမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကမူ မောင်ဝေဖြိုးနိုင်၏ အမှုကိစ္စတွင် ဆက်လက် ကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားသည်။

အမှုဖြစ်ပွားသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့်ကြာမြင့်ပြီ ဖြစ်သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် သာသနာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့မှ ပြန်ကြားချက်တစ်စုံတစ်ရာ မရရှိကြသေး၍ သံသယတရားခံအား ဖမ်းဆီးစစ်ဆေး၊ အရေးယူနိုင်ရန် စောင့်ဆိုင်းနေရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

မတ္တရာမြို့နယ် ရဲတပ်ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ထံ ဆက်သွယ်စုံစမ်းခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ အကျိုးအကြောင်း စုံလင်စွာ ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိပေ။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅ ကဲ့သို့သော ပုဒ်မမျိုးမှာ ရဲအရေးပိုင်သော အမှု ဖြစ်သည့်အလျောက် တရားခံအား ရဲတပ်ဖွဲ့က ဖမ်းဝရမ်းမလိုဘဲ သွားရောက်ဖမ်းဆီး အရေးယူနိုင်ကြောင်း Yangon Justice Centre မှ ရှေ့နေ ဒေါ်စိမ့်ဇာနည်က ပြောကြားသည်။

”ဒါပေမယ့် တရားခံက သံဃာတော်ဖြစ်နေရင်တော့ ခုနကလို သာသနာရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို အကြောင်းကြားလေ့ရှိတယ်၊ သာသနာရေးနဲ့ သံဃာ့အဖွဲ့တွေရဲ့ ညွှန်ကြားမိန့်နဲ့အတူ ဘုန်းကြီးကို လူဝတ်လဲပြီးတော့မှ ရဲတပ်ဖွဲ့က ဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်ကြတယ်” ဟု ၎င်းက ရှင်းပြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar