ရန်ကုန်မြို့ပြအမွေအနှစ်များ ပြန်လည်သက်ဝင်လာစေရန် YHT က အီတလီနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့ပြ အမွေအနှစ်များ ပြန်လည်မြှင့်တင်သက်ဝင်စေရန်စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အီတလီနိုင်ငံအစိုးရနှင့် အီတလီနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (AICSY) တို့က ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါစီမံချက်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား သက်ဆိုင်ရာ နည်းပညာအထောက်အကူပြုရန် ရည်ရွယ်ပြီး တင်ဒါခေါ်ယူခဲ့ရာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) က အနိုင်ရခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ဟာ ရန်ကုန်ကို နေချင့်စဖွယ် မြို့တစ်မြို့ဖြစ်လာအောင် ရည်ရွယ်တဲ့ ယခုကဲ့သို့ စီမံချက်မှာ အကြံဉာဏ်ပေးဖို့ အသင့်လျော်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် စီမံချက်အား အသိပေးသည့် အခမ်းအနားတွင် ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ အမွေအနှစ်တွေ ပြန်လည်မြှင့်တင်သက်ဝင်လာစေဖို့နဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ နည်းပညာအထောက်အကူပြုဖို့ ရည်ရွယ်ပြီး ယခုစီမံကိန်းကို AICSY ရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းမှာ တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ ဧပြီ ၆ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား အီတလီနိုင်ငံခြားရေးဝန်ကြီးက လာရောက် တွေ့ဆုံစဉ် သမိုင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စနှင့်ပတ်သက်ပြီး အကူအညီပေးရန် ဆွေးနွေးခဲ့အပြင် ၂၀၁၇ ခုနှစ်၊ မေလတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဥရောပခရီးစဉ်အတွင်း အီတလီနိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း အဆိုပါကိစ္စအား ထပ်မံဆွေးနွေးခဲ့သည်ဟုဆိုသည်။ အဆိုပါဆွေးနွေးမှုများနှင့် ပတ်သက်ပြီး အီတလီသံအမတ်ကြီးနှင့် ဦးဖြိုးမင်းသိန်းတို့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံကာ ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ထိုကဲ့သို့ ဆွေးနွေးမှုများကို အကောင်အထည်ဖော်ရန် AICSY က စီမံကိန်းကို စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ စီမံကိန်းတွင် အမွေအနှစ်များ ပြန်လည်မြှင့်တင်သက်ဝင်စေရေးဆိုင်ရာ နည်းပညာအကူအညီ ခြောက်ရပ်ကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က လေ့လာပြုစုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်သည်။

“အီတလီနိုင်ငံအစိုးရက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတဲ့ အလုပ်တွေအတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယခုလို ရန်ကုန်မြို့ရဲ့ အရေးကြီးတဲ့အချိန်တွေမှာ အီတလီအစိုးရဲ့ အထောက်အပံ့က လှပတဲ့ ကျွန်တော်တို့မြို့တော်ကို ထိန်းသိမ်းရာရောက်ပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ မြို့တစ်မြို့ ဖြစ်လာစေတော့မှာပါ” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar