ရိုက်တာသတင်းထောက်များအား ထောင်ချမှုကို ကန့်ကွက်မည့် ဆန္ဒပြပွဲကို အာဏာပိုင်များ တားမြစ်

ဆုမြတ်မွန်

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုမယ့် ဆန္ဒပြချီတက်ပွဲကို လာမယ့် တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၆ ရက်နေ့) မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူးက တားမြစ်လိုက်ပြီး တရားမဝင် ဆန္ဒပြရင် အဖမ်းခံရမယ်လို့ စီစဉ်သူတွေကို သတိပေးလိုက်ပါတယ်။

ဆန္ဒပြပွဲကျင်းမယ့် အကြောင်းကို ဂျာနယ်လစ်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ ၁၂ ရက်နေ့မှာ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ အလုံနဲ့ ပန်းပဲတန်းမြို့နယ်တွေက အာဏာပိုင်တွေထံ တင်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တားမြစ်မိန့်ကိုပဲ သူတို့ ရရှိခဲ့ကြပါတယ်။

ဗဟန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက သူတို့ကို စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဖိတ်ခေါ်ဆွေးနွေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို Frontier ကလည်း တက်ရောက်ခဲ့ပါတယ်။

သူတို့ရဲ့ ချီတက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ပြုလုပ်သွားမယ်ဆိုရင်တော့ ပြီးခဲ့တဲ့မေလက စစ်ပွဲဆန့်ကျင်ရေးချီတက်ပွဲ စီစဉ်သူတွေ တာမွေမြို့နယ်မှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ ရဲအုပ်တို့က သူတို့ကို ဆွေးနွေးပွဲမှာ သတိပေးခဲ့ပါတယ်။ စစ်ပွဲဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူတွေဟာ တာမွေမြို့နယ်မှာ အကြမ်းဖက် တားဆီးခံခဲ့ရပြီးနောက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဥပဒေအရ တရားစွဲဆိုမှုကို လက်ရှိ ရင်ဆိုင်နေကြရပါတယ်။

အများပြည်သူ အနှောက်အယှက်မဖြစ်စေရေး နဲ့ ယာဉ်ကြောမပိတ်ဆို့စေရေးအတွက်ဆိုပြီး မြို့နယ် ၁၁ မြို့နယ်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခွင့်မပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြီးခဲ့တဲ့နှစ်က ညွှန်ကြားထားမှုကို အဲဒီမေလ ဆန္ဒပြပွဲက အာခံခဲ့တာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြချီတက်ပွဲ လမ်းကြောင်းထဲမှာ အဲဒီတားမြစ်မိန့်ထုတ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်နေပါတယ်။ ဗဟန်းမြို့နယ်အာဏာပိုင်တွေကတော့ သူတို့အနေနဲ့ တားမြစ်ဖို့ တာဝန်ရှိတယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေကို ပြောပါတယ်။ ဒါပေမယ့် စီစဉ်သူတွေကတော့ ဒေသအစိုးရရဲ့ အမိန့်က ငြိမ်းစုစီဥပဒေမှာ ပါဝင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လွှမ်းမိုးနိုင်သလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

မေလဆန္ဒပြပွဲကို နှိမ်နင်းခဲ့မှုအပြီးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က မြို့နယ်တာဝန်ရှိသူတွေအပေါ် စစ်ဆေး စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဦးထိန်စိုးက ပြောပါတယ်။ အဲဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် သူတို့အနေနဲ့ ရှောင်ရှားလိုတယ်လို့ ဆန္ဒပြပွဲ စီစဉ်သူ ခေတ်သစ်မီဒီယာအုပ်စုက ကိုသာလွန်ဇောင်းထက်ခေါ်၊ ကိုလှိုင်းသစ်ဇင်ဝေကို ဦးထိန်စိုး ပြောပါတယ်။

“ဒါမျိုးထပ်အဖြစ် မခံတော့ဘူး” လို့သူက ပြောပါတယ်။

ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ရဲအုပ်သိန်းဝင်းကလည်း ပြီးခဲ့တဲ့မေလ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကို အဓိက လမ်းဆုံဖြစ်တဲ့ တာမွေလမ်းဆုံကနေ ဟစ်တိုင်ကွင်းထဲကို ပြောင်းရွှေ့ပေးဖို့ ရဲတပ်ဖွဲ့က အကြံပြုခဲ့ပေမယ့် စီစဉ်သူတွေက မလိုက်နာခဲ့ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် သူတို့ကို အမှုဖွင့်ထားရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒါကြောင့် သူတို့အနေဖြင့် အခုလို ခေါ်ယူသတိပေးတာဖြစ်ပြီး ဆန္ဒပြပွဲကို ဟစ်တိုင်ကွင်း၌သာ ပြုလုပ်ဖို့လည်း သူက အကြံပြုခဲ့ပါတယ်။

ရန်ကုန်မြို့နယ် ၁၁ ခု၌ ဆန္ဒပြပွဲများ တားမြစ်ထားမှုနှင့် ပတ်သက်၍မူ အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကို သူတို့အနေဖြင့် လိုက်နာရမှာဖြစ်တယ်လို့ ရဲအုပ်က ပြောပါတယ်။

တားမြစ်ထားတဲ့နယ်မြေထဲမှာ ပါဝင်တဲ့ ရန်ကုန်မြို့လယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်တပ်ထောက်ခံတဲ့ ချီတက်ပွဲတစ်ခု ပြုလုပ်ခဲ့တာကို ဘာလို့ ခွင့်ပြုခဲ့တာလဲလို့ ကိုလှိုင်းသစ်ဇင်ဝေက ရဲအရာရှိကို ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မူဆလင်ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ မှုခင်းတရားရုံး (အိုင်စီစီ)က စစ်တပ်အရာရှိကြီးတွေကို အရေးယူမယ်ဆိုတဲ့အပေါ် ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကို မြို့တော်ခန်းမရှေ့မှာ စစ်ပြန်တွေအပါအဝင် လူတစ်ဒါဇင်လောက်က ပြုလုပ်ခဲ့ပါတယ်။

“ဥပဒေဆိုတာ အားလုံးအတွက် သာတူညီမျှဖြစ်သင့်ပါတယ်” လို့ ကိုလှိုင်းသစ်ဇင်ဝေက ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြပွဲတွေကို ဧရိယာသတ်မှတ်ပြီး ပိတ်ပင်တားမြစ်ပိုင်ခွင့် မရှိဘူးလို့လည်း သူက ပြောပါတယ်။ “ငြိမ်းစုစီဥပဒေအရဆို (ဆန္ဒပြပွဲတွေကို) ပိတ်ပင်ပိုင်ခွင့် မရှိပါဘူး” လို့ သူကပြောပါတယ်။

စီစဉ်ထားတဲ့ ဆန္ဒပြပွဲမှာလည်း စီစဉ်သူတွေအနေနဲ့ အစိုးရနဲ့ တပ်မတော်ကို ဆန့်ကျင့်ဖို့ ကြိုးစားသွားမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။ “ကျွန်တော်တို့အခွင့်အရေးအတွက် ကျွန်တော်တို့ လုပ်တာပဲ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

ပြည်သူတွေအနေနဲ့ သတင်းမှန်များကို သိပိုင်ခွင့်ရရှိစေရန်ဖြစ်တယ်လို့ ကိုလှိုင်းသစ်ဇင်ဝေက အာဏာပိုင်တွေကို အစည်းအဝေးမှာ ပြောပါတယ်။

ဆန္ဒပြပွဲကို တခြားနည်းလမ်းတစ်ခုခုနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကိုလှိုင်းသစ်ဇင်ဝေက Frontier ကို ပြောပါတယ်။ ပြီးတော့ ဆန္ဒပြပွဲလမ်းကြောင်းကို ပြောင်းလဲဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အဆိုးရွားဆုံးဖြစ်လာမှာကို မျှော်လင့်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar