ရန်ကုန် တရုတ်နှစ်သစ်ကူးပွဲကို တရုတ်-မြန်မာ ရိုးရာ ဓလေ့ထုံးစံ ယဉ်ကျေးမှုများ ပေါင်းစပ်ကျင်းပမည်

ရန်ကုန်

ရန်ကုန်မြို့၊ တရုတ်တန်းတွင် ကျင်းပမည့် တရုတ်နှစ်သစ်ကုူးပွဲတော်အား တရုတ်-မြန်မာ ရိုးရာ ဓလေ့ထုံးစံ ယဉ်ကျေးမှုများ ပေါင်းစပ်ကျင်းပမည်ဟု တရုတ် ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။

အဆိုပါ ပွဲတော်အား ယခုလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ တရုတ်ရိုးရာ ခြင်္သေ့နှင့် နဂါးရုပ်များက ဘင်ခရာ တီးဝိုင်းများဖြင့် လှည့်လည်မည့်အပြင် ဖွင့်ပွဲ နံနက်ပိုင်းတွင် သံဃာတော်များအား အာရုံဆွမ်းလောင်းရန် နှင့် တရုတ်တန်းတစ်လျှောက် စတုဒီသာ ကျွေးမွေးရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

“တရုတ် ရိုးရာ နှစ်သစ်ကူးကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်တန်းမှာ အကြီးအကျယ် ကျင်းပမှာပါ။ ဒါက နှစ်သစ်ကူးပွဲတော်လဲ ဖြစ်သလို တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုပြီး ဖော်ဆောင် နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်းလည်း ရေးသားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာMr. Hong Liang ကလည်း ယခုကဲ့သို့ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်းသည် သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ယခုနှစ် ကြက်နှစ်၏ ပထမရက်၊ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများနှင့်အတူ တရုတ်တန်းမှာ ကြီးကျယ်ခမ်းနားတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒါကလည်း သမိုင်းကာလတစ်လျှောက်မှာ ပထမတစ်ကြိမ်ဖြစ်၍ မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်းကို ကောင်းမွန်စွာ အသိအမှတ်ပြုကြောင်းကိုလည်းကောင်း၊ တရုတ် နှစ်သစ်ကူးပွဲတော် ယဉ်ကျေးမှုကို လွန်စွာ အလေးအနက် သဘောထားသည်ကို လည်းကောင်း ဖော်ပြပါတယ်” ဟု ဇန်နဝါရီ ၂၄ ရက်နေ့က ကျင်းပသည့် တရုတ်မျိုးနွယ်ရိုးရာနှစ်သစ်ကူးပွဲတော် တွင် ၎င်းက ပြောကြားသွားသည်။

ယခင်နှစ်များက နှစ်သစ်ကူးပွဲတော်ကို တရုတ်တန်းတွင် စည်ကားစွာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်များထက် ထူးခြားစွာဖြင့် လမ်းမများပေါ်တွင် မီးပုံးများချိတ်ဆွဲထားပြီး မုခ်ဦးများလည်း တည်ဆောက်ထားသည်ကို တွေ့ရသည်။

တရုတ်တန်းတစ်လျောက် မဟာဗန္ဓုလလမ်းမပေါ်တွင် တရုတ်ရိုးရာ မီးပုံး ၃,၁၀၀ ကျော်အပြင် တရုတ် ယဉ်ကျေးမှုပုံစံ ဖော်ညွှန်းထားသည့် မုခ်ဦးများဖြင့် အလှဆင်ထားကာ ဖျော်ဖြေရေး မဏ္ဍပ်များကို ရွှေတိဂုံ ဘုရားလမ်း၊ မောင်ခိုင်လမ်း၊ စဉ်အိုးတန်းလမ်း၊ လသာလမ်းနှင့် လမ်းမတော်လမ်းတို့တွင် တည်ဆောက်ထားသည်ဟု ဆင်ဟွာက ရေးသားထားသည်။

“၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အခွင့်အရေးကြီး ရထားတာပေါ့ဗျာ။ တိုင်းဒေသကြီးအစိုးရကနေ ဒီနှစ် တရုတ်တန်းမှာ နိုင်ငံခြား တရုတ်တန်းတွေလို မြန်မာနိုင်ငံမှာလဲ စည်ကားသိုက်မြိုက်အောင် လုပ်ပေးပါ။ နိုင်ငံခြား ဧည့်သည်ကို ဆွဲဆောင်နိုင်ဖို့၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ မြန်မာနိုင်ငံ လာနိုင်ဖို့ရာ ကျွန်တော်တို့ရဲ့တရုတ်တန်းကို စည်စည်ကားကားဖြစ်တဲ့အကြောင်း တွေ့စေချင်တယ်။ ဒါကြောင့် ဒီနှစ် အရင်နှစ်နဲ့မတူ တစ်မူထူးခြားတဲ့ တရုတ်နှစ်သစ်ကူးကို လုပ်ဖို့စီစဉ်ထားတယ်”ဟု မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးနီက ဆင်ဟွာကို ပြောကြားထားသည်။

ယခုနှစ်တွင်မူ ယခင်နှစ်များကဲ့သို့ မဟာဗန္ဓုလလမ်းအား တစ်ခြမ်းပိတ်ကာ ဈေးရောင်းချခြင်းများကို ခွင့်ပြုထားခြင်းမရှိပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar