ရိုဟင်ဂျာမိန်းကလေး ၂၃ ဦးကို လူကုန်ကူးသူများလက်မှ ဘင်္ဂလားဒေရှ့်ရဲ ကယ်တင်

အေအက်ဖ်ပီ

မလေးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ခေါ်ဆောင်သွားရန်အတွက် မြို့တော်ဒါကာသို့ ခေါ်ဆောင်လာခြင်းခံရသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဆယ်ကျော်သက်မိန်းကလေး ၂၃ ဦးကို ကယ်တင်ခဲ့သည်ဟု ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က မေ ၁၂ ရက်နေ့တွင် ပြောကြားသည်။

ရိုဟင်ဂျာစုံတွဲအပါအဝင် လူကုန်ကူးသူလေးဦးကို ဒါကာရဲများက မေ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံကူးလက်မှတ် ၅၀ ကိုလည်း ၎င်းတို့ထံမှ သိမ်းဆည်းခဲ့သည်။

မြို့တော်တောင်ဘက်ပိုင်းရှိ နေအိမ်တစ်ခုအား ၎င်းတို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အပ်ချုပ်ဆိုင်၏နောက်ဘက် အခန်းတစ်ခုတွင်း၌ ပုန်းအောင်းနေကြသည့် ဆယ်ကျော်သက်များကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Mokhlesur Rahman က ပြောကြားသည်။

“မလေးရှားမှာ အလုပ်ရမယ်လို့ သူတို့ကို ကတိပေးပြီးတော့ ကော့ဘဇာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ ခေါ်ဆောင်လာတာပါ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။ ဘင်္ဂလားဒေရှ့် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းရှိ အဆိုပါခရိုင်တွင် ရိုဟင်ဂျာများ အခြေချနေထိုင်နေကြသည်။

အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိသည့် မိန်းကလေးများမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ စေခိုင်းလုပ်ကိုင်ခံရမည့် အလားအလာရှိနေသည်ဟု တာဝန်ရှိသူက ပြောကြားသည်။

“ဖမ်းဆီးခံထားရသူလေးဦးကို အမှုဖွင့်ခဲ့ပြီး မိန်းကလေးတွေကိုတော့ ကော့ဘဇာမှာရှိတဲ့ သူတို့ စခန်းတွေဆီ ပြန်ပို့ခဲ့ပါတယ်” ဟု Rahman က ပြောသည်။

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် ကူတာပါလောင်စခန်းတည်ရှိသော Ukhiya မှ ရဲတပ်ဖွဲ့အကြီးအကဲ Mr Abul Khair က မိန်းကလေးများကို ၎င်းတို့ လက်ခံထားပြီး စခန်းများရှိ ၎င်းတို့နေအိမ်များသို့ ပြန်လည် ပို့ဆောင်မည်ဟု ပြောကြားသည်။

၂၀၁၇ ခုှနှစ်၊ သြဂုတ်လတွင် မြန်မာစစ်တပ်၏ ရက်ရက်စက်စက်နှိမ်နင်းမှုများကြောင့် ရိုဟင်ဂျာမူဆလင် ၇၄၀,၀၀၀ ခန့်ထွက်ပြေးခဲ့ကြပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိလာကြကာ မူလကတည်းက ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြပြီးဖြစ်သူ ၃၀၀,၀၀၀ ခန့်နှင့် သွားရောက်ပူးပေါင်းမိခဲ့ကြသည်။

ပိုမိုကောင်းမွန်သည့်ဘဝနှင့် စီးပွားရေးဖူလုံသည့် အနာဂတ်အား လိုလားနေကြသည့်အတွက် ဆယ်ကျော်သက်မိန်းကလေးများအပါအဝင် ဒုက္ခသည်များမှာ လူပြည့်ကြပ်နေသည့် စခန်းများတွင် လှည့်လည်သွားလာနေကြသော လူကုန်ကူးသူများ၏လက်ထဲသို့ သားကောင်များအဖြစ် အလွယ်တကူ ကျရောက်သွားကြသည်။

ဒုက္ခသည်ထောင်ပေါင်းများစွာမှာ ၎င်းတို့၏အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်နေကြသည်။ အထူးသဖြင့် လှေများဖြင့် သွားရောက်ကြခြင်းဖြစ်သည်။ မေလအကုန် မုတ်သုံရာသီမစတင်မီ ဘင်္ဂလားပင်လယ်အော်၌ ပင်လယ်ပြင် တည်ငြိမ်နေသည့်အချိန်တွင် သွားရောက်ကြခြင်းဖြစ်သည်။

ငါးဖမ်းလှေများဖြင့် ထိုပင်လယ်ပြင်ခရီးကို ဖြတ်သန်းသွားရောက်ကြမည့် ရိုဟင်ဂျာ ၃၀၀ ကျော်ကို ဘင်္ဂလားဒေရှ့်အာဏာပိုင်များက ယခုနှစ်အတွင်း တားဆီးခဲ့ပြီးဖြစ်သည်။

အများစုမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကူးလက်မှတ်များနှင့် ခရီးသွားစာရွက်စာတမ်းများ ရယူပြီး မလေးရှားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လေယာဉ်ဖြင့် သွားရောက်ကြလေ့ရှိသည်။

လူကုန်ကူးမှု တားဆီးရေးကို အထူးပြုဆောင်ရွက်နေသည့် အကူအညီပေးရေးလုပ်သားတစ်ဦးဖြစ်သူ Mr Jishu Barua က ပြီးခဲ့သည့်ရက်သတ္တပတ်ခြောက်ပတ်အတွင်း စခန်းများမှ လူကုန်ကူးမှု ၁၀၀ ကျော်ကို ကိုင်တွယ်ခဲ့ရသည်ဟု ပြောကြားသည်။

“ဒါပေမယ့် ဒီဟာက တကယ်ဖြစ်နေတာတွေရဲ့ အစိတ်အပိုင်းသေးသေးလေးပဲ ဖြစ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.