ရန်ကုန်ရှိ ကွန်တိန်နာဆိပ်ကမ်း တစ်ခုအတွက် အိုင်အက်ဖ်စီက ဒေါ်လာသန်း ၄၀ ထောက်ပံံ့မည်

သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်လာစေရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်အရ ရန်ကုန်ရှိ အကြီးမားဆုံး ကွန်တိန်နာဆိပ်ကမ်း တစ်ခုအတွက် ငွေကြေးထောက်ပံ့မှုအဖြစ် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း(အိုင်အက်ဖ်စီ) က အမေရိကန်ဒေါ်လာ သန်း ၄၀ ထောက်ပံ့မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်တစ်ခုဖြစ်သော အိုင်အက်ဖ်စီ၏ ငွေကြေး ထောက်ပံ့မှုသည် နိုင်ငံ၏ ကွန်တိန်နာသင်္ဘော သွားလာမှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေသော မြန်မာစက်မှုဆိပ်ကမ်းအတွက် ဖြစ်သည်။

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အိုင်အက်ဖ်စီ၏ ပထမဆုံးဖြစ်သည့် ယခုရင်းနှီးမြုပ်နှံမှုက ရန်ကုန်မြို့လယ်ရှိ ကွန်တိန်နာဆိပ်ကမ်းတွင် ကုမ္ပဏီ၏ စွမ်းဆောင်ရည်ကို မြင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ဧပြီ ၁၈ က အိုင်အက်ဖ်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုဒေါ်လာ သန်း ၄၀ မှာ ဒေါ်လာ သန်း ၂၀၀ ငွေကြေး ထောက်ပံ့ရေးအစီအစဉ်၏ ပထမအဆင့်ဖြစ်ပြီး ကာလရှည် ချေးငွေအဖြစ် ဒေါ်လာ သန်း ၁၆၀ ကို အိုင်အက်ဖ်စီနှင့် အခြား ပြည်ပ ငွေချေးသူများက ထောက်ပံ့မည်ဖြစ်သည်ဟု အိုင်အက်ဖ်စီကပြောသည်။

မြန်မာအဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီလီမိတက်(MAS) က ပိုင်ဆိုင်သော မြန်မာစက်မှုဆိပ်ကမ်းသည် အဆိုပါဆိပ်ကမ်း လုပ်ငန်းကို လုပ်ဆောင်နေသည်မှာ ၁၂ နှစ်ကျော်နေပြီဖြစ်သည်။ ကာလရှည် ငွေကြေးထောက်ပံ့မှုဖြင့် နှစ်စဉ် ပေ ၂၀ ရှည် ကွန်တိန်နာအလုံး (TEU) ၅၀၀,၀၀၀ အထိ ကိုင်တွယ်နိုင်ရန် အဆင့် မြှင့်တင်မည့် စီမံကိန်းတစ်ခု၏ ပထမအဆင့် ပြီးစီးရေးအတွက် ကုမ္ပဏီက လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟု အိုင်အက်ဖ်စီက ပြောသည်။

မြန်မာစက်မှုဆိပ်ကမ်း (MIP) သည် မတ် ၃၁ ရက်နေ့က ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်တွင် TEU ကွန်တိန်နာအလုံး ၂၇၈,၀၀၀ ကိုင်တွယ်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြုင်ပြောင်းလဲမှု စတင်ပြီးနောက်ပိုင်း သွင်းကုန်၊ ထုတ်ကုန် လျင်မြန်စွာ တိုးတက်လာမှုကြောင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း  ကွန်တိန်နာပမာဏ ၉၀ ရာခိုင်နှုန်း မြင့်မားလာသည်ဟု အိုင်အက်ဖ်စီက ခန့်မှန်းထားသည်။

သတင်း- Frontier 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar