ရုရှားနှင့် မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုး

ရုရှားနှင့် မြန်မာနိုင်ငံကြား စစ်ရေးပူပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ရုရှား ကာကွယ်ရေး ဒုတိယဝန်ကြီး အနာတိုလီအန်တိုနော့ဗ်က ဇွန် ၁၆ ရက်နေ့က ပြောကြားကြောင်း ရုရှား TASS သတင်းဌာနက ရေးသားထားသည်။

“နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးလာစေဖို့အတွက် အလွန်ကို အရေးပါတဲ့ အဆင့်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြားမှာ အလားအလာကောင်းတဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေဆိုင်ရာ အခြေခံတွေကို ကျွန်တော်တို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ စစ်ရေးနဲ့ စစ်ဖက်ဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးလာစေဖို့အတွက် တော်တော်များများ ဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း TASS က ဇွန် ၁၇ ရက်နေ့က ရေးသားထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုခွင့်ပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ထံ မေလအတွင်းက တင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့သည်။

မြန်မာနှင့် ရုရှားသည် လုံခြုံရေးသတ်မှတ်ချက်ရှိတဲ့ သတင်း အချက်အလက်များ အပြန်အလှန် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၀၆ ခုနှစ်၊ ဧပြီ ၃ ရက်က လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ယခု လက်မှတ်ရေးထိုးလိုက်သည့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင် ရေတပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ပင်လယ်ပြင်လေ့လာရေး၊ စစ်ဘက်ဆိုင်ရာဆေးပညာ၊ စစ်ဘက်ဆိုင်ရာ ပညာရေးနှင့် အခြားစစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အချက်အလက်များ ပါဝင်သည်ဟု ရုရှားကာကွယ်ရေး ဒုဝန်ကြီးက ပြောကြားသည်။

စာချုပ်အရ စစ်ရေးဆိုင်ရာ သဘောထားအမြင်နှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းအပြင် နိုင်ငံတကာလုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်မှုများ၊ စစ်ဘက်ဆိုင်ရာကဏ္ဍများတွင် ဆက်ဆံမှုများ တိုးမြှင့်နိုင်ရန် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်း အမြောက်အများအား အစဉ်တစိုက် ဝယ်ယူလာခဲ့သလို နှစ်နိုင်ငံကြားတွင် နီးကပ်သည့် စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်။ မြန်မာနှင့်ရုရှား တပ်မတော်ချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုသည် အထူးသဖြင့် ရေတပ်ကဏ္ဍ၌ အားကောင်းကောင်းဖြင့် တိုးတက်နေကြောင်း ဧပြီ ၂၆ ရက်က မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရုရှားသို့ ရောက်ရှိစဉ် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေးရွှိုင်ဂူကပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar