ရန်ကုန်၊ မတ် ၁၆
ယခုနွေရာသီတွင် ရန်ကုန်မြို့အတွက် လျှစ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဝေပေးသွားရန် စီစဉ်ထားသော်လည်း ဓာတ်အား ပြတ်တောက်မှုများ ရှိနိုင်သေးသည်ဟု တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ရန်ကုန်မြို့၌ နွေရာသီတွင် ယခင်အတိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အများအပြား ဖြစ်ပေါ်မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးး အစိုးရနှင့် ဗဟိုအစိုးရတို့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အား ပိုပေးရန်စီစဉ်လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့တွင် ပြောကြားသည်။
ယခုနွေရာသီတွင် ရန်ကုန်ကို လျှပ်စစ်ပေးရန် ကျပ်ဘီလျံ ၃၀ ကျော်ကို သမ္မတ၏ သီးသန့်ရန်ပုံငွေမှ လွန်ခဲ့သောနှစ်ရက်ကတွင် ထပ်ဆောင်းရရှိထားပြီး ထိုငွေဖြင့် နေရာရွှေ့ပြောင်းနိုင်သော ဓာတ်အားပေး စက်များ ဝယ်ယူကာ လျှပ်စစ် ၂၅ မဂ္ဂါဝပ်အထိ ထပ်တိုးပေးနိုင်မည်ဟု ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် ဒုသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ၎င်းက လုပ်ငန်းရှင်များအား ပြောကြားသည်။
ရန်ကုန်နယ်နိမိတ်အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများတွင် ဓာတ်ငွေ့မရသဖြင့် မလည်ပတ်ရသေးသော လျှပ်စစ်တာဘိုင်များလည်း ရှိနေရာ ထိုတာဘိုင်များ လည်ပတ်နိုင်ရန်အတွက် ဓာတ်ငွေ့ဝေစု ပိုမိုရရှိရန်လည်း တိုင်းအစိုးရက ဆောင်ရွက်နေသည်ဟု ၎င်းကပြောသည်။
ထိုစက်ရုံများလည်ပတ်ပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀ မှ ၇၅ အထိ ပိုမို ထုတ်လုပ်နိုင်မည်ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် စုစုပေါင်း မဂ္ဂါဝပ် ၉၀ မှ ၉၅ အထိ ထပ်တိုး ထုတ်နိုင်မည့်သဘောဖြစ်သည်ဟု ဦးမြင့်သောင်းပြောကြားသည်။
သို့သော် ရန်ကုန်တိုင်း၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် အမြင့်ဆုံးသုံးစွဲသည့်အချိန်၌ ၁,၂၀၀ မဂ္ဂါဝပ်ခန့်အထိရှိသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်လတ်က Frontier ကို ပြောသည်။
ထို့ကြောင့် ထပ်တိုးထုတ်မည့် ဓာတ်အားပမာဏသည် ရန်ကုန်လျှပ်စစ်ဓာတ်အားလိုအပ်ချက် စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းခန့်သာ ရှိနေသေးသည်။
ထို့ကြောင့် ဓာတ်အား ထပ်တိုးထုတ်လုပ်မှုများ ရှိလာသော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာမူ မဂ္ဂါဝပ် ၂၀၀ ခန့် အထိရှိနေဦးမည်ဟု ဦးမောင်မောင်လတ်က ပြောသည်။
“အခုထပ်တိုးပြီး ထုတ်မှာဆိုတော့ မီးပြတ်တာတော့ သက်သာရာ ရသွားမှာပေါ့။ ဒါပေမဲ့ ပြတ်တာတော့ ပြတ်ဦးမှာပေါ့။ အားလုံး ဒီနွေမှာ နည်းနည်းစီ ဝိုင်းဝန်းချွေတာ သုံးစွဲပြီးတော့ ဖြတ်သန်းကြရဦးမှာပေါ့”ဟု ၎င်းကဆိုသည်။
သတင်း-ကျော်ဖုန်းကျော်