ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီက မြေပြင် လေ့လာဆန်းစစ်မှုများ ပြုလုပ်မည်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေပြင်လေ့လာဆန်းစစ်မှုများကို တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“မြို့သစ်စီမံကိန်းကို မြေပြင်အခြေအနေပေါ်မှာ မူတည်ပြီး လေ့လာဆန်းစစ်မှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလေ့လာဆန်းစစ်မှုကို မြန်မာဘက်ကနေပြီးတော့ New Yangon Development ကုမ္ပဏီကနေပြီးတော့ တာဝန်ယူပြီး C လေးလုံးကုမ္ပဏီနဲ့ မြေပြင်ကို လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပဏာမစာချုပ် လက်မှတ်ရေးထိုးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ် လက်မှတ်ရေးထိုးပွဲကို ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောတူစာချုပ်ကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် New Yangon Development Company ဥက္ကဋ္ဌ ဒေါ်နီလာကျော်၊ ဒုတိယဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် တရုတ်နိုင်ငံမှ China Communications Construction Co., Lted (CCCC) ဥက္ကဋ္ဌ Mr. Chen Fenjianနှင့် ဒုတိယဥက္ကဋ္ဌတို့က လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ လိုအပ်သလို တစ်ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် မျှော်မှန်းပါတယ်။ ဒါ့အပြင် အခြေခံ ပြည်သူလူထုတွေအတွက် အခွင့်အလမ်းပေါင်းများစွာကိုရမယ့် စီမံကိန်းတစ်ခုအဖြစ်နဲ့ မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် တရုတ် မြန်မာနှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကိုလည်း ဖော်ဆောင်နိုင်ပြီး ဒီစီမံကိန်းဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့် မြို့သစ်ကြီးတစ်ခုလုံးကို လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ဖို့ CCCC ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ပြီးခဲ့သည့် အစိုးရ သက်တမ်းကာလတွင်  စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းမှာပင် လွှတ်တော်၏ သဘောတူညီချက်ရရှိခဲ့သည်ဟုလည်း ၎င်းက အခမ်းအနားတွင် ပြောကြားသည်။

ထို့နောက် လွှတ်တော်၏ သဘောတူညီချက်နှင့်အညီ ထိုနေရာ၌ မြို့ပြစီမံကိန်းဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနဘက်မှ မြေလက်ရောက်ရယူနိုင်မှုနှင့် မြေမူလပိုင်ဆိုင်သူများကို လျော်ကြေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားသည်။

CCCC ဥက္ကဋ္ဌ Mr. Chen Fenjian က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့၏ ဂရုစိုက်မှု၊ လမ်းညွှန်မှုအောက်တွင် CCCC ကုမ္ပဏီက မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့အတွက် အရေးပါသည့် စီမံကိန်းတစ်ခုကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

CCCC သည် နိုင်ငံတကာ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၁၄၈ နိုင်ငံတွင် ရုံးခွဲပေါင်း ၂၃၇ ခု ဖွင့်လှစ်ထားကာ နိုင်ငံတကာအတွေ့အကြုံများစွာရှိသည်ဟုလည်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်ရန်အတွက် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက် (NYDC) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မတ် ၃၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြစ်အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး စီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်သည်ဟု ဆိုသည်။

NYDC ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆောင်ရွက်မည်ဖြစ်ကာ ဒုတိယဥက္ကဋ္ဌအဖြစ် အမှုဆောင်အရာရှိချုပ်အဖြစ် ဦးသိန်းဝေ (ခေါ်) Serge Pun က ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr George Yeo က လွတ်လပ်သည့် ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်သည်။

မြို့သစ်တည်ဆောက်ရေး လုပ်ငန်းပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံလုပ်ငန်းအတွက် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.