ရန်ကုန်မြို့ရဲ့ အသက်သွေးကြော

ရန်ကုန်မြို့နေ ပြည်သူအများစုအတွက် အသက်သွေးကြောသဖွယ် အရေးပါသည့် ရေပိုက်လိုင်းကြီးတစ်လျောက် အများပြည်သူအပန်းဖြေနိုင်မည့် နေရာများဖန်တီးမည့်အစီအစဉ်များကို ရည်မှန်းချက်ကြီးစွာဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေသည်။

Eva Hirschi ရေးသားသည်။ 

ဓာတ်ပုံများ- MATIAS BERCOVICH

ရန်ကင်းမြို့နယ်ရှိ သစ်တောတစ်ခုနှင့် တူသည့်နေရာမှ ဖြတ်သန်းသွားသော သံမဏိရေပိုက်လိုင်းကြီး နံဘေးတွင် သစ်ပင်များ၊ ခြုံပုတ်များ၊ မြက်ပင်များ စိမ်းလန်းစွာ ပေါက်ရောက်နေသည်။ 

ထိုရေပိုက်လိုင်းနှင့် မလှမ်းမကမ်း မီတာအနည်းငယ်အကွာတွင် လူအများနှင့် စည်ကားနေပြီး ဈေးဆိုင်များ၊ နေအိမ်များ စီတန်းနေသည့် လမ်းတစ်လမ်း ရှိနေသည်။ မတူညီသည့်ကမ္ဘာနှစ်ခုကို ပိုက်လိုင်းက ပိုင်းခြားထားသကဲ့သို့ပင် ဖြစ်သည်။

ပိုက်လိုင်းကြီးအနီးတွင် နေထိုင်ကြသူများ၏ နေ့စဉ်ဘဝတွင် ပိုက်လိုင်းကြီးက အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။ အချို့က ပိုက်လိုင်းကို လူသွားလမ်းအဖြစ် အသုံးပြုနေကြသည်။ အချို့က ပိုက်လိုင်းအနီးတွင် လာရောက် အနားယူနေကြသည်။ ကလေးများက ပိုက်လုံးပေါ်တွင် လမ်းလျောက်ကျင့်ကြသလို ကျောင်းသွားရာတွင် လမ်းအဖြစ် ပိုက်လုံးကို အသုံးပြုကြသည်။ စုံတွဲများက ပိုက်လိုင်းဘေးတွင် ချိန်းတွေ့ကြသလို အလုပ်သမားများက နေ့လည်စာစားချိန်တွင် လာရောက်ကြလေ့ရှိသည်။ 

typeof=

ပိုက်လိုင်းက ရန်ကုန်မြို့လယ်အနီးသို့ ရောက်ရှိလာချိန်တွင် မြင်ကွင်းက ပိုမိုစည်ကားလာသည်။ တနင်္ဂနွေကဲ့သို့ ရက်များတွင် ထိုပိုက်လိုင်းသည် လူသွားစင်ြင်္ကန်ကြီးတစ်ခုအလားပင် ဖြစ်လာသည်။ လုံးပတ် ၁ ဒသမ ၆ မီတာ ရှိသော ထိုပိုက်လိုင်းကို လမ်းတစ်ခုအဖြစ် လူအများက အသုံးပြုနေသောကြောင့် ဖြစ်သည်။ 

မြန်မာပလာဇာအနီး၊ ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းမပေါ်ရှိ ပိုက်လိုင်းကြီးဘေးတွင် ဘီယာဆိုင်တစ်ခုကို ကိုရဲက ဖွင့်လှစ်ထားသည်။

ထိုဘီယာဆိုင်ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ချိန်က ရွှေနန်းစံဘီယာဆိုင်ဟု အမည်ပေးခဲ့သော်လည်း လာရောက်သောက်သုံးသူများက ပိုက်လုံးကြီးဘီယာဆိုင်ဟုသာ ခေါ်ကြလေသည်။ ပိုက်လုံးကြီးအနီးတွင် ရှိနေသောကြောင့်ဖြစ်သည်။ ကိုရဲက ထိုဘီယာဆိုင်ကို လွန်ခဲ့သည့်ခြောက်နှစ်ခန့်က ဝယ်ယူလိုက်ချိန်တွင် ဖောက်သည်များအကြိုက် ပိုက်လုံးကြီးဘီယာဆိုင်ဟု ပြောင်းလဲ အမည်ပေးခဲ့သည်။ 

typeof=

ဘီယာဆိုင်က ထိုသံမဏိပိုက်လုံးကြီးဘေးတွင်ရှိနေခြင်းက ကိုရဲအတွက်မူ စိတ်အနှောက်အယှက်ဖြစ်စရာ မဟုတ်ခဲ့ပေ။ “ဒီလိုသမိုင်းဝင်အရာတစ်ခုဘေးမှာ ကျွန်တော့ဆိုင်ရှိနေတဲ့အတွက် ကျွန်တော့အတွက် ဂုဏ်ယူစရာပါ” ဟု ကိုရဲကပြောသည်။

၁၉၄၀ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ထိုပိုက်လိုင်းသည် ဂျိုးဖြူရေလှောင်ကန်မှ သောက်သုံးရေများအား ရန်ကုန်မြို့အတွက် ဖြန့်ဝေပေးလျှက်ရှိသည်။ 

ကိုရဲကလည်း ထိုပိုက်လိုင်းကို နေ့စဉ် အသုံးပြုနေသည်။ 

“ကျွန်တော်က ဈေးသွားရင် ပိုက်လိုင်းတလျှောက် လမ်းလျှောက်သွားတယ်။ ဒါက ၁၀ မိနစ်ပဲကြာတဲ့ ဖြတ်လမ်းပဲလေ” ဟု သူက ဆိုသည်။ “ဆိုင်ကိုလာတဲ့ ဖောက်သည်တွေ ပိုက်လိုင်းနံဘေးက သစ်ပင်တွေအောက်မှာ ဘီယာသောက်လို့ရအောင် ဆိုင်ကို ချဲ့ချင်တယ်” ဟုလည်း သူကပြောသည်။ ထိုသို့သော စိတ်ကူးရှိနေသူမှာ သူတစ်ဦးတည်း မဟုတ်ပေ။ 

ရန်ကုန်အခြေစိုက် ဗိသုကာနှင့် ဒီဇိုင်းကုမ္ပဏီဖြစ်သည့် Blue Temple ကို ပူးတွဲတည်ထောင်သူ Mr Raphael Monnier ကိုလည်း ထိုပိုက်လိုင်းက ဆွဲဆောင်ထားသည်။ ပြင်သစ်လူမျိုးတစ်ဦးဖြစ်သည့် Monnier သည် ပိုက်လိုင်းအနီးတွင် နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ပိုက်လိုင်းအနီးတဝိုက်ရှိ လူများ၏ နေ့စဉ်ဘဝအတွက် ပိုက်လုံးကြီးက အရေးပါလှသည်ကို သူက သိရှိထားသည်။ 

typeof=

ထိုအနီးတဝိုက်တွင် နေထိုင်သူများအား မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် သူက စကားစမြည်ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် အားလပ်ချိန်အား မည်သို့ကုန်ဆုံးစေလိုသည်ကို သူက မေးမြန်းခဲ့သည်။ ရရှိခဲ့သည့်အဖြေများတွင် ပိုက်လိုင်းနံဘေးတွင် သူငယ်ချင်းများနှင့်အတူ ဂီတာတီး သီချင်းဆိုလိုသူများ၊ ရှုခင်းကောင်းသော သဘာဝတစ်ခုနေရာတွင် ကတ်ထူပြားဂိမ်း ကစားလိုသူများနှင့် စကားစမြည် ပြောကြားလိုသူများ ပါဝင်သည်။ ထိုကဲ့သို့သော အရာများမှာ ခေတ်မီ ရှော့ပင်စင်တာများတွင် မရရှိနိုင်ပေ။

“ရန်ကုန်မှာ စိမ်းလန်းစိုပြေပြီး အများပြည်သူအပန်းဖြေနိုင်တဲ့ ပန်းခြံတွေ သိပ်မရှိဘူး” ဟု Monnier က ပြောသည်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်ကို စစ်တမ်းများ ကောက်ယူပြီးနောက် ထိုပိုက်လိုင်းတလျှောက်ကို စိမ်းလန်းသောပန်းခြံအဖြစ် ပြောင်းလဲရန် စိတ်ကူးတစ်ခု သူ့တွင် ပေါ်ပေါက်လာခဲ့သည်။ 

တရုတ်ပြည်တွင် မွေးဖွားကြီးပြင်းခဲ့သော Monnier က ထိုစီမံကိန်း အကောင်အထည် ပေါ်လာစေရန် ကျွမ်းကျင်ပညာရှင် အများအပြားဖြင့် လုပ်ဆောင်နေသည်။ ၎င်းတို့မှာ Blue Temple ကို ပူးတွဲတည်ထောင်သူနှင့် ဝါးပရိဘောဂများကို အထူးပြု ဒီဇိုင်းထုတ်လုပ်သော မြန်မာနှင့် ထိုင်ဝမ်ကပြား အိမ်တွင်းဒီဇိုင်းပညာရှင် Mr Calvin Wang ဖြစ်သည်။ ထို့ပြင် ပြင်သစ်လူမျိုး ဒီဇိုင်နာ Ms Mathilde Petit Velasco နှင့် စပိန်လူမျိုး ဓါတ်ပုံပညာရှင် Mr Matias Bercovich တို့လည်း ပါဝင်သည်။ အကျိုးအမြတ် မယူသော ထိုစီမံကိန်းအတွက် ၎င်းတို့က ၎င်းတို့၏ အချိန်ကို လုပ်အားပေးနေကြခြင်း ဖြစ်သည်။ 

ပိုက်လိုင်းကြီတစ်လျောက် အသွင်သဏ္ဍန်ပြောင်းလဲရေးအတွက် စီမံကိန်းမှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မှ နာမည်ကြီး High Line နှင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မှ La Coulee Verte တို့ကို ပုံတူကူးချခြင်း မဟုတ်ဘဲ ရန်ကုန်မြို့၌ အများပြည်သူအတွက် စိမ်းလမ်းစိုပြေသည့် ပန်းခြံများလိုအပ်နေမှုကို ဖြေရှင်းခြင်းသာဖြစ်သည်။ နယူးယောက်နှင့် ပဲရစ်တို့တွင်မူ အသုံးမပြုတော့သည့် ရထားလမ်းများ၌ တည်ဆောက်ထားခြင်းဖြစ်သည်။

typeof=

ထိုရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် ထိုအဖွဲ့သည် ရန်ကုန် နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် STI Myanmar တက္ကသိုလ်တို့မှ ဗိသုကာ ကျောင်းသားများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့သည်။ ပိုက်လိုင်းတလျှောက်တွင် အရိပ်ရသောနေရာများ ဖန်တီးပေးရန်၊ သို့မဟုတ် ကလေးများ ကစားနိုင်သောနေရာများ ဖန်တီးပေးရန်အတွက် ဒီဇိုင်းများကို ထိုအလုပ်ရုံ ဆွေးနွေးပွဲများမှတစ်ဆင့် ရေးဆွဲခဲ့ပြီးဖြစ်သည်။ 

“ရည်ရွယ်ချက်ကတော့ ပိုက်လိုင်းကို လူတွေ ပိုပြီး လာရောက်နိုင်ပြီးတော့ နေထိုင်ရလို့ ပိုကောင်းလာအောင် ဖြစ်ပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အရည်အသွေးမြင့်တက်လာအောင်ပါ” ဟု Petit Velasco က ပြောကြားသည်။ ထိုသို့ဆောင်ရွက်ရာ ရိုးရှင်းပြီး အသုံးလည်းဝင်ကာ အကုန်အကျသက်သာစေရန် ဝါးများဖြင့် အသုံးပြု ဖန်တီးရန် ရည်ရွယ်ထားသည်။ ထိုသို့ ဝါးများအသုံးပြု ဆင်ယင်ခြင်းကို မြန်မာကုမ္ပဏီများက ဆောင်ရွက်မည်ဖြစ်သည်။ ပြောင်လက်နေသည့် ရှော့ပင်းမောများနှင့် အသွင်အပြင်အားဖြင့် ဆန့်ကျင်နေသည်။ “ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုကို နည်းလမ်းအသစ်နဲ့ မြင်ရမှာပါ” ဟု Monnier က ပြောသည်။

ပိုက်လိုင်းတစ်လျောက် ဝါးများဖြင့် ထပ်မံဆင်ယင်မှုများအတွက် ပါဝင်ရန် လူတိုင်းအား ဖိတ်ခေါ်ထားသည်ဟု အဖွဲ့က ပြောသည်။

typeof=

ထိုစီမံကိန်းတွင် ဟောင်ကောင် အခြေစိုက် ဗိသုကာ ကုမ္ပဏီနှစ်ခုနှင့် ရန်ကုန်မှ NGOs တစ်ချို့က လာရောက် ပူးပေါင်း လုပ်ဆောင်နေကြသည်။ အားလုံးက လုပ်အားပေးသဘောဖြင့် ပါဝင်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ 

“ပြည်တွင်းက ကုမ္ပဏီတွေကလည်း လာရောက်ပူးပေါင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု Monnier ကပြောသည်။ 

စီမံကိန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ ခွင့်ပြုချက်ကို ၎င်းတို့ လိုအပ်မည် ဖြစ်သည်။ YCDC နှင့် ကနဦး ဆွေးနွေးမှုတွင် စိတ်ဝင်စားမှုရှိကြောင်း တာဝန်ရှိသူများက ဖော်ပြခဲ့သည်ဟု အဖွဲ့က ဆိုသည်။ 

“ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးနေရာတေါကို ဆွဲဆောင်မှုရှိတဲ့နေရာအဖြစ် ပြောင်းလဲပေးမယ့် ဒီစီမံကိန်းကို သူတို့ ထောက်ခံမယ်လို့ ယုံကြည်ပါတယ်” ဟု Petit Velasco က ပြောသည်။ 

typeof=

ပိုက်လိုင်းအနီးတွင် နေထိုက်ကြသော ပြည်သူများအတွက် ရည်ရွယ်သည့် ဓာတ်ပုံပြပွဲတစ်ခုကိုလည်း ၎င်းတို့အဖွဲ့က စီစဉ်ထားကြသည်။ ထိုအစီအစဉ်အတွက် ကင်မရာ ၂၄ လုံးကို ပြည်သူများထံ ဖြန့်ဝေထားပြီး ပိုက်လိုင်းကြီးအား စီမံကိန်းမတိုင်မီနှင့် စီမံကိန်းအပြီး ရိုက်ယူထားသည့် ဓါတ်ပုံများကို ယှဉ်တွဲပြသမည့် ပြပွဲကို ဓါတ်ပုံပညာရှင် Matias Bercovich က ဆောင်ရွက်ပေးမည် ဖြစ်သည်။ 

“သူတို့ရဲ့မျက်စိထဲမှာ ပိုက်လိုင်းကို ဘယ်လိုမြင်ကြသလဲဆိုတာကို သူတို့ကို ကျွန်တော်တို့ ပြသချင်တယ်” ဟု Bercovich က ဆိုသည်။ 

ထိုပိုက်လိုင်းအနီးတွင် လွန်ခဲ့သော အနှစ် ၅၀ ကတည်းက ဖွင့်လှစ်ထားသည့် ဆံသဆိုင်တစ်ဆိုင်ရှိသည်။ အသက် ၇၂ နှစ်အရွယ် ထိုဆိုင်ပိုင်ရှင်က “ကျွန်တော်က ပိုက်လိုင်းပေါ်က မသွားပါဘူး။ ဒါပေမဲ့ တခြားလူတွေက လူသွားလမ်း ဖြတ်လမ်းအဖြစ် အသုံးပြုနေကြတာ တွေ့ရလို့ ဝမ်းသာပါတယ်” ဟု ပြောသည်။ 

အမြင့် နှစ်မီတာရှိသည့် ပိုက်လိုင်းကြောင့် တစ်ဖက်တစ်ချက်တွင် နေထိုင်သူများ တသီးတခြားစီဖြစ်နေသည်ဟု ထင်ပါသလားဟု  ကလေးနှင့်အတူ အိမ်ရှေ့တွင် ထိုင်နေသည့် အသက် ၃၃ နှစ်အရွယ် မိခင်တစ်ဦးကို မေးမြန်းကြည့်သည့်အခါ မဖြစ်နိုင်ပါဟု ပြန်ဖြေလေသည်။ 

“မဖြစ်ပါဘူး။ လုံးဝမဖြစ်ဘူး” ဟု သူက Frontier ကို ပြောကြားသည်။

“သီးခြားမဖြစ်ပါဘူး။ ပိုက်လိုင်း ဟိုဘက်နဲ့ ဒီဘက်မှာ နေတဲ့သူတွေအကုန်လုံးက အိမ်နီးချင်းတွေပါပဲ။ ပိုက်လိုင်းက သူတို့ကို ချိတ်ဆက်ပေးထားတယ်။ ဟိုဘက်ဒီဘက်ကူးဖို့ ပိုက်လုံးကိုကျော်ပြီး လှေခါးတပ်ထားတယ်”ဟု သူကပြောသည်။

typeof=

ပိုက်လိုင်းတစ်လျောက်တွင် ပိုက်လိုင်းအား ကျော်ဖြတ်ရန်အတွက် လှေခါးများကို YCDC နှင့် ဒေသခံများ ပူးပေါင်း ငွေကြေးထည့်ဝင်ကာ တည်ဆောက်ထားကြသည်။

စိမ်းလန်းစိုပြည်သော ပန်းခြံစီမံကိန်း အကောင်အထည် ပေါ်လာစေရန်အတွက်မူ ရန်ပုံငွေ လိုအပ်ဦးမည် ဖြစ်သည်။ 

Monnier ၏ ကွန်ယက်ဖြန့်ကျက် ရှာဖွေနိုင်စွမ်းနှင့် အလားအလာရှိသော ရန်ပုံငွေထောက်ပံ့မည့်သူများ ရှာဖွေနိုင်သောကြောင့် ရန်ပုံငွေတစ်ချို့ စတင်ရရှိနေပြီလည်း ဖြစ်သည်။ 

ဟောင်ကောင်မှ မတည်ရံပုံငွေပေးသည့် အဖွဲ့အစည်းဖြစ်သော Design Trust က ပိုက်လိုင်းတလျောက် နေရာငါးခုတွင် အစဦး လုပ်ဆောင်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆,၃၀၀ ကို ထည့်ဝင်ထားသည်။ 

“ကနဦး အစီအစဉ်က အောင်မြင်သွားရင် နောက်ထပ် ရန်ပုံငွေတွေ ထပ်ရဖို့ တောင်းခံသွားမှာပါ။ ကျွန်တော်တို့က ပိုက်လိုင်းနေရာတစ်ခုလုံးကို အဆင့်မြှင့်တင်ချင်တာပါ” ဟု Monnier က ဆိုသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar