ရန်ကုန်လေဆိပ်၌ တွေ့ရှိသည့် M150 ပုလင်းများထဲတွင် ဒဏ်ကြေဆေးများသာ ပါရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ Check In Counter ကောင်တာအနီး၌ မသင်္ကာဖွယ် တွေ့ရှိရသော M150 အချိုရည်ပုလင်းများထဲတွင် ပါဝင်သော အရည်များမှာ ဒဏ်ကြေလိမ်းဆေးအဆီများသာဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ကြွပ်ကြွပ်အိတ် အစိမ်းရောင်ထဲတွင် ထည့်သွင်းထားသည့် အဆိုပါ အချိုရည်ပုလင်းများကို ယနေ့ နံနက် ၉ နာရီခွဲတွင် တွေ့ရှိခဲ့ပြီးနောက် လေကြောင်း ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့တို့က သွားရောက်ရှင်းလင်းခဲ့ရာ ပုလင်းများထဲတွင် အဝါရောင် အရည်ပျစ်များ ထည့်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အချိုရည် ပုလင်းလေးလုံးအား လုံခြုံစိတ်ချရသည့်နေရာသို့ ရွေ့ပြောင်း၍ စစ်ဆေးခဲ့ရာ အတွင်း၌ ပေါက်ကွဲစေတတ်သော ဓါတုပစ္စည်းပါရှိခြင်း မရှိဘဲ ဖယောင်းနှင့် အဆီတို့ရောစပ်ထားသော ဒဏ်ကြေလိမ်းဆေးအဆီများသာဖြစ်ကြောင်း ပဏာမ စစ်ဆေးချက်အရ သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အချိုရည်ပုလင်းလေးလုံးအား ဓါတုဗေဒဝန်ရုံးသို့ ပေးပို့၍ အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ ဈေးဝယ် စင်တာနှစ်ခု၊ တောင်ဒဂုံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်းတို့တွင် M150 ပုလင်းများ အသုံးပြုထားသည့် ပေါက်ကွဲမှုများ လေးကြိမ်ဖြစ်ပွားခဲ့သော်လည်း ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိခဲ့ပေ။

အဆိုပါ ပေါက်ကွဲမှုများမှာ M150 အချိုရည်ပုလင်းထဲတွင် ဓာတုဗေဒဆေးရည်များ ထည့်သွင်း၍ ပေါက်ကွဲစေရန် ဆောင်ရွက်ထားသည့် လက်လုပ်ဗုံးများကို အသုံးပြုခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရှိခဲ့သည်။

ထို့ကြောင့် M150 အချိုရည်ပုလင်းများ မသင်္ကာဖွယ်တွေ့ရှိပါက သတိပြု ဆောင်ရွက်နေကြခြင်းလည်း ဖြစ်သည်။

အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ရှိ Junction Centre ကားရပ်နားရာ နေရာတွင် စွန့်ပစ်ထားသည့် M150 အချိုရည် ပုလင်းခွံကြောင့် ထိတ်လန့်မှုတစ်ခု နိုဝင်ဘာ ၂၇ ရက်နေ့ညနေက ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းပြီး ဗုံးမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ရန်ကုန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အမျိုးသားသုံးဦးကို ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ စုံစမ်းသိရှိရမှုများနှင့် ပတ်သက်ပြီး အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar