မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိသော်လည်း ကိုယ်ကျင့် သိက္ခာတရားအရ ယုတ်ယျော့သွားစရာမရှိဟု ဗာတီကန်က ကာကွယ်ပြောကြားလိုက်သည်။
“မဖြစ်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် လူတွေက မျှော်လင့် မထားပါဘူး။ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ကျင့်သိက္ခာတရားဟာ ယခုအတိုင်း ဆက်လက်တည်ရှိနေပါတယ်” ဟု ဗာတီကန်၏ ပြောရေးဆိုခွင့်ရှိသူ Greg Burke က ယမန့်နေ့ညနေပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ပုပ်ရဟန်းမင်းကြီးတစ်ဦးလည်းဖြစ်သူ ဖရန်စစ်သည် ၎င်း၏ ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရန်ကုန်မြို့တွင် ပထမဆုံး တွေ့ဆုံခဲ့သည်။
ထို့နောက် နေပြည်တော်တွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံခဲ့ပြီးနောက် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အစိုးရတာဝန်ရှိသူများနှင့် သံတမန်များအား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မိန့်ခွန်း ပြောကြားခဲ့သည်။
၎င်း၏မိန့်ခွန်းတွင် တိုင်းပြည်တိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာပြည်သူများအနေဖြင့် တရားမျှတမှုနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာကြရန်လည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ကျေအေးခြင်းဖြင့် အဆုံးသတ်ရန်နှင့် မတူညီသည့် ဘာသာရေးယုံကြည်ချက်များက နိုင်ငံတည်ဆောက်ရေးအတွက် တွန်းအားတစ်ခုဖြစ်စေရန်လည်း ထည့်သွင်းတိုက်တွန်းခဲ့သည်။ သို့သော် အငြင်းပွားဖွယ် “ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းကို ထည့်သွင်းပြောကြားခြင်းမရှိသလို အဆိုပါပြဿနာနှင့် ပတ်သက်ပြီးလည်း တိုက်ရိုက်ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
“သူပြောခဲ့တာတွေ၊ မပြောခဲ့တာတွေအပေါ် ခင်ဗျားတို့ ဝေဖန်လို့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ပုပ်ရဟန်းမင်းကြီးမှာ ကိုယ်ကျင့်သိက္ခာတရား ယုတ်လျော့သွားမှာ မဟုတ်ပါဘူး” ဟုလည်း Greg Burke က သတင်းထောက်များကို ပြောကြားသည်။
ပုပ်ရဟန်းမင်းကြီးသည် ယမန်နေ့က ကမ္ဘာအေးကုန်းမြေတွင် နိုင်ငံံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံချိန်တွင် ၎င်းက လတ်တလော မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာပါ လူသားတိုင်းဟာ တရားမျှတမှုကို လိုအပ်နေကြသဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုနိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း ဗီအိုအေက ရေးသားထားသည်။
“ငြိမ်းချမ်းရေးနဲ့ လူသားတိုင်းအတွက် တရားမျှတခြင်း လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ ကျွန်ုတို့မှာ တာဝန်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာ လိုအပ်နေတာပါ” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် မစ္ဆာဆုတောင်းပွဲတွင်လည်း တစ်နိုင်ငံလုံးရှိ ကတ်သလစ်ခရစ်ယာန်ဘာသာဝင် နှစ်သိန်းနီးပါး တက်ရောက်ခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့၌ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်း ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေး၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရသည်။