ရန်ကုန်မြို့အား နွေရာသီတွင် ဓာတ်အားပေးရန် ကျပ် ၃၀ ဘီလျံကို ပြည်ထောင်စုအစိုးရထံ တောင်းခံ

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ဒီဇယ်နဲ့ သဘာဝဓာတ်ငွေ့ နှစ်မျိုးသုံး ရွှေ့ပြောင်းနိုင်မယ့် ဓာတ်အားထုတ်စက်တစ်လုံးကို လာမယ့် နွေရာသီမတိုင်မီ ဝယ်ယူခွင့်ပြုဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်ပြ တောင်းခံလိုက်ပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ တိုးတက်လာတဲ့ ဓာတ်အားလိုအပ်ချက်အတိုင်း ပို့လွှတ်နိုင်မှုမရှိခြင်း၊ ပင်မဓာတ်အားခွဲရုံအချို့နဲ့ မဟာဓာတ်အားလိုင်းအချို့မှာ ဗို့အားမပြည့်ခြင်းနဲ့ ကျော်လွန် သုံးစွဲနေရခြင်း အခြေအနေတွေကြောင့် ယခုနှစ်အတွင်း အနည်းဆုံး မဂ္ဂါဝပ် ၂၀၀ သုံးစွဲဖို့လိုအပ်နေတဲ့ ရန်ကုန်မြို့အတွက် ပြည်ထောင်စုရဲ့ သီးသန့်ရန်ပုံငွေထဲက ကျပ် ၃၀ ဘီလီယံ သုံးစွဲခွင့်ပြုဖို့ တောင်းဆိုလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ တိုးတက်တောင်းခံလာတဲ့ ဝန်အားတွေကို ဖြည့်ဆည်းထုတ်လုပ်ပေးနိုင်ဖို့ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားထုတ်စက်တွေ အရေးပေါ်တည်ဆောက်ရန်နဲ့ သက်တမ်းကြာနေတဲ့ သဘာဝ ဓာတ်အားပေးစက်ရုံတွေကို ပြင်ဆင်ဖို့ စီမံခဲ့ပေမယ့် ဘဏ္ဍာငွေအခက်ခဲရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက သမ္မတရုံးထံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဒီလိုစီစဉ်ပေးဖို့ တင်ပြတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

“လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လိုအပ်ချက်အား ရနိုင်သ၍ အရေးပေါ်ဖြည့်ဆည်းရန် မဖြစ်မနေ လိုအပ်လာပါတယ်။ လိုအပ်လာတဲ့ လျှပ်စစ်ဓာတ်အားအတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ သင့်လျော်သည့်နေရာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်စက်အား တပ်ဆင် ဓာတ်အားပေးနိုင်ရန်အတွက် ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ အထူးကိစ္စရပ်အနေနဲ့ ကျခံသုံးစွဲဝယ်ယူခွင့်ပြုပါရန် တင်ပြတောင်းခံ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”လို့ သူက ဆိုတယ်။

ဒီစက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားအများဆုံး အသုံးပြုချိန်တွေမှာ နေ့စဉ်တစ်ရက်လျှင် ငါးနာရီခန့် မောင်းနှင်ပြီး ဓာတ်အားပေးဖို့ ရည်ရွယ်တယ်လို့လည်း ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ စက်တွေကို ပုံမှန်အချိန်တွေမှာ ဒီဇယ်နဲ့ မောင်းနှင်လည်ပတ်မှာဖြစ်ပြီး လက်ရှိ ဂတ်စ်တာဘိုင်တွေ ပြုပြင်ထိန်းသိမ်းနေတဲ့ အချိန်တွေမှာတော့ ပိုလာမယ့် သဘာဝဓာတ်ငွေ့ကို အကျိုးရှိစွာသုံးပြီး မောင်းနှင်သွားမယ်လို့လည်း ဒုဝန်ကြီးက ပြောတယ်။

ဒါ့အပြင် ရွှေ့ပြောင်း ဓာတ်အားထုတ်လွှတ်စက်ဖြစ်တဲ့အတွက် နိုင်ငံအတွင်း အရေးပေါ်လိုအပ်တဲ့ ဘယ်နေရာမဆို ရွှေ့ပြောင်း ထုတ်လုပ်ပေးနိုင်ဖို့ကိုလည်း ရည်ရွယ်တယ်လို့ သူကဆိုတယ်။ ဒီစက်ကို နွေရာသီအမီ အမြန် ရရှိစေဖို့အတွက် အိတ်ပိတ်၊ အိတ်ဖွင့်တင်ဒါတွေနဲ့ ခေါ်ယူသွားမှာမဟုတ်ဘဲ အစိုးရချင်း ညှိနှိုင်းဝယ်ယူတဲ့ အစီအစဉ်နဲ့ စာချုပ်ချုပ်ဆိုပြီး တစ်လခွဲအတွင်းရရှိဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင်ပြထားတယ်လို့လည်း ဒေါက်တာထွန်းနိုင်က အသိပေးပါတယ်။

“အစိုးရအချင်းချင်း အစီအစဉ်နဲ့ ဝယ်ယူမည်ဆိုပါက ကြားခံအဖွဲ့အစည်းအဖြစ် ရန်ကုန်တိုင်းအစိုးရ အစုရှယ်ယာ အများစုနဲ့ ဖွဲ့စည်းထားသော Yangon Firm ကုမ္ပဏီလီမိတက်က ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်ကို ရှင်းပြပါတယ်။

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုဒ်မှတ်ပုံတင်စာရင်းမှာတော့ Yangon Firm Co,ltd ဆိုတာ ရှာမတွေသလို ရန်ကုန်တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းထံ ဆက်သွယ်ရာမှာလည်း အစည်းအဝေးလုပ်နေတဲ့အတွက် Frontier အနေနဲ့ ဒီကုမ္ပဏီအကြောင်း အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ဝယ်ယူပြီးပါက ဒီစက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ပိုင်အဖြစ် ထားရှိမှာဖြစ်ပြီး ရေရှည်မောင်းနှင်ထိန်းသိမ်းမယ့် အစီအစဉ်နဲ့ လောင်စာဆီဖြည့်တင်းမယ့် အစီအစဉ်တွေကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်ကို အသိပေးပါတယ်။

“မသုံးစွဲလျှင်မဖြစ်တဲ့ အထူးကိစ္စရပ်အဖြစ် တင်ပြတောင်းခံရခြင်း ဖြစ်ပါတယ်”လို့ ဒုဝန်ကြီးက ဆိုပါတယ်။

ဝယ်ယူမယ့်စက်ဟာ လျှစ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ် ထွက်ရှိမယ့် “TM 2500+ Mobile Gas turbine Trailer Type လို့ပြောပေမယ့် အမှတ်တံဆိပ်ကိုတော့ သူက ထည့်မပြောသွားပါဘူး။

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မတ် ၁၅ ရက်နေ့ နောက်ဆုံးထား အမည်စာရင်းတင်သွင်းဖို့ အသိပေးထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.