ရိုဟင်ဂျာအကျပ်အတည်းအား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အေအက်ဖ်ပီ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် လိုအပ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ခေတ္တဝင်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တိုက်တွန်းသွားခဲ့သည်။ မူဆလင် ရိုဟင်ဂျာများအပေါ် ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံနေရသည့် တပ်ဖွဲ့ဝင်များကို အပြစ်ပေးရေးအတွက် နိုင်ငံအပေါ် ဖိအားများ မြင့်မားနေချိန် ၎င်းက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ဂျွန်ဆင်သည့် ၎င်း၏ လေးရက်ကြာ အာရှခရီးစဉ်အတွင်း ပြဿနာဝိုင်းနေသည့် မြန်မာခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မြန်မာခေါင်းဆောင်မှာ ရိုဟင်ဂျာအကျပ်အတည်းအပေါ် ကိုင်တွယ်မှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုကို ခံနေရသည်။ ဂျွန်ဆင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုသို့ သွားရောက်ခဲ့ပြီးနောက် တွေ့ဆုံမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀နီးပါးမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူမျိုးစုအလိုက် သန့်စင်ရေး စစ်ဆင်ရေးတစ်ခုဖြင့် မူဆလင်လူနည်းစုကို နယ်စပ်ကို ဖြတ်ကျော်သွားစေရန် မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက စွပ်စွဲထားသည်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်၏ ပထမတစ်လတည်းမှာပင် အနည်းဆုံး ရိုဟင်ဂျာ ၆,၇၀၀ သေဆုံးခဲ့သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က ခန့်မှန်းထားသည်။

သို့သော်လည်း ထိုစွပ်စွဲချက်များကို မြန်မာနိုင်ငံက အခိုင်အမာငြင်းဆိုထားပြီး ကုလသမဂ္ဂ စစ်ဆေးရေးမှူးများကိုလည်း ပဋိပက္ခဇုန်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားရာ အနောက်တိုင်းမဟာမိတ်များစွာနှင့် ဆက်ဆံရေး ထိခိုက်လျက်ရှိသည်။ “မြန်မာအာဏာပိုင်များအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့သူတွေက တာဝန်ခံဖို့ရယ်၊ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို အပြည့်အဝနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးရေးက အရေးပါတဲ့အကြောင်း ကျွန်တော် အလေးအနက်ပြောကြားခဲ့ပါတယ်” ဟု ကြေညာချက်ထဲတွင် ဂျွန်ဆင်က ပြောကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ခေတ္တသွားရောက်အပြီး ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းက Myanmar အစား Burma ဆိုသည့် အသုံးအနှုန်းကို သုံးစွဲခဲ့သည်။

ရိုဟင်ဂျာများ အကြောက်အရွံ့မရှိဘဲ ပြန်လာနိုင်သည့် အခြေအနေများ ဖန်တီးပေးရန် အဆောတလျှင် လိုအပ်နေကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အစုလိုက်အပြုံလိုက် မြုပ်နှံထားသော သင်္ချိုင်းများတွေ့ရှိခြင်း၊ ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးခြင်းစသည့် လောလောလတ်လတ်သတင်းများက ၎င်းနှင့် အာဏာခွဲဝေထားသည့် စစ်တပ်အပေါ် ရှုတ်ချရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေးလျက်ရှိသည်။

သို့သော်လည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း၏သွားနေသည့် လမ်းစဉ်ကို ပြောင်းလဲရန် ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ယုံမှားသံသယဖြင့် ကာကွယ်နေသည်ဟု ဝေဖန်သူများက စွပ်စွဲလျက်ရှိသည်။ ထို့အပြင် ဖမ်းဆီးခံထားရသည့် ရိုက်တာဂျာနယ်လစ်နှစ်ယောက်နှင့် ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟုလည်း ဂျွန်ဆင်၏ ကြေညာချက်တွင် ဖော်ပြသည်။

မူစလင်ဒုက္ခသည်များ ပြန်လက်ခံရေး အစီအစဉ်အပါအဝင် ရခိုင်၌ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်ဆင်တို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟူသည့် သတင်းကို ၎င်းတို့နှစ်ဦး၏ ဓါတ်ပုံများနှင့်အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုးထားသော်လည်း ပြန်လာမှု မရှိကြသေးပေ။

နိုင်ငံသားဖြစ်မှု ငြင်းပယ်ခံရသော နိုင်ငံတစ်ခု၏လက်အောက်တွင် ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု ကြုံခဲ့ရသော နိုင်ငံတစ်ခုသို့ ပြန်လာခြင်းမှာ အန္တရာယ်မကင်းဟု ရိုဟင်ဂျာအများက ယူဆနေကြသည်။ စစ်တပ်၏ နှိမ်နင်းမှုအတွင်း ၎င်းတို့၏ရွာများ မီးရှို့ခံခဲ့ရသဖြင့် တချို့သူများမှာ ပြန်စရာ အိမ်မရှိပေ။

၎င်းတို့၏ တပ်ဖွဲ့ဝင်များက အနိုင်ကျင့်နှိပ်စက်မှု တစ်စုံတစ်ရာမရှိကြောင်း မြန်မာစစ်တပ်က လပေါင်းများစွာ ငြင်းဆန်ခဲ့သော်လည်း အင်းဒင်ရွာတွင် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို သတ်ဖြတ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီခဲ့သည်ဟု ဇန်နဝါရီလတွင် ဝန်ခံခဲ့သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးနေသော မြန်မာဂျာနယ်လစ်နှစ်ဦးကို ဖမ်းဆီးပြီးနောက် လူသိရှင်ကြား ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းဂျာနယ်လစ်နှစ်ဦးမှာ လျို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ထောင်ဒဏ် ၁၄ နှစ်အထိ ကျနိုင်သည့် စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

ဂျွန်ဆင်သည် တနင်္ဂနွေနေ့ နောက်ပိုင်းတွင် ဘန်ကောက်သို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ကာ ထိုင်းအစိုးရအဖွဲ့ အကြီးအကဲ ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် အကျပ်အတည်းဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar