ရိုးမရန်ကုန် မာရသွန်အတွက် စာရင်းပေးသွင်းမှုများ စတင်လက်ခံနေ

ရန်ကုန်၊ စက်တင်ဘာ ၂၅

လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် ရိုးမရန်ကုန် မာရသွန်ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုတွေကို ယနေ့ကစတင်ပြီး လက်ခံနေပြီလို့ ပြိုင်ပွဲကို ဦးဆောင်ကျင်းပမယ့် Yoma Strategic က ပြောကြားပါတယ်။

၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြေးပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ခြောက်နှစ်မြောက်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

“ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်သည် ရန်ကုန်မြို့၏ အသိအမှတ်ပြုခံရဆုံး အားကစားပွဲစဉ်တစ်ရပ် ဖြစ်နေပြီဖြစ်သည်။ နှစ်စဉ် ဇန်နဝါရီလတိုင်း ကျင်းပသည့် ထိုပွဲစဉ်သည် နှစ်သစ်ကို ကျန်းမာရေးနှင့် ညီညွတ်စွာ စတင်လိုက်ခြင်းပင်ဖြစ်သည်” လို့ Yoma Strategic ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Melvyn Pun က ပြောပါတယ်။

First Myanmar Investment Co., Ltd (FMI) နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်သည့် ထိုမာရသွန်ပြေးပွဲကို စတင်ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ်မျာ ယှဉ်ပြိုင်သူ ၁,၀၀၀ သာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ငါးကြိမ်မြာက်ပြိုင်ပွဲမှာတော့ အပြေးသမားပေါင်း ၈,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

“ယခုလာမည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူဦးရေ တိုးမြှင့်ရန် မျှော်မှန်းထားပြီး မာရသွန် အပြေးပြိုင်ပွဲကြီးအနေဖြင့် အပြေးပြိုင်ပွဲဝင်များ၊ ထောက်ပံ့သူများ၊ လုပ်အားပေးကူညီသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရန်ကုန်လူထုအားလုံး အတူအကွ ပူးပေါင်းပါဝင်စေနိုင်သည်ကို ကျွန်တော်တို့အနေဖြင့် ယုံကြည်ပါသည်” လို့ Melvyn Pun က ပြောပါတယ်။

နှစ်စဉ်အပြေးပြိုင်ပွဲတွေက ရရှိငွေများကို လှူဒါန်းလျှက်ရှိရာ ၂၀၁၇ ခုနှစ်က ရရှိသည့် ရံပုံငွေများကို စီမံကိန်းငါးခုအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“Run for Children ခေါင်းစဉ်ဖြင့် အတူပူးပေါင်း ထောက်ပံ့လှူဒါန်းမှုများကို ပြုလုပ်ခြင်းသည် မာရသွန်ပွဲကြီး၏ အရေးကြီးသော အပိုင်းပင်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် ပြည်သူလူထုထံမှ လှူဒါန်းငွေများ စုဆောင်းပြီး ချို့တဲ့နွမ်းပါးသော ကလေးငယ်များ၏ ဘဝများ အမှန်တကယ် တိုးတက်ကောင်းမွန်စေရေးအတွက် ရန်ပုံငွေများ ရှာဖွေသွားမည်ဖြစ်သည်” လို့ Melvyn Pun ကပြောပါတယ်။

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန် (YYIM 2018) မှာ မာရသွန်အပြည့်ပြိုင်ပွဲ၊ မာရသွန်တစ်ဝက်ပြိုင်ပွဲ၊ ၁၀ ကီလိုမီတာ မာရသွန်ပြိုင်ပွဲနဲ့ ၃ ကီလိုမီတာ အပျော်တမ်းပြေးခြင်း၊ လမ်းလျှောက်ခြင်းပြိုင်ပွဲဆိုပြီး ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲအားလုံးရဲ့ စမှတ်နဲ့ ဆုံးမှတ်တွေကို သုဝဏ္ဏ မိုးလုံလေလုံ အားကစားဝင်းအတွင်း ပြုလုပ်ထားကာ ရန်ကုန်မြို့ရဲ့ ထင်ရှားကျော်ကြားတဲ့ နေရာတွေဖြစ်တဲ့ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနဲ့ အင်းလျားကန်တို့ဟာ မာရသွန်အပြေးလမ်းကြောင်းမှာ ပါဝင်ပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အတွင်း www.yomayangonmarathon.com နဲ့ ရန်ကုန်မြို့၊ အောင်ဆန်းဘောလုံးကွင်းတောင်ဘက်ရှိ ရိုးမဘဏ် အိမ်ယာချေးငွေစင်တာတို့မှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar