ရန်ကုန်-စစ်တွေလမ်းပေါ်၌ ရဲကားများ တိုက်ခိုက်ခံရ၊ ရဲ ၂ ဦး သေဆုံး

ရန်ကုန်-စစ်တွေလမ်းမကြီးပေါ်တွင် မောင်းနှင်လာသည့် ရဲကားများ ဖေဖော်ဝါရီ ၂၇ ရက်နေ့ညပိုင်းက တိုက်ခိုက်ခံရသဖြင့် ရဲ ၂ ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ ပြန်လည်အပ်နှံလွှဲပြောင်းရန် သွားရောက်သည့် ရဲတပ်ဖွဲ့ပိုင် Double Cab မော်တော်ယာဉ် ၃ စီးနှင့် သံတွဲမြို့တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး တရားမဝင် တင်သွင်းလာသော အထောက်အထားမဲ့ယာဉ်ဟု ယူဆရသဖြင့် စစ်တွေမြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်လိုင်စင်စစ်ဆေးနိုင်ရန် ပို့ဆောင်သည့် Mark II အဖြူရောင်ယာဉ် ၁ စီးတို့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ပန်းနီလာကျေးရွာကြား ရန်ကုန် စစ်တွေကားလမ်း မိုင်တိုင်အမှတ်(၁၆၅)အနီးအရောက်တွင် မိုင်းခွဲရသဖြင့် ယာဉ်များ ရပ်တန့်သွားစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပတ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဉ်များအား မောင်းနှင်လာသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ထိုနေရာ၌သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကို အေအေအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် အေအေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ သေဆုံးမှုများလည်း ရှိနေကာ ဒေသခံထောင်နှင့်ချီပြီး အိုးအိမ်များစွန့်ခွာထွက်ပြေးနေကြရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar