ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲသွားမည်

ရန်ကုန်၊ ဇူလိုင် ၁၁

လက်ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက်အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲသွားမည်ဟု တိုင်းအစိုးရ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“မြို့သစ်စီမံကိန်းကို ကုမ္ပဏီအနည်းငယ်က လက်ဝါးကြီးအုပ် လုပ်ကိုင်မည့်အစား နိုင်ငံသားများ ပါဝင်လုပ်ကိုင်ခွင့် ရရှိစေရေးတို့ကို ရှေးရှု၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲသွားမည်”ဟု ဇူလိုင် ၁၀ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။

မြို့သစ်စီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် Consortium ကုမ္ပဏီနှင့် စာချုပ်ကို ဖျက်သိမ်းပြီးဖြစ်ကာ ယခုအစိုးရအဖွဲ့ အကောင်အထည်ဖော်မည့်အဖွဲ့ကို New Yangon Development Corporation အဖြစ် အမည်ပေးထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ကော်ပိုရေးရှင်းပုံစံဖွဲ့စည်းဆောင်ရွက်မည့် အဆိုပါအဖွဲ့သည့် မြို့သစ်တည်ထောင်ရေးတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်လာမည်ဖြစ်သည်။

မြို့တိုးချဲ့တည်ဆောက်ရေးအတွက် ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် လွှတ်တော်၌ အဆိုတင်သွင်းခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့သစ် တိုးချဲ့မှုစီမံကိန်းကို ဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်မြို့နယ်မှ လယ်မြေ ၁,၅၄၅ ဧက၊ ဆိပ်ကြီးခနောက်တိုမှ ၈၇ ဧကနှင့် တွံတေးမှ ၁၆,၇၈၉ ဧက၊ စုစုပေါင်း လယ်မြေဧက ၁၈,၃၉၀ အား အခြားနည်းဖြင့် အသုံးပြုခြင်းကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ရရှိကာ လုပ်ငန်းဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့သည်။

ထို့ပြင် နောက်ထပ်တိုးလာသည့် မြေနေရာများဖြစ်သော ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ အခြားမြေ ၁,၇၃၈ ဧက၊ ဆိပ်ကြီးခနောင်တိုတွင် ၄၉,၇၉၄ ဧကနှင့် ကြည့်မြင်တိုင်မြို့နယ်တွင် ၁,၆၉၅ ဧကတို့ကိုလည်း ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပေဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့သည်။

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရရှိပြီးနောက် လုပ်ငန်းဆောင်ရွက်မှုများကို စတင်ရန် Consortium ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်၊ မတ် ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ရန်ုကုန်မြို့သစ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန်နှင့် ပတ်သက်ပြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့ တိုးချဲ့တည်ဆောက်ရန် လိုအပ်လာမှု၊ ရန်ကုန်မြို့တော် တည်ဆောက်ရန် ယခင်အစိုးရ၏ ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိရန်ကုန်မြို့သစ် တည်ဆောက်မှု အစီအမံများကို ပြန်လည်ဖွဲ့စည်းခြင်းများ၊ လုပ်ငန်းဆောင်ရွက်သည့်ပုံစံ ပြန်လည်ပြင်ဆင်ခြင်းနှင့် တွေ့ကြုံနိုင်သည့် ငွေကြေး ရင်းနှီမြှပ်နှံမှု အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှုများကို ပြင်ဆင်မှုများပြုလုပ်ကာ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ရန်ကုန်မြို့ တိုးချဲ့တည်ဆောက်ရန် လိုအပ်လာမှုမှာ အနာဂတ်လူဦးရေမျှော်မှန်းချက်အရဖြစ်သည်ဟု ၎င်းကပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့၏ လူဦးရေသည် ၇ ဒသမ ၃၆ သန်း ရှိသောကြောင့် ၂၀၃၁ ခုနှစ် တွင် လူဦးရေသည် ၁၀ ဒသမ ၇၂ သန်းအထိ တိုးလာမည်ဟု မျှော်မှန်းထားကြောင်း ၎င်းကရှင်းလင်းပြောကြားသည်။

နောက်လာမည့် ၁၀ နှစ်တွင် လူဦးရေ ၁၀ သန်းအထက်ရှိလာမည့် Mega City မြို့ကြီးအဆင့်သို့ ရောက်ရှိလာမည်ဖြစ်သောကြောင့် Vertical နှင့် Horizontal expansion နှစ်ခုလုံး ပေါင်းစပ်၍ စီမံပြင်ဆင်ထားရမည်ဟု ဒေါ်နီလာကျော်က လွှတ်တော်သို့တင်ပြခဲ့သည်။

၎င်း၏ ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ကာ မေးမြန်းလိုသည်များကို ၎င်းထံ စာဖြင့် သို့မဟုတ် လူကိုယ်တိုင် တိုက်ရိုက် မေးမြန်းနိုင်ကြောင်း ဒေါ်နီလာကျော်က ပြောကြားခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်စန္ဒာမင်းက လွှတ်တော်တွင်း၌သာ မေးမြန်းခွင့်ရရှိရန် တောင်းဆိုခဲ့သည်။

စီမံကိန်းဆောင်ရွက်ရန် ယခင်အစိုးရလက်ထက်က စတင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံအသစ်၊ ပုံစံသစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လုပ်ငန်းပမာဏကြီးမားသဖြင့် လွှတ်တော်တွင် ပြန်လည် ဆွေးနွေးရန် လိုအပ်နေသေးသည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ကျွန်မတို့မှာ လွတ်တော်ပြင်ပတွင် မဟုတ်ပဲ၊ လွတ်တော်ထဲ၌ မေးမြန်းခွင့်ရှိကြောင်း၊ ဒါကြောင့်မိုလို့ ကျွန်မတို့ကို လွတ်တော်ထဲတွင် ဆွေးနွေးခွင့်ပေးပါ” ဟု ၎င်းက လွတ်တော် ဥက္ကဋ္ဌထံမှ တဆင့်မေးမြန်းခဲ့သည်။

၎င်း၏တောင်းဆိုမှုကို လွှတ်တော်ဥက္ကဋ္ဌက လက်ခံခဲ့သောကြောင့် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.