ရန်ကုန်အိမ်ခြံမြေဈေးကွက် အတက်အကျ

အိမ်ခြံမြေဈေးကွက် အစိတ်အပိုင်းအများစုတွင် ရောင်းလိုအား အဆမတန် ကြီးထွားမှုက ရန်ကုန်အိမ်ငှားများအတွက် ဈေးဆစ်နိုင်စွမ်းကို ထူးထူးခြားခြား မြင့်မားစေခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ ပြောင်းလဲခဲ့သည်။

စတူးဝပ်ဒိ ရေးသားသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အတက်ဘက်ချည်းသာရှိသည့် အနေအထားမျိုး ဖြစ်ခဲ့သည်။ သို့သော်လည်း အခြားဈေးကွက်များနည်းတူ ပုံမှန်အားဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအားကို အခြေခံလျက် အိမ်ခြံမြေဈေးကွက်သည် တဟုန်ထိုး မြင့်တက်ချိန်နှင့် တရှိန်ထိုး ကျဆင်းချိန်ဟူသော သံသရာဝဲလှည့်မှုတွင်း သက်ဆင်းခဲ့ရသည်။

အများအားဖြင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ယခုအခါ ရောင်းလိုအား အလျှံပယ်ဖြစ်သောကာလသို့ ရောက်ရှိနေသည်။ တန်ဖိုးနည်း အိမ်ရာများမှာ ခြွင်းချက်အနေအထား ရှိနိုင်သော်လည်း အရည်အသွေးမြင့် အိမ်ရာလက်ကျန်မှာမူ ပြတ်လပ်နေဆဲဖြစ်သည်။

အဆင့်မြင့်ရုံးခန်း ငှားရမ်းခများမှာ လွန်ခဲ့သော နှစ်နှစ်ကနှင့် နှိုင်းယှဉ်ပါက ထက်ဝက်အောက်သို့ ကျဆင်းလျက်ရှိသည်။ ကွန်ဒိုတိုက်ခန်းဈေး(အငှားနှင့်အရောင်း နှစ်ခုစလုံး) ကျဆင်းလျက်ရှိသည်။ ငှားရမ်းခများမှာ ထပ်မံကျဆင်းလိမ့်မည်ဟု အခြေအနေအရပ်ရပ်က ညွှန်ပြလျက်ရှိသည်။ ဆင်ခြေဖုံးဒေသများ၏ အတွင်းအပြင်(Mid-to-outer Suburbs) နေရာများတွင် ဈေးကွက်ထဲ၌ အိမ်လက်ကျန် အများအပြားရှိနေပြီး အရောင်းအဝယ် မရှိသလောက်ဖြစ်ကာ အိမ်နှင့်မြေရောင်းဈေးများ ကျဆင်းနေသည်။ ငှားရမ်းခများမှာလည်း ကျဆင်းလျက်ရှိသည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှ ဆောက်လုပ်ရေးလုပ်သားများ။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှ ဆောက်လုပ်ရေးလုပ်သားများ။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ဈေးကွက်အစိတ်အပိုင်းအချို့တွင် ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိပေ။ နိုင်ငံခြားသားအကြိုက် ရွှေတောင်ကြားကဲ့သို့သော အနီးဝန်းကျင်နေရာများမှာ ငှားရမ်းမည့်အိမ် အမြောက်အမြား ရှိသော်လည်း အများစုမှာ အိမ်အိုအိမ်ဟောင်းများ ဖြစ်သည်နှင့်အညီ မီးဖိုခန်းများ၊ ရေချိုးခန်းများနှင့် ရေပိုက်များမှာ ခေတ်နောက်ကျလျက်ရှိသည်။ ရေချိုးခန်းနှင့် မီးဖိုဆောင် သေသေသပ်သပ်ရှိသော ခေတ်မီနေအိမ်များမှာ အပြောင်းအလဲမြန်သကဲ့သို့ ဈေးနှုန်းများကိုလည်း ထိန်းထားနိုင်ခဲ့သည်။

အလားတူပင် ဗဟန်း၊ ရန်ကင်းနှင့် ကမာရွတ်မြို့နယ်များကဲ့သို့ အကွက်အကွင်းကောင်းသည့် မြေနေရာများ၏ ရောင်းဈေးမှာလည်း အပြောင်းအလဲ မရှိသလောက်ဖြစ်သည်။ ရောင်းလိုအား ကျဆင်းမှုက မည်သည့်အချိန်မှ ဈေးမကျတော့မည့် သဘောကိုပြသနေပြီး အထူးသဖြင့် ယာဉ်အသွားအလာ ကျပ်တည်းမှုက ဆင်ခြေဖုံးပြင်ပ ဒေသများကို ဆွဲဆောင်မှုမရှိအောင် ဖန်တီးလျက်ရှိသည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း အကြီးမားဆုံးသော အပြောင်းအလဲမှာ ရွေးချယ်ခွင့် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်ခန့်က အငှားသမားများတွင် ရွေးချယ်စရာ မရှိခဲ့သော်လည်း ယခုအခါ အများအပြား ရှိလာသည်။ ရောင်းလိုအားသည် ဝယ်လိုအားနှင့်အညီ လိုက်ပါကာ ဈေးနှုန်းအမျိုးမျိုး ရှိသကဲ့သို့ ငှားရမ်းမှုပုံစံကလည်း အမျိုးမျိုး ရှိလာသည်။ ဤပုံစံမှာ ယခုအတိုင်း ဆက်လက်တည်ရှိမည့် အလားအလာရှိပြီး အဆင့်မြင့် စီမံကိန်းများ မည်မျှလောက် အလျှိုအလျှို တက်လာမည်ကို မိုးပျံအဆောက်အအုံများ နောက်ခံထားသည့် ကောင်းကင်ယံပုံရိပ် Skyline ကို စောင့်ကြည့်ရပေတော့မည်။

လွန်ခဲ့သောနှစ် အနည်းငယ်က ပန်းလှိုင်ဒေသကဲ့သို့ပင် ပါရမီမှ ကိုးမိုင်အထိရှိသော မြို့မြောက်ပိုင်းဒေသသည် အဆမတန် အဝယ်လိုက်သောနေရာ ဖြစ်ခဲ့ရာမှ အငှားသမားများသည် ရွှေတောင်ကြားဘက်ကို ပြန်လည်အာရုံစိုက်လာသည့်နည်းတူ တောင်ဘက်ပိုကျသော ဒေသကို အာရုံစိုက်လာကြသည်။ ပြောကြမည်ဆိုပါက အမ်အိုင်စီတီပါ့ခ် MICT Park ဘက်စိတ်ဝင်စားသူ လက်ကြီးအငှားသမား အများအပြားကို မြန်မာပလာဇာက ဆွဲဆောင်ဖမ်းစားနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။

မတန်တဆ ဈေးမြင့်ခဲ့သည့်နှစ်များနောက်ပိုင်း ကွန်ဒိုမီနီယံ ငှားဈေးရောင်းဈေးတို့မှာ တည်ငြိမ်စပြုလာကြသည်။။ ဓာတ်ပုံ - တေဇလှိုင်

မတန်တဆ ဈေးမြင့်ခဲ့သည့်နှစ်များနောက်ပိုင်း ကွန်ဒိုမီနီယံ ငှားဈေးရောင်းဈေးတို့မှာ တည်ငြိမ်စပြုလာကြသည်။။ ဓာတ်ပုံ – တေဇလှိုင်

ငှားရမ်းခ ပေးချေပုံစနစ်ကလည်း လက်ခံကြိုဆိုနိုင်သော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ တစ်နှစ်စာ ကြိုတင်ပေးစနစ်မှာလည်း ပုံသေဆက်လက်မတည်ရှိတော့ပေ။ ငှားရမ်းခ ခြောက်လစာ (အာမခံ စပေါ်ငွေမရှိ) ကို လက်မခံသော အိမ်ရှင်ဟူ၍လည်း မရှိသလောက် ရှားသွားသည်။ အိမ်ရှင်အချို့ကို သုံးလစာ၊ သို့မဟုတ် လစဉ်ပေးစနစ်အထိပင် ညှိနှိုင်း၍ရလာသည်။ အခွင့်အာဏာ ချိန်ခွင်လျှာက အငှားသမားများဘက် ညွှတ်ကျပြောင်းလဲလာသည်။

ကြိုတင်ပေးငွေမှာ ငှားရမ်းခတစ်လ အမေရိကန်ဒေါ်လာ ၂,၀၀၀ မျှသာဖြစ်ပါက ကြီးမားသောပြဿနာ မဟုတ်ပေ။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ပတ်ဝန်းကျင်အနေအထား ကောင်းလျှင် ခေတ်ဟောင်းအိမ်မျိုးသည်ပင် အမေရိကန်ဒေါ်လာ ၅,၀၀၀နှင့်အထက် ရှိတတ်ရာ ယင်းနှုန်းဖြင့် ကြိုတင်ငွေပေးချေရေးမှာ ကော်ပိုရေးရှင်း၊ သို့မဟုတ် ကာလရှည်ကြာစွာ ဆောင်ရွက်လာခဲ့သည့် အိုင်အင်န်ဂျီအိုများ INGOs အတွက်ပင် ကြီးမားသော စိန်ခေါ်မှုဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်ကာလ အိမ်ငှားခများ မြင့်လှသည့်တိုင် ၁၉၉၀ ပြည့်လွန်နှစ်များကမူ ထို့ထက်ပင် ဆိုးသေးသည်။ ယင်းမှာလည်း အဆမတန် နည်းပါးလျက်ရှိသော ရောင်းလိုအားထက် ဝယ်လိုအားက ပိုနေ၍ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလက မိတ်ဆွေတစ်ယောက်သည် ဗဟန်းမြို့နယ်ရှိ အိမ်တစ်လုံးနှင့် မြရိပ်ညိုဟိုတယ်ရှိ ရုံးခန်းတစ်ခန်း ငှားရမ်းခဲ့သည်။ နောက် ၁၅ နှစ်အကြာ ထိုနေရာကိုပင် ကျွန်တော်က ကိုယ်စားလှယ် လုပ်ပေးခဲ့ရသည်။ နှစ်ကြိမ်စလုံးပင် ငှားရမ်းခမှာ တစ်လကို အမေရိကန်ဒေါ်လာ ၅,၀၀၀ ဖြစ်သည်။ 

မတန်တဆ ဈေးမြင့်ခဲ့သည့်နှစ်များနောက်ပိုင်း ကွန်ဒိုမီနီယံ ငှားဈေးရောင်းဈေးတို့မှာ တည်ငြိမ်စပြုလာကြသည်။။ ဓာတ်ပုံ - တေဇလှိုင်

မတန်တဆ ဈေးမြင့်ခဲ့သည့်နှစ်များနောက်ပိုင်း ကွန်ဒိုမီနီယံ ငှားဈေးရောင်းဈေးတို့မှာ တည်ငြိမ်စပြုလာကြသည်။။ ဓာတ်ပုံ – တေဇလှိုင်

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အိမ်ငှားရမ်းမှု အပြောင်းအလဲမှာ လုံးချင်းအိမ်မှ ကွန်ဒိုတိုက်ခန်းများသို့ ပြောင်းငှားခြင်းဖြစ်ရာ အနည်းဆုံးအားဖြင့် နိုင်ငံခြားသား အိမ်ငှားရမ်းသူများတွင် တွေ့ရသည်။ ပြောင်းလဲရသည့် အကြောင်းရင်းမှာ ယေဘုယျအားဖြင့် ကွန်ဒိုများသည် လုံးချင်းအိမ်များထက် နေရထိုင်ရ ပိုမိုအဆင်ပြေ၍ ဖြစ်ကြောင်း သိသာလွယ်သည်။ ရှေးခေတ်အိမ်ကြီးများနှင့် နှိုင်းယှဉ်ပါက ကွန်ဒိုများက ပိုမိုသစ်လွင်သည်။  အများစုတွင် အလိုအလျောက် ဓာတ်အားပေးစနစ် ရှိသည်။ ယင်းဓာတ်အားသုံးစွဲမှုအတွက် ကောက်ခံကြေးမှာလည်း သင့်တင့်မျှတသည်။ ပုံမှန်အားဖြင့် လုံခြုံရေးစနစ်ရှိပြီး ရေကူးကန်နှင့် အားကစားခန်းမကဲ့သို့ ထောက်ကူပစ္စည်းများ ရှိသည်။

ကွန်ဒိုမှာလည်း ပြုပြင်ထိန်းသိမ်းမှုအတွက် ခေါင်းခဲစရာများ ရှိနေပါသေးသည်။ သို့တိုင် လုံးချင်းအိမ် ပြုပြင်ထိန်းသိမ်းရသလောက် အကုန်အကျ မများပေ။ ရေနှင့်လျှပ်စစ်ဓာတ်အား ပုံမှန်လာနေစေရန်မူ တကူးတကန့် အချိန်ပေးရရုံမျှသာရှိသည်။

ဝယ်လိုအား မှန်တန်းသာ ရှိနေမည်ဆိုက နိုင်ငံခြားသားများကို အငှားချထားလိုသူ အိမ်ရှင်များသည် အိမ်ဟောင်းများကို ပြုပြင်မွမ်းမံခြင်း၊ လက်ရှိအသုံးအဆောင်များကို အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုပိုင်း၌ အိမ်ငှားအား ကူပံ့ပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရုံမှအပ အခြားနည်းလမ်းမရှိပေ။  ယေဘုယျအားဖြင့်မူ လုံးချင်းအိမ်ပိုင်ရှင်များသည် ကွန်ဒိုများနှင့်ယှဉ်ပြိုင်နိုင်အောင် အဆင်ပြေချောမွေ့ပြီး ဇိမ်ကျကျနေနိုင်အောင် ပိုမိုစွမ်းဆောင်ပေးရန် လိုပေလိမ့်မည်။

ရန်ကုန်မြို့လယ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ရန်ကုန်မြို့လယ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ကျွန်တော် တင်ပြလိုသော နောက်ဆုံးအချက်မှာ ရန်ကုန်မြို့ကျယ်ပြန့်လာမှုနှင့် ကျုံ့ဝင်သွားမှု အခြေအနေဖြစ်သည်။ အိမ်ခြံမြေဈေးကွက် စန်းပွင့်နေသောနှစ်များတွင် ရုံးခန်းနေရာများ ရှားပါးခဲ့သည်။ ထိုအချိန်တွင် အူရီဒူးနှင့် တယ်လီနောတို့ကဲ့သိ့ုသော လုပ်သားအင်အား တောင့်တင်းသည့် ကုမ္ပဏီများ ဝင်ရောက်မှုနှင့် ကြုံကြိုက်သွားသောအခါ မြို့လယ်အချက်အချာဒေသ၏ အပြင်ဘက်သို့ ထွက်ရှာရန်မှအပ အခြားရွေးချယ်စရာမရှိပေ။

ဥပမာအားဖြင့် တယ်လီနောသည် မြန်မာပလာဇာအနီးရှိ ရန်ကင်းမြို့နယ်သို့ ရောက်သွားသကဲ့သို့ အူရီဒူးက ပါရမီလမ်းနှင့် ခပ်လှမ်းလှမ်းရှိ လှိုင်မြို့နယ် အမ်အိုင်စီတီပါ့ခ် MICT Park သို့ ရောက်သွားခဲ့သည်။ ယင်းတို့နှစ်ခုစလုံး ထိုသို့ဆောင်ရွက်ရခြင်းမှာ မြို့လယ်၌ သင့်တင့်သောဈေးနှုန်းဖြင့် လုံလောက်သော ရုံးခန်းနေရာ မရနိုင်သောကြောင့်ဖြစ်သည်။

ဗဟိုစီးပွားရေးရပ်ဝန်း Central Business District ကို ခုနစ်မိုင်နှင့် မင်းဓမ္မလမ်းအနီး နေရာများသို့ ရွှေ့ပြောင်းရေးကိစ္စကို မြို့တော်စီမံကိန်း ရေးဆွဲသူတို့က နှစ်အတန်ကြာ ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ယင်းကိစ္စ အရှိန်သေသွားပုံရသည်။ အကျိုးဆက်မှာ မြို့တွင်းပိုင်း၌ ရွေးချယ်စရာရုံးခန်း ကောင်းကောင်းမွန်မွန် မရှိတော့ဘဲ ရှစ်မိုင်နှင့် ယင်းအလွန်နေရာများတွင်သာ ရှိတော့ခြင်းဖြစ်သည်။

သို့သော် ဂျန်းရှင်းစီးတီးနှင့် ဆူးလေစကွဲယားတို့တွင် ရုံးခန်းများ ဖွင့်နိုင်လာသည့်အတွက် အဆင့်မြင့်ရုံးခန်းများမှာ မြို့လယ်ပိုင်း အချက်အချာဒေသတွင် ရုတ်တရက် ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ အမှန်စင်စစ် ပိုမိုဈေးနှုန်းချိုသာစွာ ရွေးချယ်စရာများကို မြို့လယ် စီးပွားရေးအချက်အချာနေရာ Midtown Areas နှင့် မြို့လယ်နှင့် အတန်ငယ်လှမ်းသောနေရာ Uptown Area များတွင် ရနိုင်သေးသည်။ ယင်းအခြေအနေအားလုံးကို ကြည့်ပါက  အငှားသမားများတွင် ရွေးချယ်စရာ ပိုများလာပြီး ဈေးဆစ်နိုင်သော အခွင့်အလမ်း ပိုများသေးသည့်သဘောဖြစ်သည်။  အိမ်ခြံမြေပိုင်ရှင်တို့က နိုင်ဖဲအားလုံး ကိုင်ထားသောနှစ် အနည်းငယ်က အခြေအနေနှင့် နှိုင်းယှဉ်ပါက ထူးခြားသော အပြောင်းအလဲပင် ဖြစ်တော့သည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar