ရိုက်တာ သတင်းထောက်များ တစ်ပြိုင်တည်း အဖမ်းခံခဲ့ရသော်လည်း ရဲမှတ်တမ်း၌ တစ်နေရာစီ ဖြစ်နေ

ထက်ခေါင်လင်း/ Myanmar Now

ရိုက်တာသတင်းထောက်နှစ်ဦးအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ရဲကတစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖမ်းဆီးခဲ့သော်လည်း ရှာဖွေပုံစံ၌ တဦးချင်းစီကိုမှတ်တမ်းရေးရာတွင် ဖမ်းဆီးသည့်နေရာ မတူညီကြောင်း ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ဇူလိုင်၂၄ ရက်နေ့က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ကိုကျော်စိုးဦးက သူနှင့် လုပ်ဖော်ကိုင်ဖက် ကိုဝလုံးအား ရန်ကုန်မြို့စွန် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမပေါ်ရှိ ဆောင်းရိပ်မွန် ဘီယာဆိုင်ရှေ့တွင် ဖမ်းဆီးခဲ့သော်လည်း ထောက်ကြန့်ရဲတပ်ဖွဲ့က ရှာဖွေပုံစံရေးသွင်းရာတွင် အမှတ် (၃) လမ်းဆုံဟု ရေးသွင်းခဲ့သဖြင့် အတိုက်အခံလုပ်ကာ ကန့်ကွက်ခဲ့ရကြောင်း မြောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

“ကျွန်တော်တို့ တကယ်ဖမ်းခံရတဲ့နေရာမဟုတ်လို့ လက်မှတ်မထိုးပေးနိုင်ကြောင်း ငြင်းဆန်ခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ကို ဖမ်းဆီးရေးလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့က ခေါင်းဆောင်လုပ်သူက ဒါဆို သူပြောတဲ့အတိုင်းရေးကွာ။ နောက်မှ ငါတို့ ဖြေရှင်းမယ်လို့ ပြောတဲ့အတွက် ကျွန်တော်ရဲ့ ရှာဖွေပုံစံမှာ အမှန်တကယ် ဖမ်းဆီးတဲ့နေရာဖြစ်တဲ့ ဆောင်းရိပ်မွန် ဘီယာဆိုင်ရှေ့ ထွက်ပေါက်ဆိုတာ ဖြည့်ပေးတယ်” ဟု သူက ရုံးတော်တွင် ထွက်ဆိုသည်။

သို့ရာတွင် သူနှင့်အတူ တရားစွဲခံထားရသည့် ကိုဝလုံး၏ ရှာဖွေပုံစံတွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းဆုံဟုသာ ဖြည့်သွင်းထားခဲ့သည်ဟု ကိုကျော်စိုးဦးကဆိုသည်။

ရဲက ဖမ်းဆီးသည့် တည်နေရာကို အမှန်အတိုင်းရေးရန် ကိုကျော်စိုးဦးက စောဒကတက်နေချိန်တွင် ကိုဝလုံးက လက်မှတ်ရေးထိုးထားပြီးဖြစ်သည်ဟုလည်း ထွက်ဆိုခဲ့သည်။

“အမှန်အတိုင်းပြောရရင် ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းတုန်းက သေချာမစစ်ခဲ့သလို ကျွန်တော် ကိုယ်တိုင်လည်း ဘယ်နေရာမှာ ဖမ်းလိုက်တယ်ဆိုတာ တိတိကျကျ မသိခဲ့ဘူး။ ဆောင်းရိပ်မွန် ဘီယာဆိုင် ဆိုတာတောင် မသိခဲ့တာ။ ကိုကျော်စိုးဦးကိုတောင် ထောက်ကြန့်စခန်းမှာတုန်းက လက်မှတ်ထိုးပေး လိုက်ပါလို့တောင် ကျွန်တော်ပြောခဲ့သေးတာ။ အခုမှ သူက သေသေချာချာ ထောက်ပြချက်တွေကို သိရတော့ သူ့တောင် ပြန်အားနာနေရတယ်” ဟု ကိုဝလုံးက တရားခွင်နားချိန်တွင် Myanmar Now ကို ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသည့်နေရာကို သေချာစွာမှတ်တမ်းတင်ရန် သတင်းထောက်များက ပြောကြားခဲ့သည့်အတွက် ရဲအရာရှိတစ်ဦးက ထောက်ကြန့်စခန်းအတွင်း ဒေါသတကြီးဖြင့် စာအုပ်များကို ကြမ်းပြင်သို့ ပစ်ပေါက်ကာ အခြားပုဒ်မများဖြင့် တရားစွဲ၍ရကြောင်း ပြောဆိုခဲ့သည်ဟု ကိုကျော်စိုးဦးကပြောသည်။

ထိုသူသည် ဖမ်းဆီးခဲ့သည့်အဖွဲ့၊ ရှာဖွေပုံစံရေးသွင်းလိုက်သည့်အဖွဲ့များတွင် တရားရုံးတော်သို့ တရားလိုပြသက်သေအဖြစ် စစ်ချက်စာအုပ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လာရောက်ထွက်ဆိုခဲ့သူလည်းဖြစ်ကြောင်း သူကပြောသည်။

ရဲက စတင်ဖမ်းဆီးချိန်နှင့် ထောက်ကြန့်ရဲစခန်းတွင် ရှာဖွေပုံစံဖြည့်သွင်းမှု စုစုပေါင်းကြာချိန်မှာ ၁ နာရီနှင့် မိနစ် ၂၀ ဝန်းကျင်သာရှိခဲ့ကြောင်း၊ ယင်းနောက်တွင် ခေါင်းစွပ်အမဲများစွပ်ခဲ့ပြီး ကားတစ်စီးစီခွဲကာ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း ကိုကျော်စိုးဦး တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

“ထောက်ကြန့်စခန်းက ရဲတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေက အလျင်စလို အခြားနေရာကို ရွှေချင်နေလို့ မြန်မြန်လုပ်နေတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါ့ကြောင့် ရှာဖွေပုံစံဖြည့်ရာမှလဲ တစ်ခုနဲ့တစ်ခုမတူပဲ ကွဲပြားနေရတာဖြစ်တယ်” ဟု သူက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ဖမ်းဆီးခံရသူအချင်းချင်း နှစ်ပတ်အထိ မတွေ့ခဲ့ကြရ

စတင်ဖမ်းဆီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ည ထောက်ကြန့်ရဲစခန်းမှ စတင်ထွက်လာသည့် အချိန်မှစပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ မင်္ဂလာဒုံတရားရုံးတွင် ရုံးထုတ် ရမန်ယူသည့်အချိန်အထိ နှစ်ပတ်တိတိ အတူအဖမ်းခံခဲ့ရသည့် ကိုဝလုံးနှင့် တွေ့ခွင့်မရခဲ့ကြောင်း ကိုကျော်စိုးဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အောင်သပြေစစ်ကြောရေးတွင် လက်ထိပ်ခတ်လျက် သုံးရက်တိတိ နှစ်စ်နာရီခြားတခါ စစ်မေးသူများပြောင်းလဲကာ မေးခွန်းတစ်မျိုးထဲကို မနားမနေ မေးမြန်းနေခဲ့ကြောင်းလည်း သူက ထွက်ဆိုသည်။

“အောင်သပြေစစ်ကြောရေးမှာ မေးတာက ရခိုင်ပြည်နယ်တွင် ကျွန်တော်ဘယ်လို သတင်းမျိုးကို လိုက်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောအကြောင်း၊ ကျွန်တော်တို့ရရှိထားတဲ့ သတင်းမှတ်တမ်းများအကြောင်းနဲ့ ကျွန်တော့်ရဲ့ ငယ်ဘဝအကြောင်းတွေကိုပဲ တစ်ခါပြီးတခါ ထပ်တလဲလဲမေးတာ” ဟု သူက ဆိုသည်။

ရဲအရာရှိများထံမှ လျှို့ဝှက်ချက် စာရွက်စာတမ်းတချို့ ရယူခဲ့သည့်ဟု စွပ်စွဲခံရပြီး အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ – ၃ ဖြင့် ၎င်းတို့အား အမှုဖွင့်ထားသော်လည်း စစ်ကြောရေးတွင် အဆိုပါစာရွက်စာတမ်းများအကြောင်း မမေးမြန်းခဲ့ကြောင်း ကိုကျော်စိုးဦးက ဆိုသည်။

စတင်ဖမ်းဆီးပြီး ရှာဖွေပုံစံတွင် ထည့်သွင်းထားသည့် အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့၏ လျှို့ဝှက်စာရွက်များဆိုသည့် ကိစ္စကို မေးမြန်းခြင်းမရှိဘဲ၊ စစ်ဆေးမေးမြန်းသူများကို ပြောဆိုရာတွင်လည်း ၎င်းတို့က ယင်းကိစ္စသည် သူတို့နှင့်မဆိုင်ကြောင်းနှင့် တရားရုံးရောက်မှ ရှင်းရန် ပြောခဲ့သည်ဟု သူက တရားရုံးတော်တွင် ထွက်ဆိုခဲ့သည်။

ထိုအချက်ကို တရားစွဲခံထားရသည့် ကိုဝလုံးကလည်း ထောက်ခံခဲ့ပြီး မိမိကိုလည်း အောင်သပြေ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းသူများက ထိုကဲ့သို့ ပြောဆိုခဲ့သည်ဟု Myanmar Now သို့ ပြောသည်။

“အဲ့ဒီလို လူတွေကို မအိပ်မနေစစ်တာ၊ ခေါင်းစွပ်အမဲနဲ့ စွပ်တယ်ဆိုတာ အရင်စစ်အစိုးရလက်ထက်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးစစ်ဆေးတဲ့ ပုံစံအတိုင်းပါပဲ။ အဲ့ဒီလို စွပ်စွဲခံရသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်တယ်ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်တဲ့ပုံစံပါပဲ” ဟု ရိုက်တာ သတင်းထောက်များ၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်အပြီးတွင် ပြောသည်။

စွပ်စွဲခံရသူများကို ထိုကဲ့သို့ အမှန်တကယ် ပြုလုပ်မှု ရှိမရှိဆိုသည်က တရားခွင်အတွင်း စစ်ဆေးမေးမြန်းချက်များအပြင် သက်ဆိုင်သူများက ဖြေရှင်းရမည့်ကိစ္စဖြစ်သော်လည်း အမှန်တကယ် ပြုမူဆောင်ရွက်ခဲ့သည်ဆိုလျှင် လူ့အခွင့်အရေးချိုးဖောက်လိုက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်က သုံးသပ်သည်။

နာရီနဲ့ချီကာ ဒူးထောက်ခိုင်းခဲ့

အောင်သပြေစစ်ကြောရေးတွင်စစ်ဆေးနေစဉ်အတွင်း သူ၏ ဖုန်းမှ လျှို့ဝှက်နံပတ်(Password) ကို စစ်ကြောရေးအရာရှိများက တောင်းခဲ့ပြီး ငြင်းဆန်ပါက စစ်ကြောရေးကာလမှာ ပိုမိုကြာမြင့်နိုင်သည်ဟုလည်း ပြောကြားခဲ့သည်ဟု ကိုကျော်စိုးဦးက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ဖုန်းမှ လျှို့ဝှက်နံပတ် (Password) ကိုထုတ်ပြောခဲ့ပြီးနောက် ဖုန်းအတွင်းရှိ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ အရပ်သားများအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဓာတ်ပုံအထောက်အထားများ တွေ့ရှိခဲ့ပြီးနောက် စစ်ကြောရေးအရာရှိ ဦးစိန်လှိုင်ဝင်းဆိုသူက “မင်းတို့ ဘာ့ကြောင့် ဒီအကြောင်းတွေ မပြောတာလဲ” ဟု အော်ဟစ်ခဲ့ပြီး ကြမ်းပြင်ပေါ်တွင် လေးနာရီခန့်မျှ ဒူးထောက်ခိုင်းခဲ့သည်ဟု သူက တရားခွင်တွင် ထွက်ဆိုသည်။

အင်းဒင်သတ်ဖြတ်မှု ဓာတ်ပုံများတွေ့ရှိပြီးနောက်ပိုင်းတွင် သူ့အား နားနားနေနေ နေခွင့်ပေးခဲ့ပြီး စစ်ဆေးရေးအရာရှိတစ်ဦးက အဆိုပါ ဓာတ်ပုံများကို ပုံကြီးချဲ့ပြီး မေးမြန်းခဲ့ကြောင်း၊ စစ်ဆေးရေးအရာရှိတချို့က မိမိသည် ရခိုင်လူမျိုးဖြစ်သော်လည်း အဘယ်ကြောင့် ထိုသတင်းမျိုးကို လိုက်ရသလဲဟု မေးမြန်းခဲ့ကြောင်း ကိုကျော်စိုးဦးက ထွက်ဆိုသည်။

“ကျွန်တော်က သတင်းသမားတစ်ဦးအနေနဲ့ လုပ်ကိုင်တာဖြစ်တယ်။ ဥပဒေစိုးမိုးရေး၊ အဂတိတိုက်ဖျက်ရေး အတွက် အထောက်အကူဖြစ်ဖို့ ဒီလိုသတင်းတွေ ရေးသားတာလို့ ပြန်ပြောခဲ့တယ်။ အဲဒီလိုပြောလို့ ဟိန္ဒူတွေ အသတ်ခံရတဲ့ သတင်းကိုရော ရေးဖြစ်လားမေးတယ်။ ကျွန်တော်ကိုယ်တိုင် ဟိန္ဒူတွေ အသတ်ခံရတဲ့ သတင်းကို လိုက်ပါရေးသားခဲ့တယ်လို့ ပြန်ပြောခဲ့တယ်” ဟု သူက ဆိုသည်။

ထို့အပြင် ရိုက်တာသတင်းဌာနကစုံစမ်းနေသည့် အင်းဒင်သတင်းကို မည်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းမေးမြန်းခဲ့ရာ၌လည်း မိမိတို့သည် ၈ဝ ရာခိုင်နှုန်းမျှ ပြီးစီးနေပြီး သက်ဆိုင်ရာ ဌာနမှ အတည်ပြုချက်များရရှိပြီး ပြီးပြည်စုံပါက သတင်းထုတ်မည်ဟု သူက ပြန်ပြောခဲ့သည်ဟု ဆိုသည်။

အောင်သပြေစစ်ကြောရေးကာလတလျှောက်လုံး စစ်ဆေးမေးမြန်းချက်များတွင် မိမိတို့ကို ဖမ်းဆီးကာ ရှာဖွေပုံစံတွင် ထည့်သွင်းထားသည့် ဒုတပ်ကြပ် နိုင်လင်းပေးအပ်ခဲ့သည့် လျှို့ဝှက်စာရွက်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ဦးမှ မေးမြန်းခဲ့ခြင်းမရှိကြောင်း သူက တရားခွင်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဖုန်းထဲရောက်နေတဲ့စာရွက်စာတမ်းတွေ

တရားလို ရဲတပ်ဖွဲ့ဘက်က သူ၏ဖုန်းအတွင်းတွေ့ရှိခဲ့သည်ဟုဆိုပြီး လျှို့ဝှက်စာရွက်ဟုခေါင်းစဉ်တပ်ကာ ရုံးတော်သို့တင်ပြထားသည့် မာန်အောင်ကျွန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်စာရွက်စာတမ်းများသည် မည်သည့်အချိန်တွင် သူ၏ဖုန်းအတွင်း ရောက်နေသည်ကိုမသိကြောင်းလည်း ကိုကျော်စိုးဦးကထွက်ဆိုခဲ့သည်။

အဆိုပါစာရွက်စာတမ်းများသည် ဖုန်းကိုအသုံးပြုပြီး လူမှုကွန်ရက်သုံးစွဲသည့် မက်ဆင်ဂျာတွင် မိတ်ဆွေများနှင့် စုဖွဲ့ထားသည့် Group များမှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကိုကျော်စိုးဦးက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ရိုက်တာသတင်းဌာနက အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီများ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်း သတင်းကို ဖော်ပြပြီးသည့်နောက်ပိုင်းတွင် မိမိတို့ကို ချုပ်နှောင်ထားသည့် အင်းစိန်ထောင်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မျိုးသူစိုးနှင့် ရဲမှူးချုပ် တင်ကိုကိုတို့ ရောက်ရှိလာပြီး ထိုဆောင်းပါးတွင် တာဝန်ခံမှု၊ အချက်အလက်မှန်ကန်မှုရှိမရှိ မေးမြန်းခဲ့ကြောင်း၊ ထိုမေးမြန်းချက်များကိုလည်း ဗီဒီယိုမှတ်တမ်း ရယူသွားခဲ့ကြောင်း သူက တရားခွင်တွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်က ရှေ့နေကတဆင့် ရိုက်တာသတင်းဌာနကိုပဲ မေးမြန်းဖို့ ပြောခဲ့တယ်။ ရှေ့နေကို သွားဆက်သွယ်ဖို့ စာရေးပေးလိုက်တယ်။ နောက်တနေ့ ဒုရဲမှူး မျိုးသူစိုး ထပ်လာပြီး အင်းဒင်ဆောင်းပါးက ဓာတ်ပုံကိုထုတ်ပြပြီး ပုံထဲမှာပါတဲ့ တပ်ဖွဲ့ဝင်တွေကို လက်ညှိုးထိုးပြပြီးထိုးပြီး သိသလားမေးတယ်” ဟု သူက တရားခွင်တွင် ဆိုသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ရွာတွင် အရပ်သားများသတ်ဖြတ်ခံခဲ့ရမှုသတင်းလိုက်နေစဉ် အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို လိုက်လံတွေ့ဆုံအတည်ပြုနေရင်း ရိုက်တာသတင်းထောက်များက ဖမ်းဆီးတရားစွဲခံခဲ့ရသည်။

အင်းဒင်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် တရားလိုပြသက်သေအဖြစ် တရားရုံးတွင် လာရောက်ထွက်ဆိုစဉ် ရဲမှူးချုပ် တင်ကိုကိုက ရိုက်တာသတင်းထောက်များကို ထောင်ခြောက်ဆင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ်ထွက်ဆိုခဲ့သည်။

ထို့အပြင် ရိုက်တာသတင်းထောက်များကို ဖမ်းဆီးစဉ်က ဖမ်းဆီးရမိခဲ့သည့် လျှို့ဝှက်စာတမ်းများဆိုသည်ကလည်း ရဲမှူးချုပ် တင်ကိုကို၏ စေခိုင်းချက်အရ အမှတ် (၈) ရဲတပ်ရင်းမှ ဒုတပ်ကြပ်နိုင်လင်းက ရိုက်တာသတင်းထောက်များ၏ လက်အတွင်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးရန်နိုင်က ထွက်ဆိုခဲ့သည်။

သို့သော် ဒုတပ်ကြပ်နိုင်လင်းက ရိုက်တာသတင်းထောက်များကို မည်သည့်စာရွက်မှ မပေးအပ်ခဲ့ကြောင်း တရားရုံးတွင် တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar