ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေတစ်စီး ထိုင်းကျွန်းတစ်ခု၌ ရပ်နား

အေအက်ဖ်ပီ

မလေးရှားနိုင်ငံကို ဦးတည်သွားရောက်ကြမယ့် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာပါတဲ့ လှေတစ်စီးဟာ ထိုင်းနိုင်ငံက ကျွန်းတစ်ခုမှာ ခေတ္တရပ်နားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဧပြီ ၁ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လက စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ စတင်ချိန်ကစတင်ပြီး ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းနီးပါးဟာ ဘင်္ဂလားဒေရှ့်တောင်ပိုင်းကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။ ဒါပေမယ့် ကော့ဘဇာမှာ အရင်ကတည်းက ရောက်ရှိနေထိုင်နေကြတဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာကြောင့် နေထိုင်စရာတွေ ပြည့်ကြပ်နေတာကို သူတို့ ကြုံတွေ့ကြရပါတယ်။

ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ပြန်လည်စေလွှတ်ဖို့ အစိုးရတွေကြား သဘောတူညီချက် ရရှိထားပြီးဖြစ်ပေမယ့် တစ်ဦးတစ်ယောက်မှ မပြန်ရသေးပါဘူး။

ဒေသတွင်း လူကုန်ကူး ကွန်ယက်တွေကို ထိုင်းအစိုးရက ၂၀၁၅ ခုနှစ်မှာ နှိမ်နင်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတောင်ပိုင်း လမ်းကြောင်းကနေ လှေနဲ့ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ရွှေ့ပြောင်း သွားလာသူတွေကို မတွေ့ရတော့ပါဘူး။ ရွှေ့ပြောင်းသွားလာသူ ထောင်ပေါင်းများစွာဟာ ပင်လယ်ထဲနဲ့ သစ်တောတွေထဲမှာ စွန့်ပစ်တာခံခဲ့ရပြီးနောက် ထိုင်းအစိုးရက လူကုန်ကူးဂိုဏ်းတွေကို နှိမ်နင်းခဲ့တာပါ။

ယခုလှေဟာ ရာသီဥတုဆိုးရွားမှုကြောင့် ထိုင်းနိုင်ငံအနောက်ပိုင်းက ကရာဘီကို ဧပြီ ၁ ရက်နေ့ နံနက်အစောပိုင်းက ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာလို့ ပြောကြတဲ့ ခရီးသည်တွေကို ကမ်းခြေမှာ တွေ့ဆုံမေးမြန်းနေကြတာကို ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရပါတယ်။ အဲဒီနောက် သူတို့ဟာ လှေတွေပေါ်ပြန်တက်ပြီး ထွက်ခွာသွားကြပါတယ်။

လှေပေါ်မှာ ပါလာသူတွေဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ကရာဘီအုပ်ချုပ်ရေးမှူး Kitibodee Pravitra က အတည်ပြုပါတယ်။ ဒါပေမယ့် အဲဒီလူတွေ ဘယ်က လာကြတယ်ဆိုတာကိုတော့ သူမသိဘူးလို့ ပြောပါတယ်။

မုန်တိုင်းကြောင့် ကမ်းနားကို ဆိုက်ကပ်လာတယ်လို့ ကနဦးသတင်းပေးပို့ချက်တွေအရ သိရှိရတယ်လို့လည်း သူက ပြောပါတယ်။ “သူတို့က မလေးရှားကို သွားချင်ကြတာ” လို့ သူက ပြောပါတယ်။

လှေပေါ်မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၅၆ ဦးပါဝင်ပြီး ဦးတည်ထားတဲ့ ခရီးကို ဆက်လက်သွားရောက်ကြမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ထိုင်းအာဏာပိုင်တစ်ဦးက အေအက်ဖ်ပီကို ပြောကြားချက်အရ ထိုင်းရေတပ်က အဲဒီလှေကို မလေးရှားနိုင်ငံဘက် လိုက်လံပို့ဆောင်ခဲ့တယ်လို့ဆိုပြီး နယ်ခြားနေရာကို ဧပြီ ၂ ရက်နေ့ နံနက်ပိုင်းလောက်မှာ ရောက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဒေသခံရွာသားတွေက အစားအသောက်တွေ ပေးလှူလိုက်ပြီး ကူညီမှုတွေအတွက် လှေပေါ်ပါသူတွေကလည်း ဝမ်းမြောက်ကြတယ်လို့ သူပြောပါတယ်။

ရေကြောင်းက လှေနဲ့လာသူတွေကို လက်မခံတဲ့ မူဝါဒကို ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့တွက် ၂၀၁၅ ခုနှစ် လှေစီးဒုက္ခသည်အကြပ်အတည်းတုန်းက ရိုဟင်ဂျာအများအပြားဟာ မူဆလင်အများစု နေထိုင်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားကို ရောက်ရှိသွားကြပါတယ်။

ယခုကိစ္စမှာတော့ “အိမ်နီးချင်းနိုင်ငံကို ခရီးဆက်လိုကြတာက သူတို့ရဲ့ဆန္ဒပါ” လို့ ထိုင်းတာဝန်ရှိသူကပြောပါတယ်။

ဘင်္ဂလားဒေရှ့်က စီးပွားရေးအရ ရွှေ့ပြောင်းသွားလာသူတွေဟာလည်း တောင်ပိုင်းက ရေကြောင်းလမ်းကို အသုံးပြုကြလေ့ရှိပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ မကြာသေးမီက စာရင်းအင်းတွေအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံထားသူ ရိုဟင်ဂျာ ၇၀,၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar