ရိုဟင်ဂျာများကို တိုက်ခိုက်သူများ တာဝန်ယူမှုရှိရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသံတမန်သစ် ပြောကြား

အေအက်ဖ်ပီ

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်အား နေအိမ်များမှ ထွက်ပြေးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအတွက် တာဝန်ခံမှု ဖြစ်ပေါ်လာစေရန် ယုံကြည်လောက်သည့် အရေးယူဆောင်ရွက်မှုများ လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန်သစ်က ၎င်း၏ ပထမဆုံးခရီးစဉ်အတွင်း နေပြည်တော်တွင် အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သံအမတ်ကြီး ခရစ္စတင်း ရှရနာဘာဂျင်နာသည် ယနေ့တွင် ပြီးဆုံးမည့် ကိုးရက်ကြာ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အခြားအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ဆွေးနွေးမှုများ အားလုံးတွင် အထူးသံတမန်က တာဝန်ခံမှု၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး ထိုသို့ တာဝန်ခံမှုဟာ အမှန်တကယ် ရင်ကြားစေ့ရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟုလည်း သူမက ပြောကြားခဲ့သည်” ဟုသူမ၏ ခရီးစဉ်ရလဒ်နှင့် ပတ်သက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယုံကြည်လောက်သည့် အချက်အလက်ရှာဖွေရေး လုပ်ဆောင်မှုများ ပြုလုပ်ရန် သံတမန်သစ်က တိုက်တွန်းခဲ့ပြီး ထိုသို့ပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂအနေဖြင့် အဆင်သင့်ရှိကြောင်းလည်း ၎င်းကပြောကြားသည်။ ရှရနာဘာဂျင်နာသည် ရိုဟင်ဂျာများ ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာမီ ဆက်လက် သွားရောက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လပြုလုပ်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးမှာ အစွန်းရောက်ဝါဒီများကို အမြစ်မှ လှန်ပစ်ရန် ဖြစ်သည်ဟု မြန်မာအစိုးရက ပြောကြားထားသည်။ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရိုဟင်ဂျာစခန်းများသို့ သွားရောက်ပြီးနောက် ရှရနာဘာဂျင်နာက ပြန်လည်ရင်ကြားစေ့ရေးနှင့် ကုစားရေးကို အားပေးရန်အတွက် အာဏာပိုင်များအနေဖြင့် ထိခိုက်ခံစားရသည့် လူ့အသိုင်းအဝိုင်းများနှင့် လူထုအစည်းအဝေးများ ကျင်းပရန်လည်း အကြံပြုခဲ့သည်။

ရှရနာဘာဂျင်နာသည် ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ဟောင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ပြီးခဲ့သည့် ဧပြီလတွင် ခန့်အပ်ခံခဲ့ရသည်။ ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက်ရန်လည်း ၎င်းက စီစဉ်နေသည်။ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးမှာ လူမျိုးစုရှင်းလင်းရေးဖြစ်သည်ဟု ကုလသမဂ္ဂအပြင် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း ပြောဆိုလျက်ရှိသည်။ ထို့အပြင် ရက်စက်မှုကျူးလွန်သည်ဟူသည့် စွပ်စွဲချက်များကို အပြည့်အဝ စုံစမ်းစစ်ဆေးရန်လည်း ၎င်းတို့က တွန်းအားပေးနေသည်။

နိုင်ငံတွင်း ဝင်ရောက်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးသည့် အချက်အလက် ရှာဖွေရေးမစ်ရှင်တစ်ခုကို ဝင်ရောက်ခွင့်ပြုရန် မြန်မာအစိုးရက ငြင်းဆိုထားသည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ ယန်ဟီးလီကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မေလအစောပိုင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ မြန်မာစစ်တပ်၏ လက်အောက်တွင် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုနှင့် ကျေးရွာများ မီးရှို့ခံရမှုများကို ဒုက္ခသည်များက ကောင်စီကို ပြောပြခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar