ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် စိတ်ခံစားမှုဖြင့် မတုန့်ပြန်ရေးမူကို အစိုးရ စွဲကိုင်ထား

ဉာဏ်လှိုင်လင်း

ရိုဟင်ဂျာဟုသုံးစွဲနေခြင်းများအပေါ် အမျိုးသား ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေနှင့် အညီ တည်တည် ငြိမ်ငြိမ် ဆင်ခြင်တုံတရားရှိရှိဖြင့်သာ တုန့်ပြန်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မက်မန်းမြို့နယ် ကိုယ်စားလှယ် ဦးတင်အေးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာက သိစေရန် မည်သို့ဆောင်ရွက်နေသနည်းဟူသော မေးခွန်းကို ဖြေကြားစဉ် ဝန်ကြီးက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အကြီးအကဲများရဲ့ မိန့်ခွန်းများ သဝဏ်လွှာများတွင်လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းဖော်ပြခြင်းမပြုတာ အားလုံးအသိပဲဖြစ်ပါတယ်”ဟု ဝန်ကြီးကဆိုသည်။ ထို့ပြင် လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေးရပြီးခေတ် သန်းခေါင်စာရင်းများ၊ ပြုစုထားခဲ့သော လူမျိုးစုစာရင်းများ၊ နိုင်ငံပိုင်မီဒီယာများတွင် အဆိုပါလူမျိုးစု မပါဝင်ကြောင်း ကြိမ်ဖန်မျးစွာ ဖော်ပြပြီး ဖော်ပြဆဲဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။

ယနေ့အချိန်တွင်လည်း ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာသံရုံးဝန်ထမ်းများ၊၊ ကိုယ်စားလှယ်ကြီးများ၊ နိုင်ငံတကာအစည်းအဝေးသို့ တက်ရောက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယင်းအသုံးအနှုန်းကို အသိအမှတ်ပြု သုံးစွဲခြင်းမပြုသလို သုံးစွဲလာပါကလည်း တရားဝင်ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်းများကို ပြုလုပ်နေသည်ဟုလည်း ဦးသိန်းဆွေက ဆက်လက်ပြောကြားသည်။

တပ်မတော်တွင် ဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မေးခွန်းရှင် ဦးတင်အေးကမူ ပြီးခဲ့သော ပြည်ခိုင်ဖြိုး အစိုးရလက်ထက်တွင် ရိုဟင်ဂျာဟူသည့်လူမျိုး မြန်မာပြည် တွင်မရှိကြောင်း နိုင်ငံတကာသို့ တရားဝင် ကြေညာခြင်းမျိုးကို ယနေ့အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မတွေ့၍ မေးမြန်းရခြင်းဖြစ်ကြောင်းပြောသည်။

ထိုမေးမြန်းမှုနှင့် ပတ်သက်ပြီး ဝန်ကြီး၏ ဖြေကြားချက်အပေါ်သဘောထားကို Frontierက မေးမြန်းကြည့်ရာ“ကိုယ်လိုချင်တဲ့ နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက်ကျတော့ တိတိလင်းလင်း၊ တိတိကျကျ နိုင်ငံတော် အဆင့်ပြောတာကို ဖြေတဲ့အထဲမှာ မကြားမိဘူး”ဟု ၎င်းက တုန့်ပြန်ခဲ့သည်။

ဦးတင်အေးသည် ၂၀၁၅ ရွေးကောက်ပွဲနီးမှ တပ်မတော်မှ နုတ်ထွက်ကာ ရှမ်းပြည်နယ်၊ မက်မန်းမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ယှဥပြိုင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ယခင်အာဏာရပါတီ ပြည်ခိုင်ဖြိုးသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

မေးခွန်းရှင်၏ မကျေလည်မှုအပေါ် ဝန်ကြီးဦးသိန်းဆွေထံ Frontier ကမေးမြန်းကြည့်ရာ “စိတ်ခံစားမှုနဲ့ မတုန့်ပြန်ဘူး၊ အမျှော်အမြင်နဲ့ တုန့်ပြန်တယ်။ ဒါဟာ ပိုမိုပြီးတော့မှ ခိုင်မာတယ်၊ လေးနက်တယ်၊ အကျိုးရှိမှာမို့ ဒီလိုပဲ တုန့်ပြန်တာ ဖြစ်ပါတယ်”ဟု ဖြေကြားသည်။

အဆိုပါ ရိုဟင်ဂျာဟူသော အသုံးအနှုန်းနှင့်စပ်လျဉ်းသည့် ငြင်းခုံမှုများမှာ ပြီးခဲ့သော အစိုးရလက်ထက် ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခများအပြီး ပိုမိုကျယ်လောင်လာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းများ မအောင်မြင်ရသေးခြင်း၏ အဓိကအကြောင်းများထဲမှ တစ်ရပ်လည်းဖြစ်သည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားသူများက ၎င်းတို့သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး များဖြစ်သည်ဟု ရပ်တည်ပြောဆိုနေကြပြီး ၎င်းတို့၏အရေးကိုကူညီဆောင်ရွက်နေသည့်အဖွဲ့များ၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့ကလည်း အဆိုပါအသုံးအနှုန်းကို ခေါ်ဝေါ် သုံးစွဲလျှက်ရှိသည်။ ထိုသို့သုံးစွဲမှုနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ မေလအတွင်း မြန်မာနိုင်ငံသို့လာရောက်သည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိပေးခဲ့ဖူးပြီး အငြင်းပွားဖွယ်ရာ အသုံးအနှုန်းကြောင့် ရခိုင်ပြည်နယ်အရေးအပေါ် မီးလောင်ရာလေပင့်ဖြစ်နိုင်သည်ဟု ထောက်ပြခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar