အိုလီဗာဆလိုး
ရိုက်တာသတင်းသမားနှစ်ဦးအား ရဲများက “ထောင်ဖမ်းခဲ့သည်” ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည့် ရဲအရာရှိဖြစ်သူက ၎င်းအား ဖမ်းဆီးထောင်ချခဲ့ခြင်းမှာ အမှုနှင့် ပတ်သက်ပြီး အခြားသူများက ထုတ်ဖော်ပြောဆိုလာကြမည်ကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားသည်။
“ကျွန်တော့ကို ထောင်ချလိုက်တာဟာ နောက်ထပ် ပေါ်ပေါက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမှန်တရားကို ခြိမ်းခြောက်လိုက်တာပါပဲ” ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်က တရားရုံးတွင် ယနေ့ ပြောကြားသည်။
ယခင်တစ်ကြိမ်က ရဲအရာရှိဝတ်စုံဖြင့် တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့သော်လည်း ယခုအခါ ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရပြီးဖြစ်သောကြောင့် ရဲအစောင့်အကြပ်များနှင့်အတူ အပြာရောင်အကျဉ်းသားဝတ်စုံဖြင့် တရားရုံးသို့ ယနေ့ရောက်ရှိလာခဲ့သည်။
ရိုက်တာသတင်းသမားနှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောင်ဖမ်းရန် ရဲမှူးချုပ်တင်ကိုကိုက စီစဉ်ခဲ့သည်ဟု ပြီးခဲ့သည့်လက တရားရုံးတွင် ရဲမှူးချုပ်ဟောင်း မိုးရန်နိုင်က ထွက်ဆိုခဲ့သည်။
ထိုသို့ ထွက်ဆိုခဲ့ပြီးနောက် ၎င်းအား မယုံကြည်ရသည့် သက်သေအဖြစ် သတ်မှတ်ပေးရန် တရားလိုဘက်က တရားရုံးသို့ တင်ပြခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။
ယနေ့ရုံးချိန်းတွင် ဦးမိုးရန်နိုင်အား ယခင်ထွက်ဆိုချက်နှင့် ပတ်သက်ပြီး မေးခွန်းများမေးမြန်းခဲ့သည်ဟု ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောကြားသည်။
အမှုအား မေ ၁၆ ရက်နေ့တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။