ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ကို ဥပဒေဖြင့် ပြဋ္ဌာန်းပေးရန် အရပ်ဘက် စောင့်ကြည့်အဖွဲ့များလိုလား

အနာဂတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာမည့်သူများအား ခွင့်ပြုရာတွင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းကာ တရားဝင်ခွင့်ပြုပေးသင့်သည်ဟု မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များက တိုက်တွန်းလိုက်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်း ၈၀ ကျော် တက်ရောက်ခဲ့သည့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုင်ရာ နှစ်ရက်ကြာဖိုရမ်ကို ပြီးခဲ့သည်ရက်သတ္တပတ်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့စဉ် ၎င်းတို့က တိုက်တွန်းခြင်းဖြစ်သည်။

စောင့်ကြည့်အဖွဲ့များအနေဖြင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ကို ၂၀၁၅ ခုနှစ်တွင်မှ တရားဝင် စတင်ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင် (UEC) ၏ တရားဝင် အသိအမှတ်ပြုလွှာဟု ခေါ်ဆိုသော အမိန့်၊ ညွှန်ကြားချက်များအရသာ စောင့်ကြည့်လေ့လာခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ကို UEC ၏ ခွင့်ပြုချက်ဖြင့် မဟုတ်ဘဲ ဥပဒေအရ အတိအလင်း ခွင့်ပြု ပြဋ္ဌာန်းပေးထားခြင်းမျိုး ဖြစ်သင့်သည်ဟု PACE ၏ ပရိုဂရမ်မန်နေဂျာဖြစ်သော ဦးဟန်စိုးထွန်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲစောင့်ကြည့်မှုဆိုသည်မှာ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား အဓိက စောင့်ကြည့်ကြသည်ဖြစ်ရာ UEC အား စောင့်ကြည့်ခွင့်ကို UEC ထံမှ ခွင့်ပြုမိန့်တောင်းခံနေရခြင်းနှင့် ပတ်သက်ပြီးလည်း ဦးဟန်စိုးထွန်းက “ဒါကတော့ မဖြစ်သင့်ပါဘူး။ ရွေး/ကော်ကနေ တရားဝင်အသိအမှတ်ပြုစာ တောင်းခံနေရတာထက် သီးသန့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးထားတာမျိုးက ပိုဖြစ်သင့်ပါတယ်” ဟု မှတ်ချက်ပြုသည်။

ဥပဒေပြဋ္ဌာန်းသတ်မှတ်ပေးရေးမှာ လွှတ်တော်၏တာဝန်ဖြစ်သော်လည်း ပိုမို၍တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် အဖွဲ့ဝင်ရွေးချယ်ခန့်အပ်မှုအပိုင်းတွင်လည်း အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်နေသည့် UEC အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား အစပြုဖော်ဆောင်ရန် အဓိကဦးဆောင်ပေးနိုင်သည့် နေရာတွင် ရှိနေသည်ဟု စောင့်ကြည့်အဖွဲ့များက သုံးသပ်ကြသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲရုံများအား စောင့်ကြည့်ရေးအတွက် စိန်ခေါ်မှုများရှိခဲ့သည့်အနက် တပ်တွင်းမဲရုံများ စောင့်ကြည့်ခွင့်မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရေလမ်းခရီး ဝေးကွာမှုအပါအဝင် လုံခြုံရေး အခြေအနေများအရ ကိုကိုးကျွန်းရှိ တပ်တွင်းမဲရုံများသို့ မည်သည့် စောင့်ကြည့်အဖွဲ့မှ သွားရောက်လေ့လာ စောင့်ကြည့်ခွင့် မရရှိခဲ့ကြပေ။

သို့ရာတွင် နိုင်ငံတစ်ဝန်းရှိ အခြားသော တပ်တွင်းမဲရုံများကိုမူ ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက ပိုမို သွားရောက် စောင့်ကြည့်လေ့လာခွင့် ရရှိခဲ့ကြောင်း သိရသည်။

“တပ်တွင်းမဲရုံတွေကို စောင့်ကြည့်ခွင့်ရတယ်ဆိုရင်တောင် မဲဆန္ဒရှင်တွေမှာ တပ်ရဲ့ဖိစိးမှုကတော့ ရှိနေမှာပဲ။ ပိုပြီး ဖြစ်သင့်တာကတော့ တပ်တွင်းမဲရုံတွေ အပြင်ဘက်ရောက်လာအောင်၊ ဒါမှမဟုတ် ဒီလုံခြုံရေး အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တခြားအရပ်သားတွေနဲ့အတူ ရပ်ရွာထဲက မဲရုံတွေမှာ မဲပေးခွင့်ရလာအောင် လုပ်ဖို့လိုပါတယ်” ဟု ဦးဟန်စိုးထွန်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ (၂၀၁၀) အရ UEC အနေဖြင့် မဲဆန္ဒနယ်များနှင့် မဲရုံများကို နေရာသတ်မှတ်နိုင်ခွင့် ရှိသည်ဖြစ်ရာ တပ်တွင်းမဲရုံများ ရပ်ရွာထဲ ရောက်ရှိလာရေး၊ သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ အခြားအရပ်သားများနှင့်အတူ ရပ်ရွာထဲတွင် မဲပေးခွင့်ရရှိလာရေးမှာ UEC ၏ အခွင့်အာဏာဖြင့်သာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲများအတွက် တိကျသည့် မဲဆန္ဒရှင်စာရင်း ကောက်ယူနိုင်ရေးအတွက် စတင် ပြင်ဆင်သင့်ပြီဟုလည်း ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် လစ်လပ်နေရာ ၁၉ နေရာအတွက် ကျင်းပခဲ့ရာ မဲရုံပေါင်း ၂,၀၀၀ ကျော် ဖွင့်လှစ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ သိရသည်။ ထိုရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အရေအတွက် နည်းပါးသဖြင့် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲဆန္ဒရှင်စာရင်းများကို လိုက်လံကောက်ခံခဲ့သည်။

“ဘယ်နိုင်ငံမှာမှ ပြီးပြည့်စုံတဲ့ မဲဆန္ဒရှင်စာရင်းဆိုတာ မရှိတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် အမှန်ကန်ဆုံးဖြစ်အောင် ဘယ်လိုသွားမလဲဆိုတာ စဉ်းစားရပါမယ်။ တစ်အိမ်တက်ဆင်းစနစ်ပဲဖြစ်ဖြစ်၊ စမတ်ကတ်တွေ သုံးပြီးတော့ပဲဖြစ်ဖြစ် တိကျတဲ့ မဲစာရင်း ကောက်ယူမှုပုံစံတစ်ခုဖြစ်ဖို့ စတင်ပြင်ဆင်ဖို့လိုပါပြီ” ဟု ပဲခူးတိုင်းအခြေစိုက် သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (POPP) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသိန်းမင်းစိုးက ပြောကြားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် UEC အနေဖြင့် မဲဆန္ဒရှင်စာရင်းအတွက် မည်သည့်စနစ်ကို အသုံးပြုမည်ကို မသိရှိရသေးပေ။

ယခုကျင်းပခဲ့သည့်ဖိုရမ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လွှတ်တော်သို့ တင်ပြမည့် အကြံပြုချက်များ ရေးဆွဲရန် အကြိုအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“၂၀၂၀ ရွေးကောက်ပွဲက ဝေးသေးတယ်ဆိုပေမယ့် နိုင်ငံတကာစံနှုန်းတွေအရဆို ရွေးကောက်ပွဲ မူဘောင်တွေဟာ ရွေးကောက်ပွဲနေ့မတိုင်မီ တစ်နှစ်အလိုလောက်ကတည်းက ငြိမ်သင့်ပြီဆိုတော့ အခုကတည်းက စလုပ်မှ ဖြစ်မှာပါ” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

သတင်း-ကျော်လင်းထွန်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar