ရိုဟင်ဂျာ ၁၀၀ ကျော်ပါဝင်သည့် စက်လှေတစ်စီးကို ရန်ကုန်အနီးတွင် အာဏာပိုင်များ တားဆီး

ကျော်ရဲလင်းနှင့် မြတ်ကျော်သူ

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမူဆလင် ၁၀၀ ကျော် တင်ဆောင်လာသည့် လှေတစ်စီးကို ရန်ကုန်မြို့အနီးတွင် အာဏာပိုင်များက နိုဝင်ဘာ ၁၆ ရက်နေ့၌ ကြားဖြတ် တားဆီးလိုက်ပြီးနောက် ၎င်းတို့ကို ထိန်းသိမ်းလိုက်သည်။

ကလေးငယ် ၂၅ ဦးအပါအဝင် လူ ၁၀၆ ဦးအား သယ်ဆောင်လာသည့် စက်လှေအား ရန်ကုန်၊ ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးတွင် နိုဝင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်း၌ အာဏာပိုင်များက တားဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံလွှတ်တော်အမတ်များက ပြောကြားသည်။

“ဘင်္ဂလီတွေ သယ်လာတဲ့လှေကို တွေ့တယ်ဆိုပြီး ရွာသားတွေက ရဲကို သတင်းပို့ခဲ့တယ်။ အဲဒီနောက် ရဲနဲ့ လဝက (လူဝင်မှုကြီးကြပ်ရေး) တာဝန်ရှိသူတွေက စစ်ဆေးဖို့အတွက် တားဆီးခဲ့တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ (ကျောက်တန်း-၂၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က ပြောကြားသည်။

လှေပေါ်တွင် ဗမာစကားပြောကြားတတ်သူ လေး၊ ငါးဦးပါဝင်သည်ဟု ၎င်းကပြောသည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်က စစ်တွေမြို့ရှိ IDP စခန်းမှ ၎င်းတို့ ထွက်ခွာခဲ့ကြခြင်းဖြစ်ကာ မလေးရှားသို့ ဦးတည် သွားရောက်နေခြင်းဖြစ်သည်ဟု ၎င်းတို့က အာဏာပိုင်များကို ပြောကြားကြသည်။

“စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေနေရတယ်လို့ သူတို့က ပြောတယ်။ ပြီးတော့ အဲဒီမှာ နှစ်ပေါင်းများစွာ နေလာရတာကို မပျော်တော့ဘူးလို့ ပြောတယ်” ဟု ၎င်းကပြောသည်။

ရခိုင်စကားပြောတတ်သည့် မိသားစုဝင်တစ်ဦးက Frontier ကို ပြောကြားချက်အရ ၎င်းတို့သည် စစ်တွေမြို့အပြင်ဘက်ရှိ သက်ကယ်ပြင်စခန်းမှ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းရန်အတွက် သံတဲကျေးရွာအပြင်ဘက်ရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံတွင် ခေတ္တထားရှိပြီးနောက် ထရပ်ကားရှစ်စီးဖြင့် ကျောက်တန်းမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

အကယ်၍ ၎င်းတို့ထံတွင် အထောက်အထား စာရွက်စာတမ်းများနှင့် မြို့နယ်ပြင်ပထွက်ခွင့် မရှိပါက ထောင်ဒဏ် ချမှတ်နိုင်သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူခံရဖွယ်ရှိနေသည်။

ရိုက်တာသတင်းဌာန၏ အဆိုအရ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှ ရိုဟင်ဂျာမူဆလင် ဒါဇင်ပေါင်းများစွာသည် မလေးရှားနိုင်ငံသို့ ရောက်ရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် နိုဝင်ဘာ ၈ ရက်နေ့တွင် ထွက်ခွာခဲ့ကြသည်ဟုဆိုသည်။ ၂၀၁၅ ခုနှစ်တွင် လူကုန်ကူးသူများအား နှိမ်နင်းပြီးနောက် အန္တရာယ်များလှသည့် ရေလမ်းခရီးဖြင့် စွန့်စွာထွက်ခွာမှုများ ပြန်လည်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စတင်ပြီး အနည်းဆုံး လှေလေးစင်း ထွက်ခွာသွားခဲ့သည့်သတင်းကို ရရှိခဲ့ကြောင်း စစ်တွေမြို့မှ အကူအညီပေးရေး ဝန်ထမ်းတစ်ဦးကပြောသည်။ ၎င်းတို့အထဲမှ အချို့မှာ မလေးရှားသို့ ရောက်ရှိသွားကြပြီဖြစ်သည်။

ဘင်္ဂလားဒေရှ့်တောင်ပိုင်းတွင် မလေးရှားသို့ ထွက်ခွာမည့် ငါးဖမ်းလှေတစ်စီးပေါ်မှ ရိုဟင်ဂျာ ၃၃ ဦးနှင့် ဘင်္ဂလားဒေရှ့် ခြောက်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ရိုက်တာက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar