နေပြည်တော်၊ ဇွန် ၁၇
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြင်သစ်နိုင်ငံရဲ့ ပါရီမြို့တော်ဝန်ရုံးက ကူညီဖို့ အသင့်ရှိနေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Jean-Mare AYARULT က ပြောကြားလိုက်ပါတယ်။
“မြန်မာပြည်ရဲ့ မြို့ကြီးပြကြီးတွေ၊ အထူးသဖြင့် ရန်ကုန်ကို ကူညီချင်ပါတယ်”လို့ သူက ပြောပါတယ်။
နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ တွေ့ဆုံအပြီး ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားတာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံက လက်ရှိမှာ မြို့ပြဖွံ့ဖြိုးရေး၊ စွမ်းအင်၊ သဘာဝအခြေခံ အဆောက်အဦး ဆောက်လုပ်ခြင်း၊ လူမှုကယ်ဆယ်ရေးနဲ့ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေပေးဝေရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ အကူအညီတွေ ပေးနေပါတယ်။ ပြင်သစ်ဝန်ကြီးရဲ့ အခုခရီးစဉ်မှာတော့ ကူညီမှုတွေကို မြှင့်တင်သွားဖို့ရှိပြီး လတ်တလောမှာ ယူရိုသန်း ၂၀၀ ထောက်ပံ့သွားမယ်လို့လည်း အသိပေးသွားပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အကူအညီတွေကို အစိုးရအနေနဲ့ရော ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ပါ ကူညီနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်နေတဲ့ ခေတ်ကတည်းက ရန်ကုန်မြို့မှာ ပြင်သစ်နိုင်ငံက ယဉ်ကျေးမှုဌာနတစ်ခု ဖွင့်လှစ်ထားပါတယ်။
ပြင်သစ်ယဉ်ကျေးမှုဌာန ထူထောင်မှု ၅၅ နှစ်ပြည့် အခမ်းအနားကိုလည်း ခမ်းနားစွာ ကျင်းပသွားမယ်လို့ Mr. Jean-Mare AYARULT က ပြောပါတယ်။
ဒါ့အပြင် ဒီဌာနကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် ပြင်သစ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြှပ်နှံတာမျိုး ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။
“အခုအချိန် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ ပြင်သစ်ကုမ္ပဏီတွေလာတာ တစ်ဖြည်းဖြည်း ပိုများလာပါတယ်။ ကဏ္ဍပေါင်းစုံမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်သစ်ကုမ္ပဏီတွေဟာ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေကို အများကြီး ထည့်သွင်းစဉ်းစားပြီး ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေကို ဂုဏ်ယူနေကြောင်း ပြောခဲ့သလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူနဲ့ တပ်မတော်ရဲ့ ပါဝင်လုပ်ဆောင်မှုတွေကိုလည်း အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားပေးထောက်ခံနေပြီး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုမယ်ဆိုရင် ပြင်သစ်နိုင်ငံက ကူညီဖို့ အသင့်ပါပဲလို့ ဝန်ကြီးက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ အင်အားဟာ မြန်မာပြည်သူ လူထုဖြစ်ပါတယ်။ ဒီပြည်သူလူထု အင်အားနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်ရဲ့ အင်အားဖြစ်တဲ့ ပြည်သူလူထုကို အမြဲထောက်ခံအားပေးနေပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်မှာရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့သလို ဖွံ့ဖြိုးရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ပြင်သစ်နိုင်ငံရဲ့ အားပေးကူညီမှုတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။
ပြင်သစ်ဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် သမ္မတ ဦးထင်ကျော်ကို နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံပါတယ်။ နှစ်ဖက်တွေ့ဆုံစဉ် မြန်မာ နိုင်ငံရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်သစ်ရဲ့ အကူအညီတွေ တိုးမြှင့်ဖို့နဲ့ ကဏ္ဍစုံမှာ နှစ်ဖက် ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကိုလည်း ဆွေးခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း