ရန်ကုန်မြို့၌ ထရန်စဖော်မာ ၁၅၀ လုံး ထပ်မံ တပ်ဆင်မည်

ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ လ ျှပ်စစ် ထရန်စဖော်မာ အလုံး ၁၅၀ ထပ်မံတပ်ဆင်ဖို့ စီစဉ်ထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် (ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ) ဦးစန်းယုက ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတွေက ရပ်ကွက်တစ်ခုနဲ့ ကျေးရွာပေါင်း ၁၅၀ မှာနေထိုင်တဲ့ အိမ်ထောင်စု ၁၅၁၀၆ အတွက် ဓာတ်အားရရှိဖို့လည်း ဆောင်ရွက်မယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီလိုဆောင်ရွက်ခြင်းအားဖြင့် မီးအားကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်”လို့ သူက နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ မေ ၁၂ ရက်က ပြုလုပ်တဲ့ ရက် ၁၀၀ စီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံလေးရုံ၊ ပုဂလိကပိုင် စက်ရုံလေးရုံဖြင့် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး ပုဂလိကပိုင်နှင့် နိုင်ငံပိုင်စက်ရုံတစ်ရုံစီကို ထပ်မံ တည်ဆောက်နေတယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံးကို ဓာတ်အားပိုမို ထုတ်လွှတ်နိုင်ဖို့ လိုအပ်ချက်ကို ၁၀၀ မဂ္ဂါဝပ် ပိုမိုရရှိနေပြီဖြစ်တဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံ၊ ၃၀၀ မဂ္ဂါဝပ်စီ တိုးတက်ထုတ်လုပ်နိုင်မယ့် ကျောက်ဖြူ၊ မြင်းခြံနဲ့ သီလဝါတို့ရှိ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေကနေ ရယူဖြည့်ဆည်းနိုင်တော့မယ်လို့လည်း ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ထုတ်လုပ်မှုကုန်ကျစရိတ်ကြောင့် ရေအားလျှပ်စစ်ကို အဓိက အားထား သုံးစွဲနေရတဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရာသီဥတု ခြောက်သွေ့ပူပြင်းတဲ့ အခြေအနေကြောင့် ဓာတ်အားဖြန့်ဖြူးရေးမှာ ယခင်ကထက် ပိုပြီး အခက်တွေ့နေရပါတယ်။

ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့တွေကို သုံးပြီး လျှပ်စစ်ဓာတ်အား ပိုပေးနိုင်မယ့် အစီအစဉ်ကတော့ အသစ်တူးဖော်နေတဲ့ လုပ်ကွက်တွေရဲ့ ထုတ်လုပ်မှုပမာဏကို မခန့်မှန်းနိုင်သေးတဲ့အတွက် အတိအကျ မပြောနိုင်သေးဘူးလို့ ဓာတ်အားစနစ်၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းသူရက Frontier ကိုပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလည်း ပါဝင်တဲ့အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်သုံးစွဲနိုင်ဖို့ ဓာတ်အားလိုင်းကြိုးတွေကတစ်ဆင့် လူနေအိမ်တွေဆီကို ရှုပ်ထွေးစွာ သွယ်တန်းရယူနေရတဲ့ မီးကြိုးတွေကိစ္စ ဘယ်လိုဖြေရှင်းဖို့ရှိပါသလဲလို့ Frontier က မေးမြန်းမှုကိုတော့ ဘတ်ဂျက်ချထားပေးမှုအပေါ်မှာပဲ မူတည်နေတယ်လို့ သူက ပြောပါတယ်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar