ရန်ကုန် ကာရာအိုကေများမှ အစိုးရအတွက် ကျပ် ၅၅ သန်းခန့် ရရှိမည်

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ကာရာအိုကေလုပ်ငန်းများမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် ယခုဘဏ္ဍာနှစ်ကုန်တွင် ကျပ် ၅၅ သန်းခန့် ပေးသွင်းနိုင်မည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားသည်။

“၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် (ဧပြီလမှ ဒီဇင်ဘာလအထိ) ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ် ထုတ်ပေးခြင်းနှင့် သက်တမ်း တိုးခြင်းများမှ ဝင်ငွေအဖြစ် စုစုပေါင်း ကျပ် ၄၁ ဒသမ ၁ဝ သန်းပေးသွင်းထားပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ကာရာအိုကေ လုပ်ငန်းများမှ ရငွေအဖြစ် ကျပ် ၅၄ ဒသမ ၈ သန်းခန့် ပေးသွင်းနိုင်မည်ဖြစ်ပါတယ်” ဟု ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက လွှတ်တော်တွင် ယမန်နေ့က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ခွင့်ပြုထားသော ကာရာအိုကေလုပ်ငန်း လိုင်စင် စုစုပေါင်း ၃၂၆ ခုရှိရာ အရှေ့ပိုင်းခရိုင်တွင် ၁၁၆ ခု၊ အနောက်ပိုင်းခရိုင်တွင် ၁၁၂ ခု၊ တောင်ပိုင်းခရိုင်တွင် ၂၀ ခုနှင့်  မြောက်ပိုင်းခရိုင်တွင် ၇၈ ခုတို့ဖြစ်သည်ဟု ၎င်း၏ ပြောကြားချက်အရ သိရသည်။

ကာရာအိုကေလုပ်ငန်းမှရရှိသည့် လုပ်ငန်းလိုင်စင်ကြေး အသစ်/သက်တမ်းတိုးမြှင့်ခနှင့် ရက်လွန် ဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းလျက်ရှိသည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဗီဒီယိုကာရာအိုကေ သီဆိုခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စည်းကမ်းတကျနှင့် တစ်ပြေးညီ လုပ်ကိုင်နိုင်ရေးအတွက် ၂၀၀၀ ပြည့်နှစ်၊ သြဂုတ် ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ၏ (၂/၂ဝဝဝ) အစည်းအဝေးမှ စည်းကမ်းချက် ၁၇ ချက်ကို အခြေခံစိစစ်ရန် ဆွေးနွေးဆုံးဖြတ်ထားသည်ဟုဆိုသည်။

ထို့ကြောင့် ကာရာအိုကေလုပ်ငန်းများကို ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီက လိုင်စင် ထုတ်ပေးနေပြီး လိုင်စင်သက်တမ်းအား လိုင်စင်ခွင့်ပြုထားသည့်နေ့မှ စတင်၍ တစ်နှစ် သတ်မှတ်ထားသည်ဟုလည်း ဒေါ်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar