ရွာဟောင်းတွင် ပြန်လာနေသည့် ရွာသားများကို ဆီအုန်းကုမ္ပဏီများက ကျူးကျော်မှုဖြင့် တရားစွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၉

မူလရွာများသို့ ပြန်လည်အခြေချ နေထိုင်သည့် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာတိုင်းဒေသကြီးမှ စစ်ပြေး ဒုက္ခသည်များကို ဆီအုန်းကုမ္ပဏီများက ကျူးကျော်မှုဖြင့် တရားစွဲဆိုထားကြောင်း ဒေသခံများက ပြောကြားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသည့် မြိတ်နှင့် တနင်္သာရီမြို့နယ်များမှ စစ်ပြေး ဒုက္ခသည်အနည်းဆုံး ခြောက်ဦးသည် ၎င်းတို့ စွန့်ခွာခဲ့သည့် ရွာဟောင်းများတွင် ပြန်လည်နေထိုင်စဉ် ဆီအုန်းကုမ္ပဏီများက ကျူးကျော်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“(တရားရုံးသွားဖို့) ဆိုင်ကယ်တို့၊ ကားတို့လည်း ကျွန်တော်မှာမရှိဘူး။ (တရားရုံးသွား) ရတဲ့အတွက် မိသားစု စားဝတ်နေရေးလည်း အခက်အခဲဖြစ်တယ်” ဟု ကျေးဇူးတော်ကျေးရွာမှ စောမျိုးမင်း ပြောသည်။ မူလနေထိုင်ခဲ့သည့် ရွာဟောင်းတွင် ပြန်လည်အခြေချနေထိုင်နေသည့် ၎င်းအား ရွှေပဒုမ္မာ ထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီက စက်တင်ဘာ ၂၃ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်ဟု ၎င်းက ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဒေသခံများ၏အဆိုအရ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးဇူးတော်ကျေးရွာမှ ရွာသူ ရွာသားများသည် ၁၉၉၂ ခုနှစ်က တပ်မတော်နှင့် KNU တို့အကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရွာကိုစွန့်ခွာ ထွက်ပြေးခဲ့ရသည်။

၂၀၁၂ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက အဆိုပါကျေးရွာဟောင်းနေရာတွင် ပြန်လည်နေထိုင်ခွင့်ပြုခဲ့သဖြင့် ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်စဉ် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံများကို တရားစွဲဆိုထားသည့် ရွှေပဒုမ္မာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီသည် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ပျိုးမြေဧက ၁,၂၀၀ ထက်မနည်း စိုက်ပျိုးခွင့်ရရှိထားသော ကုမ္ပဏီဖြစ်ကြောင်း အလွတ်တန်း စိုက်ပျိုးရေးအကြံပေး John Patrick Baskett ရေးသားပြီး ၂၀၁၆ ဖေဖော်ဝါရီလအတွင်းတွင် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် အပင်များအဖွဲ့ (Fauna & Flora Internationl- FFI) က ထုတ်ဝေသည့် “မြန်မာ့ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆီအုန်းထုတ်လုပ်မှုနှင့် ရေရှည်တည်တံ့မှု သုံးသပ်ချက်” တွင် ဖော်ပြထားသည်။

အစိုးရက “တနင်္သာရီတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၁၅ ခုနှစ်အထိ ဆီအုန်းစိုက်ခင်းဧက သုံးသိန်းခွဲနီးပါးစိုက်ပျိုးထားပြီး ၂၀၃၀-၃၁ ခုနှစ်အရောက်တွင် ဧက ၇၀၀,၀၀၀ အထိ စိုက်ပျိုးရန် စီစဉ်နေကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည်။

ဆီအုန်းစိုက်ပျိုးရန်အတွက် သတ်မှတ်ခဲ့သောမြေနေရာများတွင် ဒေသခံတိုင်းရင်းသားများ၏ ရွာမြေများလည်း ပါဝင်နေပြီး ဒေသခံများအနေဖြင့် ၎င်းတို့၏ ရွာဟောင်းများတွင် ပြန်လည်အခြေချနေထိုင်စဉ် ကျူးကျော်မှုဖြင့် ရင်ဆိုင်နေရသည်ဟု မြိတ်ရှေ့နေများကွန်ယက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစဧရာဝင်းကပြောသည်။

“ဒေသခံတွေက နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်ဆိုပေမယ့် စစ်ပြေးရင်း၊ လွှားရင်းနဲ့ စာရွက်စာတမ်းတွေလည်း မရှိတော့ သူတို့ အခက်တွေ့နေတယ်”ဟု ၎င်းကပြောသည်။

စီးပွားရေးအင်အားကြီးကုမ္ပဏီများက ဒေသခံများကို တရားစွဲရာတွင် ချို့တဲ့သူများ၊ ဦးဆောင်သူများကို ပစ်မှတ် ထားကြပြီး ရွာသားများကို ရွာဟောင်းများတွင် ပြန်လည်အခြေချ နေထိုင်ခြင်းမပြုရန် ရည်ရွယ်လုပ် ဆောင်နေသည်ဟုလည်း ဦးစဧရာဝင်းက ပြောသည်။

“ကုမ္ပဏီတွေ ဦးတည်ချက်က ရှင်းရှင်းလေးပဲ။ ကျန်တဲ့သူတွေ နောက်ဆုတ်သွားဖို့ပဲ”ဟု ဦးစဧရာဝင်းက ပြောသည်။

အလားတူ Asia World ကုမ္ပဏီကလည်း ဆီအုန်းစိုက်ခင်းများကို ကျူးကျော်သည်ဟုဆိုကာ ဒေသခံများ ကို တရားစွဲဆိုထားသည်ဟု ဒေသခံများဘက်မှ လိုက်ပါဆောင်ရွက်နေသည့် လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar