ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် နိုင်ငံတကာပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ရှိ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများ၏ စီးပွားရေး အခွင့်အလမ်းများကို ပိုမို တိုးတက်လာစေရန်ရည်ရွယ်ကာ Yangon Hotel Expo 2019 ကို နိုင်ငံတကာပြပွဲကြီးအဖြစ် လာမည့်အောက်တိုဘာလတွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)က ကြေညာသည်။

“ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေသာမက မြန်မာနိုင်ငံရဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍထဲကသူတွေ အားလုံးစုပေါင်းပြီး နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အော်ပရေတာတွေနဲ့ အားလုံးစုပြီး ရန်ကုန်မြို့ကြီးမှာ တစ်စုတည်းတွေ့ကာ လုပ်ငန်းတွေ ပူးပေါင်း၊ ဆောင်ရွက်နိုင်အောင်၊ ဒီပြပွဲကြီးကို နိုင်ငံတကာပြပွဲအဖြစ် စီစဉ်တာပါ” ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်က မေ ၂၅ ရက်နေ့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“ယခုလက်ရှိမှာ ရန်ကုန် လေဆိပ်ကနေ ခရီးသွားတွေ အဝင်များ ပေမယ့် သူတို့တွေ ရန်ကုန်မှာ တစ်ရက်လောက်ပဲ နေကြပါတော့တယ်။ ဒါကြောင့် ခရီးသွားတွေ ရန်ကုန်မှာ ကြာကြာ နေအောင်၊ လည်ပတ်နိုင်အောင်၊ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်နေရာတွေ၊ အထင်ကရနေရာတွေ၊ လည်ပတ်စရာနေရာတွေ၊ ဈေးဝယ်နိုင်မယ့်နေရာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ပြီး မြှင့်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ Yangon Hotel Expo 2019 ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းရှိ Myanmar Expo တွင် အောက်တိုဘာ ၁၈ မှ ၂၀ ရက်နေ့အထိ ကျင်းပသွားရန် စီစဉ်ထားသည်။ ပြပွဲ၏ theme အနေဖြင့် YANGON THEN & NOW ဟု သတ်မှတ်ထားကာ ရန်ကုန်မြို့၏ ကျော်ကြားခဲ့သော သမိုင်းပုံရိပ်၊ အကြောင်းအရာများကို ယခုလက်ရှိ ခေတ်သစ်ရန်ကုန်၌ ရှာဖွေ လေ့လာနိုင်ရန် စီစဉ်ထားသည်ဟု စီစဉ်သူများက ပြောကြားသည်။

“မကြာမီ ကာလမှာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တော်ကြီးဟာ ခရီးသည်တွေအတွက် ပိုမိုလည်ပတ်လို့ကောင်းတဲ့၊ လေ့လာစရာတွေများတဲ့၊ ဆွဲဆောင်မှုရှိတဲ့ ခရီးသွားနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြန်ကြားရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ပြပွဲအား ည ၁၁ နာရီအထိ ဖွင့်လှစ်ပြသရန် စီစဉ်ထားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၏ ပြခန်းများ၊ အခြားသော ဆက်စပ်လုပ်ငန်းများ၏ ပြခန်းများ၊ မြန်မာပြည်၏ထုတ်ကုန်များကို ပြသမည့် Fair Trade Local Market ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပြခန်းများ အပြင် ရန်ကုန်မြို့၏ သမိုင်း ကြောင်းများ၊ အထင်ကရနေရာများကို ရှင်းလင်းပြသမည့် ပြခန်းများ စသဖြင့် ပါဝင်မည်ဖြစ်သည်။ ပြပွဲရက်များအတွင်း ရန်ကုန်မြို့တွင်း လှည့်လည် လည်ပတ်နိုင်မည့် အောက်ပါ ခရီးစဉ်တိုများလည်း စီစဉ်ထားရှိမည် ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.