ရိုက်တာအမှုကို ထောင် ၇ နှစ်ချနိုင်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ

အဲဒီပုဒ်မတွေက ထောင်ဒဏ် နှစ်နည်းနည်းပဲ ချနိုင်တာမို့ ထောင်ဒဏ် နှစ်အများကြီးချနိုင်တဲ့ “မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ” နဲ့ ဘောင်မဝင်ဝင်အောင် တည်ဆောက်ပြီး စီရင်လိုက်ရပုံပါပဲ။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ဟိုးလေးတကြော် ဖြစ်သွားတဲ့ကိစ္စ တစ်ခုကတော့ ရိုက်တာသတင်းထောက် နှစ်ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့ ကိစ္စပါ။

ဒီကိစ္စ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တရားမျှတတဲ့ စီရင်မှုလို့ မယူဆကြပါဘူး။ ပြည်တွင်းက သတင်းမီဒီယာ အဖွဲ့အစည်း အားလုံးလိုလိုက ကြေညာချက်ထုတ် ကန့်ကွက်ကြပါတယ်။ တရားရေးဆိုင်ရာ ရှေ့နေတွေလိုမျိုးက ဒီကိစ္စကို ဥပဒေနဲ့အညီ စီရင်တယ်လို့ မထင်ဘူးဆိုပြီး သတင်းမီဒီယာတွေမှာ တစ်ဦးချင်းစီ ထုတ်ဖော်ပြောဆိုကြတာ ရှိပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက အဲဒီသတင်းထောက် နှစ်ယောက်ကို ထောင် ၇ နှစ် ချလိုက်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပါ။ ဒီဥပဒေ ဘယ်လို ပေါ်ပေါက်လာတယ်၊ အခုအမှုကို စွဲတင်ခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးက အဲဒီဥပဒေထဲက ဘယ်အချက်တွေကို ကိုးကားပြီး အမှုတည်ဆောက်၊ ထောင်ချခဲ့သလဲ ဆိုတာပါ။ အဲဒီကိစ္စအကြောင်း လေ့လာစူးစမ်းကြည့်ကြရအောင်ပါ။

လက်ရှိ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မှာ အဖမ်းခံလိုက်ရပါတယ်။ ရဲအရာရှိ တစ်ယောက်က တွေ့ဆုံဖို့ ချိန်းဆိုတာကို သွားတွေ့၊ အဲဒီရဲအရာရှိကပေးတဲ့ စာရွက်စာတမ်းတချို့ကို လက်ခံရယူပြီး သိပ်မကြာခင်မှာကိုပဲ အဖမ်းခံလိုက်ရတာပါ။

ဒီအဖမ်းခံရမှုနဲ့ပတ်သက်ပြီး အများက ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြတာက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ မူဆလင်ရွာသား ၁၀ ယောက် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စ သတင်းလိုက်နေသူတွေဖြစ်လို့ သူတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့ ယူဆကြပါတယ်။ နောက်ပိုင်း တရားလိုတွေကပဲ တရားရုံးကို တင်ပြတဲ့ ဒုရဲမှူးမိုးရန်နိုင်ကလည်း သူတို့ နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တရားရုံးရှေ့ အတိအလင်း ထွက်ဆိုခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ရဲတပ်ဖွဲ့ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖမ်းဖို့ ရည်ရွယ်ပုံရပါတယ်။ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ လက်ထဲထည့်ပေး၊ အဲဒီအချိန် ယာယီသမ္မတ တာဝန်ယူထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်ရယူပြီး အလွန်ကြီးလေးတဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ အရေးယူဖို့ ကြံစည်တာပါပဲ။ ဒီနေရာမှာ အဲဒီဥပဒေမှာ ဘာဖော်ပြထားသလဲ ဆိုတာ လေ့လာကြည့်ဖို့ လိုလာပါပြီ။ ထောင် ၇ နှစ်ချလိုက်တဲ့ အဲဒီဥပဒေ ပုဒ်မ ၃(၁)(ဂ) မှာ ဖော်ပြထားတာက-

၃။(၁) မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် –

                   (ဂ)     ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ရည်ရွယ်၍၊ သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍၊ သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် secret official code ၊ သို့မဟုတ် ကင်းစကားဝှက် password တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု၊ သို့မဟုတ် အခြားစာတမ်းအမှတ်အသား၊ သို့မဟုတ် သတင်းတစ်ရပ်ရပ်ကို သော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်း၊ သို့မဟုတ် ထုတ်ဝေခြင်းပြုလျှင်၊ သို့မဟုတ် သူတစ်ပါးအား ဆက်သွယ်၍သိစေလျှင်၊ သို့မဟုတ် အဆိုပါပြစ်မှုမှာ ခံတပ်၊ လက်နက်ကိုင်၊ ရေတပ်၊ ကြည်းတပ်၊ သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ၊ သို့မဟုတ် ချထားရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော၊ သို့မဟုတ် လေယာဉ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အစိုးရရေတပ်၊ ကြည်းတပ်၊ သို့မဟုတ် လေတပ်ရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် တစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်းကောင်း ကျူးလွန်သည့် ပြစ်မှုဖြစ်လျှင် တစ်ဆယ့်လေးနှစ်ထိ ထောင်ဒဏ်၊ အခြားအမှုများဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ခြင်း ခံရမည်။ ဆိုပြီးဖြစ်ပါတယ်။

ဒီဥပဒေဟာ မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှလက်အောက် ကျရောက်နေစဉ် ၁၉၂၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ၁၉၂၃ အိန္ဒိယ အက်ဥပဒေ အမှတ် – ၂၃ ဖြစ်ပါတယ်။ ဥပဒေ တစ်ခုလုံးကို မဆိုထားနဲ့၊ အခု ထောင် ၇ နှစ်ချလိုက်တဲ့ ပုဒ်မ ၃(၁)(ဂ) တစ်ပိုဒ်ထဲကို ကြည့်ရင်ပဲ အစိုးရရဲ့ရန်သူနိုင်ငံ၊ ဒါမှမဟုတ် ရန်သူအဖွဲ့အစည်း တစ်ခုခုကို အချက်အလက်တွေ၊ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ အချက်အလက်တွေပေးဖို့ ကြိုးစားတဲ့ သူလျှိုလို လူတွေမျိုးကို ပြစ်ဒဏ်ချနိုင်အောင် ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဆိုတာ နားလည်နိုင်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အမှုကို စပြီးတည်ဆောက်ပြီးနောက်ပိုင်း ပြည်တွင်းပြည်ပက အာရုံစိုက်ခံရတဲ့ အခြေအနေ၊ ကိုဝလုံးတို့အမှုကို လိုက်ပေးတဲ့ရှေ့နေတွေရဲ့ ကျွမ်းကျင်မှု၊ သူတို့မျှော်လင့်မထားတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ထွက်ဆိုချက်အရ စာရွက်စာတမ်းတွေပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးတယ်ဆိုတာ ပေါ်လွင်သွားမှု စတာတွေချင့်တွက်ပြီး နဂို သူတို့ရည်မှန်းထားသလို ရခိုင်ပြည်နယ်က လျှို့ဝှက်ထားတဲ့ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ အမှုတည်ဆောက်လို့ မဖြစ်နိုင်မှန်း သိသွားခဲ့ပုံရပါတယ်။ ဒီအတွက် တရားစီရင်နေဆဲနောက်ပိုင်းမှာ အမှုကို ပြောင်းလဲတည်ဆောက်ပါတော့တယ်။

ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ရိုက်တာသတင်းထောက်တွေရဲ့ ဖုန်းတွေထဲက တွေ့ရတယ်ဆိုတဲ့ အချက်အလက်တွေကို တရားရုံးတင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ခရီးစဉ် စတာတွေနဲ့အတူ အစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ တရားမဝင် ရခိုင် AA တပ်ဖွဲ့ခေါင်းဆောင် ဦးညိုထွန်းအောင်ရဲ့ ဖုန်းနံပတ် စတာတွေ တင်ပြလာပါတယ်။ ကြည့်ရတာ ရဲတပ်ဖွဲ့ဟာ ရခိုင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကိစ္စလောက်ပဲ တင်ပြတယ်ဆိုရင် သူတို့အဲဒီအချက်အလက်တွေ ဘယ်ကိုပေးမလဲ မေးစရာမေးခွန်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ဥပဒေထဲမှာ “ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ရည်ရွယ်၍” လို့ ဆိုထားလေတော့ ရန်သူဆိုတာ ပါအောင်ထည့်ရမယ့် သဘောဖြစ်လာပါတယ်။ အဲဒီအချက်အလက်တွေ ရိုက်တာသတင်းဌာနအတွက် ပေးပို့ဖို့ စုဆောင်းတယ်ဆိုရင် ရိုက်တာသတင်းဌာနနဲ့ အမေရိကန်နိုင်ငံကို ရန်သူအဖြစ် သတ်မှတ်ဖော်ပြရမယ့်သဘော ဖြစ်သွားပါတယ်။ ဒီလို သူတို့လုပ်လို့ မဖြစ်နိုင်မှန်း သိသွားပုံ ရပါတယ်။

ဒီလိုနဲ့ သတင်းထောက် နှစ်ယောက်ဟာ လျှို့ဝှက်အဆင့်ရှိတဲ့ စာရွက်စာတမ်းတွေကို သူတို့ဖုန်းထဲမှာ တွေ့ရတယ်၊ အဲဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ယောက်ဆီပေးတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချ စီရင်လိုက်ပုံရပါတယ်။ တကယ့်တကယ်ဆိုရင် တရားမဝင် အဖွဲ့အစည်းတွေမှာ ပါဝင်သူ၊ ဆက်သွယ်သူတွေအတွက် ပုဒ်မ ၁၇/၁၊ ၁၇/၂ လို ဥပဒေတွေ ရှိပြီးသားပါ။

ဒါပေမဲ့ အဲဒီပုဒ်မတွေက ထောင်ဒဏ် နှစ်နည်းနည်းပဲ ချနိုင်တာမို့ ထောင်ဒဏ် နှစ်အများကြီးချနိုင်တဲ့ “မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ” နဲ့ ဘောင်မဝင်ဝင်အောင် တည်ဆောက်ပြီး စီရင်လိုက်ရပုံပါပဲ။ ဒါကြောင့်လည်း ပြည်တွင်းက တရားရေးနဲ့သက်ဆိုင်တဲ့ ရှေ့နေတွေကိုယ်တိုင်က ဥပဒေနဲ့အညီ စီရင်ခဲ့တယ်လို့ လက်မခံနိုင်ကြတာ ဖြစ်ပါတယ်။

အခု ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင် ၇ နှစ် ပြစ်ဒဏ်ချလိုက်တဲ့အဖြစ်ကိုကြည့်ပြီး ရယူနိုင်တဲ့ သင်ခန်းစာတွေကတော့ သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ တစ်ခု ခိုင်ခိုင်မာမာရှိရေး လိုအပ်နေပါပြီ။ လက်ရှိရဲတပ်ဖွဲ့ရဲ့ အဲဒီလုပ်ရပ်အတိုင်းဆိုရင် မြန်မာနိုင်ငံထဲက သတင်းသမား အတော်များများကို လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲ၊ ထောင်ချလို့ရနိုင်တဲ့ အနေအထား ရှိနေလို့ပါ။

ဒါတင်မက လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက ပြဋ္ဌာန်းခဲ့ပြီး လက်ရှိအချိန်ထိ တလွဲသုံးနေတဲ့ “မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ” ကို ပြန်လည်ပြင်ဆင်နိုင်ရေးနဲ့ အခုအမှု စီရင်ချက်နဲ့ပတ်သက်ပြီး အထက်တရားရုံး အဆင့်ဆင့်က ဥပဒေနဲ့အညီ ပြန်လည်သုံးသပ်နိုင်ရေးဖြစ်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar