ရွှေ့ပြောင်းအလုပ်သမားကိစ္စအား ကော်မတီတစ်ခု ဖွဲ့စည်းဖြေရှင်းရန် ထိုင်းနှင့်မြန်မာ သဘောတူ

ထိုင်းနိုင်ငံက ချမှတ်လိုက်သည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စည်းမျဉ်းအသစ်ကြောင့် နှစ်နိုင်ငံအကြား ပေါ်ပေါက်လာသည့် အလုပ်သမား ပြဿနာများကို ဖြေရှင်းရေးအတွက် ကော်မတီတစ်ခု ဖွဲ့စည်းသွားရန် ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ၏ အဆင့်မြင့်ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဇူလိုင် ၈ ရက်နေ့တွင် ရေးသားထားသည်။

ထိုကဲ့သို့ အဆင့်မြင့်လုပ်ငန်းကော်မတီတည်ထောင်ရေးအတွက် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေနှင့် ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး Sirichai Distakul တို့ နေပြည်တော်တွင် ဇူလိုင် ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၃ ရက်နေ့တွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စည်းမျဉ်းအသစ်ကို ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့ပြီးနောက် ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။

၎င်းတို့ မိခင်နိုင်ငံများဆီသို့ ထိတ်လန့်နေကြသည့် ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာ ပြန်သွားနေကြကာ ပရမ်းပတာအခြေအနေများ ပေါ်ပေါက်လာသည့်အတွက် အဆိုပါစည်းမျဉ်းသစ်အား အသက်ဝင်အောင်ပြုလုပ်ရမည့် အစီအစဉ်ကို ထိုင်းစစ်အစိုးရက ရက် ၁၂၀ မဖြစ်မနေ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ရသည်။

နိုင်ငံကူးလက်မှတ်မရှိသေးသူများအား ထုတ်ပေးသည့် Certificate of Identity ဟုခေါ်သော အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးမှုကို အရှိန်မြှင့် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကို ဇူလိုင် ၈ ရက်နေ့တွင် တိုက်တွန်းခဲ့သည်ဟု ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr Varanon Peetiwan ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။

ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကြမည့် အလုပ်သမားများအား စစ်ဆေးရန်အတွက် သက်သေခံ အထောက်အထား စစ်ဆေးရေးစင်တာများကို နယ်စပ်တစ်လျောက်တွင် တည်ထောင်ရန်လည်း မြန်မာနိုင်ငံကို ပြောကြားထားသည်ဟု ၎င်းကပြောသည်။ ထိုစင်တာများတွင် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ပြည်ဝင်ခွင့် ဗီဇာနှင့် ခွင့်ပြုချက်များ ထုတ်ပေးမည်လည်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား လေးသန်းခန့်ရှိသည့်အနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ထက်ဝက်ခန့်မှာ ကုန်ကျစားရိတ် များပြားပြီး နှေးကွေးသည့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များကြောင့် တရားမဝင် နေထိုင်လုပ်ကိုင်နေကြသည်။

ထိုင်းအစိုးရက ရုတ်တရက်ကြေညာလိုက်သည့် စည်းမျဉ်းအသစ်များထဲတွင် မှတ်ပုံမတင်ထားသည့် နိုင်ငံခြားသား အလုပ်သမားများအား ငှားရမ်းအသုံးပြုနေသည့် အလုပ်ရှင်ကို ဘတ်ရှစ်သိန်း (ကျပ် ၃၁ ဒသမ ၇ သန်းခန့်) ဒဏ်ရိုက်မည်ဆိုသည့်အချက်လည်း ပါဝင်သည်။

ထို့ကြောင့် အလုပ်ရှင်များက တရားဝင်စာရွက်စာတမ်းမရှိသည့် အလုပ်သမားများ ငှားရမ်းခန့်ထားမှုကို ရပ်တန့်လိုက်သည့်အတွက် နိုင်ငံခြားသား အလုပ်သမားအများအပြားမှာ ထိုင်းနိုင်ငံမှ အစုလိုက် အပြုံလိုက် ထွက်ခွာနေကြပြီး ထိုင်းနိုင်ငံတွင် အလုပ်သမား ရှားပါးမှုကို ပေါ်ပေါက်လာစေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀,၀၀၀ ခန့်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.